ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်း နှင့် ပြည်တွင်း၌ SKD (Semi Knocked Down) စနစ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်ခြင်းများကို အကောက်ခွန်နှုန်းထားများ လျှော့ချပေးထားသော်လည်း မူဝါဒ အပြောင်းအလဲများကြောင့် တပတ်ရစ်ကားဈေးကွက်တွင် အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဝင်ငွေများဖြင့် အခြေပြပစ္စည်းဝယ်ယူမှုကို အခွန်နှုန်းထား ၃၀ ရာခိုင်နှုန်း ပြန်လည် သတ်မှတ်ရန် ရှိနေခြင်း၊ ဝန်ထမ်းကားပါမစ်များ ချထားပေးမည့် ကိစ္စ နှင့် ကညန အခွန်နှုန်းထားများကို လျှော့ချမည့် မူဝါဒ အပြောင်းအလဲ သတင်းများကြောင့် ပြည်တွင်းကားဈေးကွက်အတွင်း အရောင်းအဝယ်များသည် ရပ်တန့်သည့်နီးပါး ဖြစ်နေကြောင်း ကားဝယ်ရောင်းသမားများက ပြောဆိုကြသည်။
“ ကားဈေးနှုန်းက ကျသွားမယ်။ အများပြည်သူဘက်မှာကျတော့ ဈေးသက်သက်သာသာ ဝယ်စီးနိုင်မယ်ပေါ့။ စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကျတော့ အရင်က အခွန်အမြင့်နဲ့ သွင်းထားရတာ ဆိုတော့ ဈေးထိုးကျနိုင်တဲ့အတွက် အထိအခိုက် နည်းအောင် နည်းနည်းသတိထားပြီး လုပ်ရမှာပေါ့။” ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးရန်မျိုးအောင်က ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ ၁ ရက်နေ့မှ စတင်အသက်ဝင်သော အခွန်လျှော့ချလိုက်သည့် နှုန်းထားများအရ ပြည်ပမှ တင်သွင်းသော လူစီး မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂၀၀၀ စီစီ နှင့် အောက်ကို အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ စီစီ နှင့် အထက်ကို ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သို့ လျှော့ချသတ်မှတ်ထားသည်။
ပြည်တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်သည့် မော်တော်ယာဉ်များကိုလည်း အင်ဂျင်ပါဝါ ၂၀၀၀ စီစီ နှင့် အောက် မော်တော် ယာဉ်များကို ယခင်ကောက်ခံသည့် အကောက်ခွန် ၁၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ပြီး ၂၀၀၁ စီစီ နှင့် အထက် မော်တော်ယာဉ်များကိုမူ ၂၀ ရာခ်ိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးထားသည်။
ကားတင်သွင်းမှု အတွက် အကောက်အခွန်နှုန်းထားလျှော့ချပေးထားသော်လည်း ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ဝင်ငွေများ အပေါ် ယခင်အခွန်နှုန်းထားအတိုင်း ၃၀ ရာခိုင်နှုန်းသို့ အခွန် ပြန်လည်တိုးမြှင့်လိုက်ပါက ကားဈေးကွက်အတွက် အကျိုး သက်ရောက်မှု ရှိမည်မဟုတ်ကြောင်းလည်း ဦးရန်မျိုးအောင်က ရှင်းပြသည်။
ဆက်လက်ပြီး ၎င်းက “ သူက ဒီဘက်မှာက ၁၀ ရာခိုင်နှုန်းလျှော့ပေးထားပြီး ဟိုဘက်က ၃ ရာခိုင်နှုန်းကို ၃၀ ရာခိုင်နှုန်း ပြန်တိုးလိုက်မယ်ဆိုရင် အခွန်က ၂၇ ရာခိုင်နှုန်း တက်သွားသလိုဖြစ်နေမှာ ” ဟု သုံးသပ်သည်။
လက်ရှိအကောက်အခွန်နှုန်းထားများ လျှော့ချပေးလိုက်ခြင်းကြောင့် ကျပ် သိန်း ၃၀၀ ဝန်းကျင်ရှိ မော်တော်ယာဉ်များ၏ ဈေးနှုန်းသည် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ဝန်းကျင်ကြား ဈေးသက်သာသွားနိုင်ပြီး ဝင်ငွေခွန်နှုန်းထားကို ၃၀ ရာခိုင်နှုန်းအဖြစ် ပြန် လည် သတ်မှတ်လိုက်ပါက ကျပ်သိန်း ၂၀၀ ဝန်းကျင် မော်တော်ယာဉ်များအတွက် လတ်တလော အခွန်ပေးဆောင် နေရသော ကျပ် ၆ သိန်းကျော်မှ ကျပ် သိန်း ၆၀ ကျော်အထိ အခွန်ပေးဆောင်ရတော့ မည်ဖြစ်သည်။
လတ်တလောတွင် ဝင်ငွေခွန်နှုန်းထားကို လာမည့် သီတင်းပတ် ၂ ပတ်အတွင်း၌ ပြန်လည်သတ်မှတ်နိုင်ချေရှိခြင်းနှင့် ဝန်ထမ်းများကို ကားတင်သွင်းခွင့် ပါမစ် ထုတ်ပေးမည့် ကိစ္စများကိုလည်း မကြာခင် ထုတ်ပြန်လာနိုင်ခြင်းတို့ကြောင့် ကား အရောင်းအဝယ် လုပ်ဆောင်သူများသည် ထိုမူဝါဒ အပြောင်းအလဲများကို စောင့်ဆိုင်းနေပြီး အရောင်းအဝယ် လုပ်ဆောင်မှု များကို ရပ်တန့်ထားလျက်ရှိကြသည်။
အကောက်ခွန်လျှော့ချ ပေးလိုက်ခြင်းကြောင့် အမေရိကားနှင့် ဒူဘိုင်းနိုင်ငံမှ တဆင့် တင်သွင်းနေသော တပတ်ရစ်ကား ဈေးကွက်တွင်သာ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပြီး အာဆီယံနိုင်ငံများတွင် ထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ ကားတင်သွင်း ရောင်းချနေသော ကားအရောင်းစင်တာ(Brand New) များအပေါ်ကို သက်ရောက်မှု မရှိကြောင်း ကားအရောင်းအဝယ် လုပ်ငန်းရှင် ဦးမျိုးဇင်ဝင်းက ဧရာဝတီသို့ ပြောသည်။
“တနိုင်တပိုင် ကားသွင်းနေတဲ့သူတွေ အပေါ်မှာတော့ အခွန်က အရင်ထက်က ၁၀ ရာခိုင်နှုန်းလျော့သွားမှာပေါ့။ အများ ပြည်သူအတွက်က အခုလို အကောက်ခွန်လည်းလျှော့၊ ဝင်ငွေခွန်နှုန်းထားလည်း လျော့ပေးထားတဲ့ အချိန်ကတော့ ကားဝယ်အသင့်ဆုံးအချိန်ပေါ့” ဟု ၎င်းက ပြောသည်။
အကောက်ခွန်နှုန်းထားများ လျှော့ချပေးထားသော်လည်း ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဝင်ငွေများအပေါ် စည်းကြပ်သည့် နှုန်းထားကို ယခင်အတိုင်း ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်သတ်မှတ်လိုက်ပါက ကားဈေးကွက်သည် ရပ်ဆိုင်းသွားမည့် အခြေအနေ အထိ ဖြစ်သွားနိုင်ကြောင်းလည်း ဦးမျိုးဇင်ဝင်းက ဆိုသည်။
၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်နှုန်းထားဖြေလျှော့မှု ပြုလုပ်ပေးလိုက်သည့် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစပိုင်း တွင် ပြည်တွင်းမော်တော်ယာဉ်အရောင်းအဝယ်များသည် အနည်းငယ် ပြန်လည် ကောင်းမွန်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်ပွားမှုကြောင့် ဧပြီလမှ ဇွန်လ အတွင်း အရောင်းအဝယ်များ သိသိ သာသာ ကျဆင်းသွားခဲ့ရသည်။
ထိုသို့ အရောင်းအဝယ်ကျဆင်းနေခြင်းကြောင့် ဝင်ငွေခွန်နှုန်းထားဖြေလျှော့မှုကို သက်တမ်းထပ်တိုးပေးရန် လုပ်ငန်းရှင် များက မျှော်လင့်လျက်ရှိနေကြသည်။
You may also like these stories:
Double Cab ယာဉ်များကို လုပ်ငန်းသုံးယာဉ် ပြောင်းလဲ သတ်မှတ်မည်
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ကားဈေးကွက် ပိုကျယ်ပြန့်လာနိုင်ဟု ဆို