ဆယ်စုနှစ်များအတွင်း သူတို့၏ အဆိုးရွားဆုံး စီးပွားရေး စွမ်းဆောင်မှုများ မှတ်တမ်းဝင်ခဲ့ပြီးနောက် အရှေ့တောင်အာရှနိုင်ငံများက၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်အတွင်း ပုံမှန်ထက်ပိုသော အခြေအနေတခုကို ပြန်လည်ရရှိရန် ကြိုးပမ်းနေ ကြသည်။
အချို့ နိုင်ငံများတွင် COVID-19 ကူးစက်မှု အရေအတွက်များက သတိပေးချက် အနေဖြင့် ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ယခုအခါ သူတို့က အစိုးရ၏ ဘဏ္ဍာရေးကို ကျယ်ဝန်းစေမည့် ကြီးမားသော လှုံ့ ဆော်မှုများဖြင့် ဗိုင်းရပ်စ် ထိန်းချုပ်မှုကို စီးပွားရေး ပြန်လည်ရှင်သန်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အစပျိုးမှုများနှင့် ဟန်ချက်ညီမျှအောင် ကြိုးစားနေကြသည်။
ကပ်ရောဂါမဖြစ်ပွားမီက အရှေ့တောင်အာရှသည် ကမာ္ဘပေါ်တွင် အလျင်မြန်ဆုံး တိုးတက်နေသော ဒေသများထဲမှတခု ဖြစ်သည်။ စီးပွားရေးက နှစ်စဉ် ၅ ရာခိုင်နှုန်းခန့် တိုးတက်နေသည်။ သို့သော်လည်း တင်းကျပ်သောပိတ်ဆို့မှုများနှင့် နယ်စပ်ပိတ်ပင်မှုများက ပုဂ္ဂလိကစားသုံးမှု၊ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို လျှင်မြန်စွာ ရပ်တန့်သွားစေခဲ့ပြီး စီးပွားရေးကို နက်ရှိုင်းစွာ ကျုံ့ဝင်သွားစေခဲ့သည်။
မလေးရှားနိုင်ငံ၏ GDP က ဒုတိယ ၃ လပတ် (ဧပြီ မှ ဇွန်လအထိ) တွင် ၁၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖိလစ်ပိုင်က ၁၆.၅ ရာခိုင်နှုန်း၊ စင်္ကာပူက ၁၃.၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ထိုင်းက ၁၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အင်ဒိုနီးရှားက ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် အဆိုးရွားဆုံး အနေဖြင့် ၅.၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဗီယက်နမ် နိုင်ငံကမူ ၀.၄ ရာခိုင်နှုန်း တိုးခဲ့သည်။
အဆိုပါ ကိန်းဂဏန်းများက အရှေ့တောင်အာရှနိုင်ငံများကို အခြား အဓိက စီးပွားရေးနိုင်ငံများကြား ရောက်သွားစေခဲ့သည်။ ၃.၂ ရာခိုင်နှုန်း တိုးတက်လာသော တရုတ်ထက် သူတို့က ပိုမို ဆိုးရွားသွားခဲ့သည်။ သူတို့သည် ၉.၅ ရာခိုင်နှုန်းနှင့် ၉.၉ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းသွားခဲ့သော အမေရိကန်နှင့် ဂျပန်၏ နောက်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ပြင်သစ်၏ ၁၉ ရာခိုင်နှုန်း နှင့် အင်္ဂလန်တွင် ၂၁.၇ ရာခိုင်နှုန်း ကျဆင်းခြင်းတို့နှင့် စာလျှင်မူ ပိုမိုကောင်းမွန် အောင် စွမ်းဆောင်နိုင်ခဲ့သည်။
သို့တိုင်လည်း အရှေ့တောင်အာရှအဖွဲ့၏ အကျပ်အတည်းများက ပို၍ ကြီးမားနိုင်ပါသည်။ နှစ်ပေါင်းများစွာအတွင်း ထိုနိုင်ငံများသည် ယခု ပြိုကွဲသွားပြီဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်း၏ အသီးအပွင့်များဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအပေါ် မှီခိုခဲ့ကြရသည်။ ကဏ္ဍအများအပြားတွင် သူတို့ အစိုးရများ၏ ဘဏ္ဍာရေးဆိုင်ရာ ကျန်းမာရေးက အားနည်းနေသည်။
တိုကျိုအခြေစိုက်အဖွဲ့ အစည်းတခုဖြစ် သည့် ASEAN-Japan Center မှစီစဉ်သော အွန်လိုင်း အခန်းအနားတခုတွင် အရှေ့ တောင်အာရှနိုင်ငံများ အဖွဲ့ ASEAN ၏ အထွေထွေအတွင်းရေးမှူး Lim Jock Hoi က
“အာဆီယံက အခြားသူတွေနဲ့ မတူတဲ့ အကျပ်အတည်းတခု အတွင်းမှာ ရောက်နေပါတယ်”
ဟု ပြောကြားခဲ့သည်။
လတ်တလောတွင် ဗိုင်းရပ်စ်ခြိမ်းခြောက်မှုက တနိုင်ငံနှင့် တနိုင်ငံ ကွဲပြားသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ကူးစက်မှုက တနေ့လျှင် ထောင်နှင့် ချီ၍ ဆက်လက် ရှိနေကြောင်း သိရသည်။ ဗီယက်နမ်သည် ကူးစက်ရောဂါ၏ အောင်မြင်မှု ဇာတ်လမ်းများထဲမှ တခု ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့်လကစ၍ ရုတ်တရက် ပေါ်ပေါက် လာသည့် ကူးစက်မှု လှိုင်းလုံးတခုနှင့် ရင်ဆိုင်နေခဲ့ရသည်။ ယခင်က တနေ့လျှင် ရောဂါဖြစ်ပွား မှု ၁၀၀ ကျော်ကို တိုက်ဖျက်နေခဲ့ရသည့် မလေးရှားနိုင်ငံက နေ့စဉ်ကူးစက်မှု အရေအတွက် ခု သို့မဟုတ် ဆယ် ဂဏန်း အနည်းငယ်ကိုသာ ဆက်လက် ရင်ဆိုင်ရတော့သည်။ “အဆိုးဆုံးက နောက်မှာကျန်ခဲ့ပါပြီ” ဟု မလေးရှား ဗဟိုဘဏ် ဥက္ကဋ္ဌ Nor Shamsiah Yunus က သြဂုတ်လ ၁၄ ရက် နေ့တွင် ပြောကြားခဲ့သည်။
ကူးစက်ရောဂါနှင့် ပတ်သက်၍ နားလည်သိရှိမှု မည်သည့်အဆင့်တွင် ရောက်ရှိနေသည် ဖြစ်စေ အာဆီယံနိုင်ငံများက အနည်းဆုံးအနေဖြင့် သူတို့၏ စီးပွားရေးလှုပ်ရှားမှုအချို့ကို ပြန် စတင်နိုင်ရန် တွန်းအားပေးနေကြသည်။ သြဂုတ်လ ၁၉ ရက်နေ့က မနီလာနှင့်အနီး ပတ်ဝန်းကျင်ပြည်နယ်များတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့သော ဖိလစ်ပိုင် အပါအဝင် အများစုက တားမြစ် ပိတ်ဆို့မှုများကို လျှော့ချပေးခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်သလောက် ရှိနေပုံရသော ထိုင်းနိုင်ငံက ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်နေသည်။
နယ်စပ်များလည်း တဖြည်းဖြည်း ပြန်ဖွင့်လာသည်။ စင်ကာပူနှင့် မလေးရှားတို့က သူတို့၏ အပြန်အလှန်မှီခိုနေသည့် စီးပွားရေးများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အလုပ်သမားများနှင့် မရှိမဖြစ်လိုအပ်သော စီးပွားရေးလုပ်ငန်းများအတွက် အပြန်အလှန် နယ်စပ်ဖြတ်ကျော်နိုင်သည့် အစီအစဉ်များကို သြဂုတ်လ ၁၇ ရက်နေ့တွင် စတင်ခဲ့သည်။ စင်ကာပူနှင့် တရုတ် သို့မဟုတ် အင်ဒိုနီးရှားနှင့် တောင်ကိုးရီးယား ကဲ့သို့သော အဓိကမိတ်ဖက်များကြားတွင် စီးပွါးရေးအရ ခရီးသွားလာခွင့် အတွက် ကန့်သတ်ချက်များဖြင့် ခွင့်ပြုထားသော “လမ်းကြောင်းများ” တည်ထောင်ခဲ့ကြသည်။
ဒေသတွင်းတွင် ရှိသော ခံစားချက်မှာ တစုံတခု ပေးရမည် ဆိုသည်ပင်ဖြစ်သည်။ အာဆီယံနိုင်ငံများက COVID-19 ကို ရပ်တန့်ရန် ပိတ်ဆို့မှုများနှင့် အခြား အားထုတ်မှုများကို ဦးစားပေးရင်း ၎င်းတို့၏ စီးပွားရေးများကို GDP ၏ ၂၀ ရာခိုင်နှုန်း အထိ တန်ဖိုးရှိသော လှုံ့ဆော်မှုအစီအစဉ်များဖြင့် ဆက်လက်ထိန်းထားရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ထိုကဲ့သို့ ကြီးမားသော ပြည်သူ့အသုံးစရိတ်များကို ကြာရှည် အားကိုးနိုင်လိမ့်မည် မဟုတ်ပါ။ အဆင့်သတ်မှတ် ပေးသည့် အဓိက အေဂျင်စီများက ကူးစက်ရောဂါ စတင်ကတည်းက အချို့သော အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးအလားအလာကို အဆင့်လျှော့ချခဲ့ပြီးဖြစ်သည်။
“အာဆီယံနိုင်ငံတွေမှာ အမှန်တကယ် အားကောင်းတဲ့ မက်ခရို လှုံ့ဆော်မှု တခု၊ အားကောင်းတဲ့ မက်ခရို သုံးစွဲမှုတခု ရှိနေခဲ့ပါတယ်။ ဒါကြောင့် အဲဒီ မက်ခရို အခြေခံတွေ အချိန်မရွေး မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ တကယ်ကို သတိထားရပါမယ်”
ဟု ဂျပန်နိုင်ငံ Keio တက္ကသိုလ်မှ ပါမောက္ခတဦး ဖြစ်သည့် Fukunari Kimura က သတိပေးခဲ့သည်။ သူက ဂျကာတာ အခြေစိုက် Economic Research Institute for ASEAN and East Asia မှ စီးပွားရေး ပညာရှင် အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။
ရေရှည်တွင် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးမိတ်ဖက်ပြုခြင်းက အရေးကြီးလာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ အာရုံစိုက်စရာတခုမှာ အာဆီယံ ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများတွင် အကျုံးဝင်မည့် အဆိုပြုထားသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် တခုဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် RCEP ဖြစ်သည်။
“RCEP ကို အခုနှစ် မကုန်မီ လက်မှတ်ရေးထိုးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါက စောစီးစွာ အသက်ဝင်လာဖို့လည်း မျှော်လင့်ပါတယ်။ အဲဒါက စီးပွားရေး ပြန်လည် နာလံထနိုင်ရေး များစွာ လိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူ တွေရဲ့ ယုံကြည်မှုအတွက် အခွင့်အလမ်း ဖြစ်လာပါလိမ့်မယ်” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူး Lim Jock Hoi က ပြောသည်။ သို့သော်လည်း အဓိက ကစားသမား တဦးဖြစ်သည့် အိန္ဒိယနိုင်ငံ ပါဝင်လာရေးမှာမူ အိန္ဒိယအစိုးရက ၎င်း၏ ကိုယ်ပိုင်လယ်ယာကဏ္ဍနှင့် ယှဉ်ပြိုင်မည့် နိုင်ငံခြားစိုက်ပျိုးရေးထွက်ကုန်များကို တံခါးဖွင့်ပေးရန် တွန့်ဆုတ်နေသောကြောင့် သံသယဖြစ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်။
ထိုအချိန်တွင် ထိုင်းနိုင်ငံက အမေရိကန်မပါဝင်ဘဲ အဖွဲ့ဝင် ၁၁ ဦးနှင့် ပြန်လည် ဖွဲ့စည်းထားသည့် Trans-Pacific Partnership –TPP တွင် ပါဝင်ရန် စိတ်အားထက်သန် နေခဲ့သည်။ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်တို့က TPP တွင် ပါဝင်နေခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း ဇူလိုင်လက အပြောင်းအလဲတခု ပြုလုပ်စဉ်အတွင်းတွင် TPP ကို ထောက်ခံသည့် ဝန်ကြီးများက ထိုင်းအစိုးရအဖွဲ့မှ ထွက်ခွာသွားခဲ့ကြပြီး လယ်သမားများကလည်း သူတို့၏ ဆန့်ကျင်မှုကို ဆက်လက် ထုတ်ဖော်ပြောဆိုလာနေခြင်းကြောင့် TPP တွင် ထိုင်းနိုင်ငံ ပူးပေါင်း ပါဝင်လာရေး အလားအလာများက မရေရာ ရှိနေသည်။
အခြားတဖက်တွင်မူ စင်ကာပူနိုင်ငံက ယခုလအစောပိုင်းတွင် သြစတြေးလျနှင့် ဒစ်ဂျစ်တယ်စီးပွားရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ဉာဏ်ရည်တု နည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်ရေးနှင့် အွန်လိုင်းစားသုံးသူ အကာအကွယ်ပေးခြင်း တိုးမြှင့်ရေးကို အတူတကွ လုပ်ဆောင်ရန် သဘောတူခဲ့သည်။ ကူးစက်ရောဂါလွန်ကာလ၌ အလားအလာရှိသော ဒစ်ဂျစ်တယ် ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို စီးပွားရေးလုပ်ငန်းများက ကောင်းမွန်စွာ ရယူနိုင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်။
ကူးစက်ရောဂါလွန်ကာလက မည်သည့်အရာများ ဆောင်ကျဉ်းပေးမည်ကို အတိအကျ မသိရသေးပါ။
အာဆီယံကို လွှမ်းမိုးနေသည်မှာ အဖွဲ့၏ အကြီးမားဆုံး စီးပွားရေးမိတ်ဖက်များဖြစ်သော အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။
ထိုပွတ်တိုက်မှုက အရှေ့တောင်အာရှ မည်မျှ မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်လာနိုင်မည် ဆိုသည့်အပေါ် သြဇာသက်ရောက်မှု ဖြစ်စေနိုင်ပါသည်။
တရုတ်နိုင်ငံက ကမာ္ဘပေါ်ရှိ အခြားဒေသများထက် စောစီးစွာ ကူးစက်ရောဂါမှ ပြန်လည် နာလံထလာနိုင်ခြင်းက အာဆီယံနိုင်ငံများအနေဖြင့် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံကြီးထံ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပိုမိုမှီခို လာရစေနိုင်ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၌ နိုဝင်ဘာလတွင် ကျင်းပရန် ရှိနေသော သမ္မတရွေးကောက်ပွဲ ကလည်း ပထဝီနိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲစေနိုင်ပါသည်။
ကိုးကား။ ။ Nikkei Asian Review မှ ASEAN ‘crisis like no other’ shifts focus from COVID to economy
You may also like these stories:
အိန္ဒိယက ပဲတင်သွင်းဖို့ ရက်တိုးခဲ့ရင် ဝယ်လိုအားတွေ ပိုများလာမယ်
မြန်မာ့မုန့်ပဲသရေစာများဖြင့် တရုတ်ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ်နေ
ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်