ရခိုင်ပြည်နယ်အနောက်ပိုင်း၌ တရုတ်၏ မဟာဗျူဟာမြောက် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တည်ဆောက်ရန် တရုတ်ကုမ္ပဏီ တခုနှင့် အစိုးရကျောထောက်နောက်ခံပြု ကော်မတီတို့၏ ဖက်စပ်လုပ်ငန်းကို မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အေဂျင်စီက သြဂုတ်လ ပထမပတ်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။
ထိုအတည်ပြုချက်သည် ကြာမြင့်စွာနှောင့်နှေးနေခဲ့သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)၏ ပင်မကျောရိုး စီမံကိန်း အမှန်တကယ် အကောင်အထည်ပေါ်လာရန် ခြေတလှမ်း ပိုမို နီးကပ်သွားစေခဲ့သည်။ CMEC သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative -BRI) ၏ အစိတ်အပိုင်း တခုဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းက တရုတ်နိုင်ငံအား အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက် ဝင်ရောက်နိုင်ရန် ရည်ရွယ်ထားပြီး မလက္ကာရေလက်ကြားကို ရှောင်လွှဲ၍ ရေနံတင်သွင်းမှု ပြုလုပ်နိုင်မည် ဖြစ်သလို တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
စီမံကိန်းတခုလုံးသည် ဧက ၄၃၀၀ (ဟက်တာ ၁၇၅၀ ခန့်) ရှိသည်။
အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်ခြင်း ၊ အစားအစာထုတ်လုပ်ခြင်း၊ ဆေးဝါးများထုတ်လုပ်ခြင်း၊ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ခြင်း၊ ပင်လယ်ရေကြောင်း ထောက်ပံ့ရေး ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် သုတေသနတို့ အတွက် အဆောက်အဦးများ ပါဝင်သည့် စက်မှုဇုန်တခုကို တည်ဆောက်ရန်လည်း စီစဉ်ထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းများအရ တရုတ်ကုမ္မဏီ အုပ်စုတခုဖြစ်သည့် CITIC Myanmar Port Investment Limited နှင့် မြန်မာ အစိုးရကျောထောက် နောက်ခံပေးထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ် ဖွဲ့စည်းထားသည့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd မှတ်ပုံတင်ခြင်းကို DICA က သြဂုတ်လ ၆ ရက် နေ့တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
DICA မှ ကုမ္ပဏီ မှတ်တမ်းများအရ ဖက်စပ်လုပ်ငန်းတွင် တရုတ်ကုမ္မဏီက အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာကော်မတီက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင် သည်။ ၂၀၁၈ တွင် ၂ ဖက်ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ၂ ဖက် သဘောတူညီခဲ့ကြသည့်အတိုင်း ဖြစ်သည်။
တရုတ် ကျောထောက်နောက်ခံပြုသည့် အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ အချိန်တွင် သဘောတူညီချက်ကြောင့် မြန်မာန်ိုင်ငံက အကြွေးထောင်ချောက်တခု အတွင်းသို့ ကျရောက်သွားနိုင်သည့် အပေါ်တွင် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီးနောက် နှောင့်နှေးသွားခဲ့သည်။ ကနဦး သဘောတူညီချက်တွင် စီမံကိန်း၏ တန်ဘိုးက အမေရိကန်ဒေါ်လာ ၉ ဘီလီယံမှ ၁၀ ဘီလီယံ (၁၂.၂၃ထရီလီယံကျပ် မှ ၁၃.၅၉ ထရီလီယံကျပ်) အတွင်း သတ်မှတ် ထားပြီး တရုတ်ဆောက်လုပ်ရေးကုမ္ပဏီသို့ အစု ရှယ်ယာ ၈၅ ရာခိုင်နှုန်း ပေးထားသည်။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NDL) အစိုးရက စီမံကိန်းကို လိုအပ်မှု အပေါ်တွင် အခြေခံရန် သဘောတူညီချက် တခုနှင့်အတူ ရှယ်ယာအချိုးအစားကို တရုတ်နိုင်ငံနှင့် အောင်မြင်စွာ ပြန်လည်ညှိနှိုင်းခဲ့သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ရေးကို တရုတ်နိုင်ငံက သဘောတူခဲ့သည်။
စီမံကိန်းကို “အသေးစား သို့မဟုတ် အလတ်စား” အတိုင်းအတာဖြင့် စတင်ရန် ၂ ဖက်သဘောတူညီမှု ရရှိခဲ့ကြသည်။
သဘောတူညီချက် အပြီးသတ်ပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC တို့က ၂၀၁၈ ခုနှစ်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး မူဘောင်သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့သည်။
ရေနက်ဆိပ်ကမ်း၏ ပထမအဆင့်ကို ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ဖြင့် အကောင်အထည်ဖော်ရန် ၂ ဖက် သဘောတူညီခဲ့ကြသည်။
DICA ၏မှတ်တမ်းများအရ မြန်မာနိုင်ငံဘက်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း တို့က ဖက်စပ်ကုမ္ပဏီတွင် ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ တရုတ်ဘက်မှ CITIC Group (Myanmar) ၏ မန်နေးဂျင်းဒါရိုက်တာ Yuan Shaobin နှင့် လက်ထောက် မန်နေးဂျင်း ဒါရိုက်တာ Liu Qing၊ Shan Liming၊ Ma Chuanfu နှင့် Sun Tiejun တို့က ဒါရိုက်တာများအဖြစ် တာဝန်ယူမည် ဖြစ်သည်။
ဇွန်လတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကုမ္ပဏီ၏ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ၂ ဘက် သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီဒါရိုက်တာများ စာရင်းကို အတည်ပြုပြီးသည်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကို များမကြာမီ စတင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) အစီရင်ခံစာပြီးဆုံးပါက စီမံကိန်း စတင်နိုင်မည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးရီဝင်းက ဧရာဝတီသို့ပြောသည်။
“COVID-19 ပေါ်ပေါက်လာပြီး တဲ့နောက် ကုမ္ပဏီက တာဝန်အရှိဆုံးသူ အများစုက တရုတ်နိုင်ငံကို ပြန်သွားခဲ့ကြပါတယ်။ မြေပြင်မှာ အမှန်တကယ် ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဖို့ လိုနေပါသေးတယ်။ ကျနော်တို့ သိသလောက်က ကုမ္ပဏီက EIA နဲ့ SIA ကိုဆက်လက် လုပ်ကိုင်နေဆဲဖြစ် ပါတယ်။ စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်တာက အဲဒါ့ပြီးတဲ့နောက်မှာ စတင်နိုင်ပါမယ်” ဟု ဦးရီဝင်း က ပြောသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လတွင် တရုတ်ကုမ္ပဏီက ESIA နှင့် ဘူမိဗေဒဆိုင်ရာ အကြိုတိုင်းတာမှုများ ပြုလုပ်ခြင်းကို ကြီးကြပ်ရန် ကနေဒါကုမ္ပဏီ HATCH ကို ငှားရမ်း ခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကုမ္ပဏီက စီမံကိန်း အဆိုပြုလွှာ အစီရင်ခံစာ (PPR) တခုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) သို့ တင်ပြခဲ့သည်။
၂၀၁၇ ခုနှစ်က ၎င်း၏ အစီရင်ခံစာတွင် Kofi Annan ၏ ရခိုင်အကြံပေးကော်မရှင်က မြန်မာအစိုးရအနေဖြင့် ဒေသခံ အသိုင်းအဝိုင်းအပေါ် စီမံကိန်း၏ ဖြစ်လာဖွယ်ရှိသော အကျိုးသက်ရောက်မှုများနှင့် ဒေသတွင်းမှ အခြား လုပ်ငန်းကဏ္ဍများအတွက် စီမံကိန်း၏ အန္တရာယ်နှင့် အကျိုးကျေးဇူးများကို ဆုံးဖြတ်နိုင်ရန် ESIA လုပ်ငန်းစဉ် မတိုင်မီ အထူးစီးပွားရေးဇုန် အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုနှင့် အလုပ်သမား အကဲဖြတ်မှု တို့ကို ပြုလုပ်ရန် အကြံပြုခဲ့သည်။
သို့သော်လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC)က ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဥပဒေအတိုင်း EIA တခု လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း CITIC က ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ EIA လုပ်ဆောင်ရန် လွတ်လပ်သောအတိုင်ပင်ခံ အဖွဲ့အစည်းတခုကို ဈေးပြိုင်တင်သွင်းရသော လုပ်ငန်းစဉ်တခုမှတဆင့် ရွေးချယ်မည်ဖြစ်ကြောင်း တရုတ် ကုမ္ပဏီက ပြောသည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် EIA နှင့် ပတ်သက်၍ မည်သည့် တိုးတက်မှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းကို ယခုအထိ မကြေညာသေးပါ။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ CITIC လုပ်ငန်းစုက စက်မှုဇုန်၏ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။ စက်မှုဇုန်တည်ဆောက်ရေးကို CITIC နှင့် Myanmar Kyauk Phyu Special Economic Zone Holding Public Company Limited လက်အောက်မှ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီ ၄၂ ခုက ဦးဆောင်လိမ့်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Nan Lwin ၏ China’s Strategic Port Project Moves Step Closer to Reality as Myanmar OKs Joint Venture ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်လှိုင်းများကြားက အာဆီယံ စီးပွားရေး
ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်
ကိုဗစ်လှိုင်းကြားမှာ ဈေးကွက်ပျက်နေတဲ့ သင်ဖြူးဖျာလုပ်ငန်း