ကမ္ဘာ့ကပ်ရောဂါ COVID – 19 ဖြစ်ပွားနေစဉ်အတွင်း ဥရောပနိုင်ငံများ၏ နွေဦးရာသီဝတ် အပ်ထည်အမှာ များ ထက်ဝက်ခန့် လျော့ကျလာသောကြောင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးကျော်ဝင်းက ဧရာဝတီသို့ ပြောသည်။
“အပ်တဲ့ အော်ဒါက ရာခိုင်နှုန်း၂၀ နဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ၇၅ ရာခိုင်နှုန်းလောက်က မသေချာဘူး။ အခု ချုပ် နေတဲ့ ဆောင်းတွင်းဝတ် အော်ဒါကလည်း ခါတိုင်း နှစ်လို စက်တင်ဘာ၊ အောက်တိုဘာလကုန်တဲ့ အထိကို မရှိဘူး။ နောက်တခါ နွေဝတ်တဲ့ အော်ဒါ အမှာကလည်း ဘာမှ သေချာတဲ့ အော်ဒါ မရှိသေးဘူး” ဟု ၎င်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။
ပြည်တွင်းရှိ အထည်ချုပ် စက်ရုံများသည် အာရှနိုင်ငံများ၏ အော်ဒါအမှာထက် အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ အော်ဒါ များကို အားကိုး လုပ်ဆောင်နေပြီး ယခုလို အော်ဒါအမှာများ မသေချာသဖြင့် စက်ရုံ လုပ်သားအင်အား လျှော့ချခြင်း၊ ယာ ယီပိတ်သိမ်းခြင်း၊ အပြီး ပိတ်သိမ်းခြင်းများ ပြုလုပ်မည့် စက်ရုံများ၏ သတင်းများကို ကြားသိနေရကြောင်း ၎င်းက ဆိုသည်။
ယခုအချိန်သည် ဆောင်းတွင်းဝတ် အော်ဒါ အမှာများကို သိမ်းပြီး နွေဦးရာသီဝတ် အပ်ထည်များကို ချုပ်လုပ်ရမည့် အချိန် ဖြစ်သော်လည်း လက်ရှိ အချိန်အထိ အော်ဒါအမှာစာများ မရှိသေးကြောင်း သိရသည်။
အထည်ချုပ် စက်ရုံပိုင်ရှင် ဦးအောင်မျိုးဟိန်းက “တချို့သော ရုံတွေမှာက အော်ဒါ လုံးဝ မရှိတော့တဲ့ အနေအထား ဖြစ် သွားတယ်။ ရာခိုင်နှုန်းအနေနဲ့က အသင်းကနေ စစ်တမ်း လိုက်ကောက်နေတယ်။ ဒီနှစ်က ဆောင်းရာသီကလည်း အခြေ အနေက သိပ်ပြီးတော့ အနေအထား မကောင်းတော့ အခုတလော သိုးမွေးထည်နဲ့ ဂျာကင်တွေ လုပ်တဲ့ စက်ရုံ တော်တော်များများက ထိကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ စက်မှုဇုန်တချို့ရှိ အထည်ချုပ် စက်ရုံအနည်းစုက အချိန်ပို ခေါ်ဆင်းခြင်းများကလည်း ကိုဗစ်ကာလအတွင်း ကန့် သတ်ချက်များကြောင့် အလုပ်ချိန်၊ လူအင်အား စသည်တို့ကို ညှိနှိုင်း ဆောင်ရွက်ရခြင်းကြောင့် ယခင် ရှိပြီးသား အော်ဒါ အမှာများပေးရန် ဆင်းခိုင်းဖြစ်ပြီး စက်ရုံအများစုက ယခုအချိန်တွင် အချိန်ပို ဆင်းခိုင်းခြင်း မရှိတော့ကြောင်း ၎င်းက ဆို သည်။
ဦးအောင်မျိုးဟိန်းက “တကယ်ကို အလုပ်ရှိလို့ အချိန်ပို ဆင်းရတဲ့ စက်ရုံက အခုက ရှားတယ်။ အခုကတော့ အထည်ချုပ်လုပ်ငန်းက အော်ဒါ အမှာ ၅၀ ရာခိုင်နှုန်း လောက်ကျတယ်။ အရင်တုန်းကဆိုရင် အခုချိန်က ဆောင်းဝတ် ကွန်တိန်နာကားတွေက ထွက်သွား ပြီဆိုတာနဲ့ ဥရောပရဲ့ နွေဦးရာသီဝတ် အထည်တွေ ချုပ်ရတယ်။ ဒါဆိုရင် ဂျာကင်ချုပ်ရုံတွေက စတိုင်ပင် ဘောင်းဘီလို ဟာမျိုးတွေ အစားထိုး ချုပ်ရသေးတယ်။ အခုကတော့ လုံးဝကို ချုပ်ဖို့ မရှိတော့လောက်တဲ့အထိ ဖြစ်သွားတယ်”ဟု ပြောဆိုသည်။
ပြည်တွင်း အထည်ချုပ် လုပ်ငန်းများတွင် တရုတ်နိုင်ငံ၌ ကိုဗစ်ကပ်ရောဂါ မြင့်တက်စဉ်အခါကလည်း ကုန်ကြမ်း ရရှိမှု အခက်အခဲများကြောင့် စက်ရုံများ လုပ်သားအင်အား လျှော့ချခြင်း၊ ယာယီပိတ်ခြင်း၊ အပြီးပိတ်ခြင်းများ လုပ်ဆောင်ခဲ့ရပြီး ယခု အပ်ထည်အမှာ မရှိလျှင်လည်း ယခင်ကဲ့သို့ပင် ထပ်မံ လုပ်ဆောင်ရမည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
အပ်ထည် အမှာသစ်မရချိန်တွင် ချုပ်ပြီး အထည်များ တင်ပို့ရောင်းချရာတွင်လည်း ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကြောင့် လုပ်ငန်း ပျမ်းမျှ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း ဝန်းကျင် ကျဆင်းသည့် ထိခိုက်မှုများလည်း ရှိနေသည်ဟု အထည်ချုပ် စက်ရုံပိုင်ရှင်များထံက သိရသည်။
ထို့ပြင် အထည်ချုပ် လုပ်ငန်းများအတွက် အခက်အခဲမှာ ပြည်တွင်းငွေကြေး ဈေးကွက်တွင် ယခု ၂၀၂၀ နှစ်စပိုင်းက အမေ ရိကန် ၁ ဒေါ်လာလျှင် ကျပ် ၁၅၀၀ ရှိခဲ့ရာမှ သြဂုတ်လတွင် ကျပ် ၁၃၅၀ အောက်တွင်သာ ရှိခဲ့သောကြောင့်လည်း လက်ခ စား (CMP) လုပ်ငန်းများအတွက် ဝင်ငွေများ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မျိုးဟိန်းက ပြောသည်။
မြန်မာ့ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော်အထိရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ် စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံ၊ စုစုပေါင်း ၄၂၀ ခန့်ရှိကြောင်း သိရသည်။ ယင်းစာရင်းသည် အသင်းသို့ ဝင်ရောက်ထားသည့် စာရင်းသာ ဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ လက်ခစားချုပ်အထည် တင်ပို့မှုမှ ဒေါ်လာ ၄ ဘီလီယံ ခန့်ဝင်ငွေ ရရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ဆိုသည်။
ယခုနှစ်တွင် CMP လုပ်ငန်းများက ယခင်ထက် ပို၍ တိုးတက်လာနိုင်သည့် အလားအလာ ရှိခဲ့သော်လည်း ကိုဗစ်ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကာလတူနှင့် နှိုင်းယှဉ်လျှင် အမေရိကန် ဒေါ်လာသန်း ၆၅ သန်းခန့် လျော့နည်းခဲ့ ကြောင်း စီးပွား/ကူးသန်း စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ယခု သြဂုတ်လ ၁၆ ရက်မှ စတင်ကာ ကိုဗစ်ရောဂါ ပြည်တွင်း၌ ကူးစက်မှုများ မြင့်တက်နေသောကြောင့် လည်း စက်ရုံ အလုပ်ရုံများအနေနှင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကို ရှောင်တခင် စစ်ဆေးတွေ့ရှိပါက စက်ရုံ ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်းလည်း အလုပ်သမား၊ လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သှုအင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက သြဂုတ်လ ၃၀ ရက်က ပြောကြား ထားသည်။
You may also like these stories:
ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်
ကိုဗစ်လှိုင်းကြားမှာ ဈေးကွက်ပျက်နေတဲ့ သင်ဖြူးဖျာလုပ်ငန်း