မြန်မာနိုင်ငံ စီးပွားရေး မြို့တော်ရန်ကုန်တွင် စက်မှုဇုန်သစ်တခုနှင့် ၎င်းနှင့်ဆက်စပ်သော အခြေခံအဆောက်အအုံများအတွက် “ဆွစ်စိန်ခေါ်မှု” တင်ဒါလုပ်ငန်းစဉ်ကို ကြီးကြပ်ရန် ဂျာမန်အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော Roland Berger ကို မြန်မာအစိုးရက ကန်ထရိုက်ပေးလိုက်သည်။ ထိုလုပ်ငန်း၏ စီမံကိန်းကို သုံးသပ်မှုကာလကို အခြေခံကြည့်ပါက တရုတ်နိုင်ငံ၏ ကြီးမားလှသော ရန်ကုန်မြို့သစ် စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော ဆွစ်စိန်ခေါ်မှု တင်ဒါ ကို နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲပြီးမှသာ ခေါ်ယူနိုင်ဖွယ်ရှိသည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် နိုင်ငံတကာအခြေခံအဆောက်အအုံ ကွန်ရက်တခု တည်ဆောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ ကျောရိုးစီမံကိန်းများအနက် တခုဖြစ်သည်။ ရှီက BRI ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ အဓိက မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖေါ်ရန် တွန်းအားပေးနေသည်။
စက်မှုဇုန်သစ်နှင့် အဓိက အထောက်အကူပြု အခြေခံအဆောက်အအုံများအတွက် ဆွစ်စိန်ခေါ်မှု တင်ဒါလုပ်ငန်းစဉ်ကို အပြီးသတ်လုပ်ဆောင်ရေးအတွက် အကြံပေးရန် Roland Berger Co. Ltd နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးဌာန (MIFER) က စနေနေ့တွင်ကြေညာသည်။
ဆွစ်စိန်ခေါ်မှု လုပ်ငန်းစဉ်အရ ဘေ့ဂျင်းအခြေစိုက် China Communications Construction Co. Ltd. (CCCC) ကတင်ပြသော ကနဦးတည်ဆောက်ရေး လုပ်ငန်းများကို အခြားအရည်အချင်းမီလုပ်ငန်းများက တင်ဒါအကဲဖြတ်မှု မှတ်ကျောက်စံနှုန်းများ၏ ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာသည့် အခြေခံဖြင့် ပိုမိုကောင်းမွန်သော စည်းကမ်းများဖြင့် စိန်ခေါ်ခွင့်ပေးရန် လူသိရှင်ကြား ထုတ်ပြန်မည်ဖြစ်သည်။
အစိုးရ၏ လုပ်ထုံးလုပ်နည်းများအရ ဆိုပါက CCCC ၏ အဆိုပြုချက်ကို ဆက်လက်အကောင်အထည်မဖေါ်မီ ဆွစ်စိန်ခေါ်မှုကို ဖြတ်သန်းရန် လိုသည်။
Roland Berger ၏ အတိုင်ပင်ခံဝန်ဆောင်မှုသည် လုပ်ငန်းစဉ်၏ ရလဒ်ကို ပြင်ပမှ ပါဝင်ပတ်သက်သူများအား ဆက်သွယ်ပြောကြားမှုကို ထောက်ပံ့ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် လုပ်ငန်းလုပ်ပိုင်ခွင့် သဘောတူ လက်မှတ်ရေးထိုးခြင်းအပါအဝင် ဆွစ်စိန်ခေါ်မှု လုပ်ငန်းစဉ်ကို အစအဆုံးပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖေါ်ခြင်းတို့ ပါဝင်မည်ဟု MIFER က ဆိုသည်။
ထိုဂျာမန်လုပ်ငန်းသည် CCCC ၏ အဆိုပြုချက်၊ ရန်ကုန်တိုင်းအစိုးရက ပြုလုပ်ထားသည့် လုပ်ငန်းစဉ်များ၊နှစ်ဖက်လက်မှတ်ရေးထိုးပြီးသည့် သဘောတူစာချုပ်အပါအဝင် စီမံကိန်းလုပ်ငန်းစဉ်တခုလုံးကို လေ့လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးရဲမင်းဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“CCCC က တင်ပြတဲ့ ကုန်ကျစရိတ်က မှန်လား မမှန်လားဆိုတာကိုလည်း သူတို့ ခွဲခြမ်းစိတ်ဖြာလေ့လာမယ်။ ပြီးရင် ဆွစ်စိန်ခေါ်မှုကို ဘယ်လိုလုပ်မယ်ဆိုတာကို သူတို့ဆုံးဖြတ်မယ်” ဟု ဦးရဲမင်းဦးပြောသည်။
“သုံးသပ်တဲ့ကာလက အနည်းဆုံး ၂ လကြာမယ်။ အသေးစိတ်တွေ အကုန်ကြည့်ပြီးရင် သူတို့ဘက်က ဆွစ် စိန်ခေါ်မှုကို ဘယ်လိုခေါ်ပါဆိုတဲ့ သုံးသပ်ချက်ထွက်လာရင် ကျနော်တို့က တရားဝင်တင်ဒါခေါ်မယ်”
ဟုလည်း သူပြောသောကြောင့် ထိုလုပ်ငန်းကို အထွေထွေ ရွေးကောက်ပွဲပြီးမှသာ ဆောင်ရွက်နိုင်မည့် သဘောသက်ရောက်နေသည်။ မြန်မာနိုင်ငံသည် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည်။
အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ (ကျပ် ၂ ထရီလျံခန့်) တန်သည့် စီမံကိန်း ပထမဆင့် အတွက် အဆိုပြုချက်ကို ရေးဆွဲရန် ရန်ကုန်တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) နှင့် CCCC တို့ ၂၀၁၈ ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုစီမံကိန်းတွင် တံတားနှစ်ခု၊လမ်းများ၊ ဓါတ်အားပေးစက်ရုံများ၊ ရေနှင့် ရေဆိုးပြုပြင်စက်ရုံများနှင့် ၁၀ စတုရန်းကီလိုမီတာကျယ်သည့် စက်မှုဇုန်တခုပါဝင်ပြီး အလုပ်အကိုင် ၂ သန်း ဖန်တီးနိုင်မည်ဟု မျှော်လင့်ရသည်။
သို့သော် ရေလွှမ်းမိုးသောနေရာတွင် တည်ရှိခြင်းနှင့် အာဖရိကနှင့် အာရှနိုင်ငံ အနည်းဆုံး ၁၀ နိုင်ငံမှ တည်ဆောက်ရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများတွင် CCCC ပါဝင်ပတ်သက်ခဲ့သည့်ဆိုသည့် စွပ်စွဲချက်များကြောင့် ထိုစီမံကိန်းသည် အငြင်းပွားစရာဖြစ်နေသည်။
မကြာသေးမီက မြန်မာအစိုးရသည် စက်မှုဇုန် စီမံကိန်း၏ အရွယ်အစားနှင့် ကုန်ကျစရိတ် လျှော့ချခြင်း၊ တင်ဒါ စိန်ခေါ်မှုတွင် ပါဝင်လာမည့် အခြားသူများကို ရှာဖွေခြင်း အပါအဝင် ထိုစီမံကိန်းကို အပိုင်းများခွဲ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ စီမံကိန်း၏ မူလအစီအစဉ်အရ ကြီးမားသော ကုန်ကျစရိတ်များကြောင့် အခြားရင်းနှီးမြှုပ်နှံသူများကို အတားအဆီးဖြစ်စေမည်ဟူသည့် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။
စီမံကိန်း၏ ကနဦးအဆင့်သည် ဒေါ်လာ သန်း ၈၀၀ ကုန်ကျမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ဧရာဝတီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
သဘောတူညီမှု စည်းကမ်းချက်သစ်များအရ တည်ဆောက်မည့် အဓိက စီမံကိန်းများတွင် စက်မှုဇုန်တခု၊ တန်ဖိုးအိမ်ယာများ၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေး စနစ်များ၊ အညစ်အကြေး စီမံခန့်ခွဲမှုနှင့်အခြား အဓိက အခြေခံအဆောက်အအုံများ ပါကြောင်း MIFER ၏ အဆိုအရ သိရသည်။
စီမံကိန်း၏ စီးပွားရေးအရ တွက်ခြေကိုက်မှုသေချာသော စက်မှုဇုန်ကို စတင် အကောင်အထည်ဖေါ်ရန် မြန်မာနိုင်ငံက ဆုံးဖြတ်ထားကြောင်း MIFER ဝန်ကြီး ဦးသောင်းထွန်းပြောသည်။ အစိုးရသည် စီမံကိန်းတည်ဆောက်ရန် နိုင်ငံတကာယှဉ်ပြိုင်သည့် တင်ဒါ လုပ်ငန်းစဉ်ကို ခေါ်ယူမည်ဖြစ်ကြောင်း သူ ကတိပြုသည်။
“တင်ဒါလုပ်ငန်းစဉ်မှာ မျှတမှုနဲ့ ယှဉ်ပြိုင်မှုကို ကျနော်တို့ အဓိကထားမယ်” ဟု ဦးသောင်းထွန်းပြောသည်။
“ခေတ်နဲ့ နိုင်ငံစီးပွားရေးအပေါ် ကိုဗစ်-၁၉ ရဲ့ ဆိုးကျိုးတွေလျှော့ပါးစေဖို့၊ ပိုမိုအရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့၊ လိုအပ်ချက်နဲ့ အညီ စက်မှုဇုန် တည်ဆောက်ရေးကို အဓိကထားဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တာပါ” ဟုလည်း သူပြောသည်။
မြန်မာနိုင်ငံမှ BRI ၏ ကျောရိုးဖြစ်သော စီမံကိန်းများကို ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံမှ အမြဲ ဖိအားပေးနေသော်လည်း မြန်မာအစိုးရက ထိုစီမံကိန်း အသေးစိတ်များသည် နိုင်ငံတကာ စံနှုန်းများနှင့်အညီဖြစ်စေရန် ထပ်မံ စူးစမ်းလေ့လာမှုများကို အကြိမ်ကြိမ်ပြုုလုပ်ခဲ့သည်။
ဇွန်လအတွင်း၌လည်း မြန်မာအစိုးရက ဆွစ် ကုမ္ပဏီ တခုသည် မန္တလေးနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းကို ဆက်သွယ်မည့် ရထားလမ်းစီမံကိန်းအတွက် တရုတ်ကျောထောက်နောက်ခံပြု ဖြစ်နိုင်ခြေလေ့လာမှုကို စစ်ဆေးရန် အကူအညီပေးနေကြောင်း ကြေညာခဲ့သည်။
(Nan Lwin ၏ Myanmar Hires German Firm to Oversee Bidding in Initial Phase of China-Backed New Yangon City ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စားသောက်ဆိုင် အားလုံး ပါဆယ်စနစ်ဖြင့် ပြန်ရောင်းရ
တရုတ်က ငြင်းပေမယ့် ရွှေကုက္ကိုမြို့သစ် BRI အစိတ်အပိုင်းဟု Yatai ပြော
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စဆောက်ဖို့ နီးလာပြီ