တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့လူနာ ၁ ဦး တွေ့ကြောင်း အတည်ပြုပြီး နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက် တရုတ် စံတော်ချိန် ည ၁၀ နာရီ နောက်ပိုင်းကစ၍ ၇ ရက်အတွင်း မြို့အဝင်၊ အထွက် ခွင့်မပြုကြောင်း အစိုးရက ကြေညာလိုက်သဖြင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလု နီးပါးဖြစ်နေသည်ဟု ကုန်သည်များထံက သိရ သည်။
မန္တလေးမြို့မှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂ ယောက်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိ ကြောင်း တရုတ် ကျန်းမာရေးဌာနက WeChat လူမှုကွန်ရက်က အတည်ပြုထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ရွှေလီမြို့ကို အဝင်အထွက် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က “ရောဂါ ကူးစက်တဲ့ အနေအထား တွေ့လာတဲ့အတွက် သူတို့ဘက်က လုပ်တာပေါ့။ ကျနော်တို့ ရတဲ့သတင်း ကတော့ ရွှေလီ မှာ ရှိတဲ့ ပြန်လည်နေရာချထားရေးရုံး အရာရှိ(လက်ထောက်ညွှန်ကြားရေးမှူး) မှာ ရောဂါပိုးကူးစက်တယ်လို့ သတင်းရ ပါ တယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့် ရွှေလီမြို့ရဲ့ ရုံးလုပ်ငန်း ဆောင်ရွက်မှု တွေကို အခု ၁၅ ရက်ကနေ ၁၈ ရက်အထိ ရပ်ထား လိုက်တယ်။ ဒီမနက် အခြေအနေအရ ကုန်သွယ်ရေးက ပို့ကုန်ယာဉ်တွေ အနေနဲ့ တဖက်နိုင်ငံက လာပြီးကြိုတဲ့ အေးဂျင့် ရှိမှသာ ကျယ်ဂေါင်အထိ ဝင်ခွင့်ပြုမယ်။ ကုန်မဲ့ယာဉ် တွေကိုတော့ ကျယ်ဂေါင်အထိ ဝင်ခွင့်ပြုတယ်”ဟု ပြောသည်။
ယင်းအပြင် ရွှေလီတံတား အဝင်၊ အထွက်ကို တရုတ်ဘက်က ပိတ်ထားသည့်အတွက် တရုတ်ဘက်က ကုန်ပစ္စည်းများ မြန်မာဘက်သို့ လာ၍ မရသလို မြန်မာဘက်က ကုန်ပစ္စည်းများလည်း တင်ပို့၍ မရကြောင်း ၎င်းက ပြောပြသည်။
ဦးခင်မောင်လွင် က “သွင်းကုန်ပစ္စည်း တော်တော်များများတော့ ရပ်တန့် သွားမယ်။ ဒါပေမယ့် ကျယ်ဂေါင်ဂိုဒေါင်ထဲ ရောက်ပြီးသား ပစ္စည်းတွေ ကတော့ သွင်းလို့ရမယ်။ ဒါက ဒီမနက်ရတဲ့ သတင်း ဖြစ်တယ်”ဟု အခြေအနေကို ရှင်းပြသည်။
ယခု ဖြစ်ပေါ်နေသော အခြေအနေသည် ကျန်းမာရေး အခြေအနေဖြစ်သည့် အတွက် တရုတ်အစိုးရနှင့် ကုန်သွယ်ရေးတွင် ဖြစ်ပေါ်လာသည့် အခြေအနေများကို မြန်မာအနေနှင့် ညှိနှိုင်းရန် အခက်အခဲများ ရှိနေသဖြင့် ကုန်သည်များကို လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး သတင်း အချက်အလက်များသာ ပေးရန်ရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။
“အခုသတင်း အရ ဆိုရင် ကိုယ်သွားပို့မယ့် ကုန်ပစ္စည်းကို ချင့်ချိန်ရမှာဖြစ်တယ်။ ရက်ကြာမယ်ဆိုရင်တော့ ကုန်သွယ်မှုက ထိခိုက်သွားမှာ။ ဆိုလိုတဲ့သဘောက ရွှေလီကို ပိတ်တာဖြစ်တဲ့အတွက် ကျယ်ဂေါင်အထိပဲ သွားလို့ ရတယ်။ ကျယ်ဂေါင်မှာ လည်း အများကြီး သိုလှောင်နိုင်တာမရှိဘူး။ ဆက်သွားမှရမှာ”ဟု ဦးခင်မောင်လွင်က ရှင်းပြသည်။
ထို့ကြောင့် ကုန်သွယ်ရေးတွင် အခက်အခဲများ ရှိနိုင်သောကြောင့် မြန်မာကုန်သည်များအနေနှင့် ချိန်ဆပြီးမှသာ ကုန်စည် များ တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်နယ်စပ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “ရွှေလီမြို့ကို ၇ ရက်တိတိ Lockdown ချလိုက်တယ်။ ပိုဆိုးတာ က ရွှေလီကို အဝင်ပေါက် ကုန်ကားတွေ လူတွေ တရားဝင် ဝင်တဲ့အကောက်ခွန်ဂိတ်ကိုလည်း ရပ်တန့်တဲ့အထိ ပိတ်လိုက် တယ်။ ဒါကြောင့် မြန်မာကုန်ကားတွေ ဝင်လို့ မရတော့ဘူး။ တရုတ်က ကုန်ပစ္စည်း ကုန်ကားတွေလည်း မြန်မာပြည်ထဲ ဝင်လို့ မရတော့ဘူး။ ကျယ်ဂေါင်ထိပဲ သွားလို့ရတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးက ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားပြီ ” ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဆန်တို့ ပဲတို့ ရေထွက်ပစ္စည်းတို့ ဘာမှသွားလို့ မရတော့ဘူးဖြစ်သွားပြီ။ လောလောဆယ်တော့ သူတို့ဘက်က သွင်းကုန်လည်း မလာနိုင်တော့ဘူး။ မူဆယ်နဲ့ တရုတ်နယ်စပ် ဂိတ်ကို မပိတ်ဘူး။ ဖွင့်ထားတယ်။ ဒါပေမယ့် ရွှေလီကို ဝင်လို့မရဘူး။ ဒါကြောင့် တရားဝင်သွားတဲ့ လူရော ကုန်ပစ္စည်းရောဖြတ်လို့ မရဘူး”ဟု ပြောသည်။
ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးသည် လက်ရှိတွင် ကုန်သွယ်မှု ရပ်တန့် သလောက်ဖြစ်သွားကြောင်း၊ ရန်ကုန်-မန္တလေးက တင်ပို့သည့် ကုန်ပစ္စည်းများကို မူဆယ်ဂိုဒေါင်တွင် ချထားရသည့်အပြင် ကုန်ကားများအနေနှင့်လည်း ယခင် ယာဉ်မောင်း လဲလှယ်သည့်စနစ်ကြောင့် နေ့စဉ် ကုန်ကားအစီးရေ ၄၀၀ ခန့် ပိတ်မိရာမှ ယခုအချိန်တွင်ပို၍ ဆိုးနေသည်ဟု ဦးမင်းသိန်းက ပြောသည်။
မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “နယ်စပ်ဂိတ်ကနေ ကုန်တွေ ဝင်လို့ ထွက်လို့ရနေသေးတယ်။ ဒါပေမယ့် ရွှေလီမြို့ကို ဝင်လို့ ထွက်လို့ မရဘူးဆိုတော့ ကုန်သွယ်ရေးက ယာယီရပ်သလို ဖြစ်သွားတာ။ ဒါကြောင့် သူတို့ ဘက်က ဘယ်လို စီစဉ်မလည်း ဆိုတာ တရုတ်အစိုးရ ကျန်းမာရေးဌာနရဲ့ ဆုံးဖြတ်မှုပေါ် မူတည်တာပေါ့။ သူတို့က ကုန်စည် စီးဆင်းမှု ဆက်ပြီး သွားချင်သေးရင် တမျိုးစီစဉ်မှာပေါ့” ဟု ယခုအခြေအနေကို ပြောပြသည်။
အထက်ပါ အခြေအနေများကြောင့် လောလောဆယ် ကုန်ကားများ ပိတ်မိနေခြင်း ရှိနိုင်ပြီး ကျယ်ဂေါင်အထိ သွားနိုင်သော် လည်း ရွှေလီတံတားကို ဖြတ်သန်းခွင့်မရှိသဖြင့် တရုတ်ဘက်က လုပ်ငန်းရှင်များအနေနှင့် လာရောက်၍ အဆင်မပြေသလို မြန်မာလုပ်ငန်းရှင်များအနေနှင်လည်း သွားရောက်ရောင်းချ၍ မရသောကြောင့် အကြပ်အတည်း တွေ့နေသည်ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် တရုတ်ဘက်မှ ကုန်သွယ်စီးဆင်းမှုနှင့် ပတ်သက်ပြီး မည်သို့ ပြုလုပ်ပေးမည် ဆိုသည့်အပေါ် မြန်မာကုန်သည် များ အနေဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။
ဦးစိုင်းခင်မောင်က “ဒါက နယ်စပ်ကုန်သွယ်ရေးနဲ့ သက်ဆိုင်နေတော့ တပတ်အတွင်းတော့ အဖြေပေါ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်ဖက်စလုံးရဲ့ ကုန်သွယ်ရေးက ထိခိုက်မှုက တအားများသွားနိုင်တယ်။ ဒါကြောင့် နှစ်ဖက် အစိုးရက အလေးထားပြီး စီစဉ်မယ်လို့ ထင်တယ်”ဟု ရှင်းပြသည်။
မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးသန်းထိုက်က အသင်းသို့ တရုတ်ဘက်က တရားဝင် အကြောင်းကြား စာမရောက်သေးသော်လည်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရက်သတ္တပတ် ၁ ပတ် ပိတ်ထားမည်ဟု ကြားသိရကြောင်း ဧရာဝတီသို့ ပြောသည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၄၅၂၂ ဒသမ ၉၄၇ သန်း ကုန်သွယ်မှု ပြုလုပ်ထားပြီး ပြီးခဲ့သည့် နှစ် ကာလတူတွင် ကန်ဒေါ်လာ ၄၅၆၀ ဒသမ ၉၁၉ သန်း ရရှိထားသောကြောင့် ကာလတူ နိူင်းယှဉ်လျှင် ဒေါ်လာ ၃၇ သန်းကျော် လျော့ကျခဲ့သည်။
ကိုဗစ်ကြောင့် ကုန်သွယ်ရေး ထိခိုက်ခဲ့သလို ယခုလို ကိစ္စရပ်မျိုး ထပ်မံ ဖြစ်ပွားသည်ကလည်း ကုန်သွယ်မှု လျှော့ကျ နိုင်သည့် အလားအလာများ ရှိနိုင်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ် ကာလအတွင်း ကုန်ပစ္စည်းများ ဈေးတင်မရောင်းရန် အစိုးရ ထပ်မံသတိပေး
တောင်သူတွေဘဝ လှစေမယ့် ပေါ်လစီတွေ သေချာလုပ်ဖို့ လိုပြီ
နိုင်ငံစီးပွားရေး အခြေအနေကြောင့် စက်ရုံ၊ အလုပ်ရုံများ မပိတ်နိုင်