တရုတ်လုပ်ငန်းတခုတည်ဆောက်သော ကမ္ဘောဒီးယားနိုင်ငံမှ ဆိပ်ကမ်း၊ လေဆိပ်နှင့် အပမ်းဖြေစခန်း စီမံကိန်းတခုသည် ဒေသခံပြည်သူများထံမှ သိမ်းယူထားသောမြေဖြစ်ပြီး တရုတ်စစ်ဖက်ဆိုင်ရာ အဆောက်အအုံများလည်း ပါဝင်သည်ဟူသည့် ခိုင်မာသော သတင်းများအတွက် ထိုတရုတ်ဆောက်လုပ်ရေးလုပ်ငန်းကို အမေရိကန်နိုင်ငံက အမည်ပျက်စာရင်းသွင်းလိုက်သည်။
Union Development Group Co. Ltd က ဒါရာဆကော် Dara Sakor စီမံကိန်းကို ကမ္ဘောဒီးယားကမ်းခြေရှိ အမျိုးသား သစ်တောအတွင်း တည်ဆောက်နေပြီး ထိုစီမံကိန်းတွင် ကမ္ဘာ့အကြီးမားဆုံး လေယာဉ်များအတွက် လေယာဉ်ပြေးလမ်းတခုကိုလည်း ထည့်သွင်းထားသည်။
ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ BRI ရပ်ဝန်းနှင့်လမ်း အခြေခံအဆောက်အအုံ အစီအစဉ်အတွင်း ဒေသတွင်းတွင် အကြီးမားဆုံး စီမံကိန်းဖြစ်ကြောင်း အထက်ပါ တရုတ်အိမ်ခြံမြေ လုပ်ငန်းကပြောသည်။
ထိုစီမံကိန်းတွင် စစ်ရေးရည်မှန်းချက်များပါသည်ဆိုသည့် အနောက်နိုင်ငံသတင်းမီဒီယားများ၏ ဖေါ်ပြချက်များကို ထိုတရုတ်လုပ်ငန်းနှင့် ကမ္ဘောဒီးယား အစိုးရတို့က အကြိမ်ကြိမ်ငြင်းဆိုထားသည်။
ဒါရာဆာကော်သည် တရုတ်စစ်ဖက်ဆိုင်ရာများကို လက်ခံရန် အသုံးပြုနိုင်သည်ဆိုသည့် ယုံကြည်လောက်သော သတင်းများရရှိထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုပြောသည်။
“ဒါဆိုရင် ဒီစီမံကိန်းက ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ပြီး အင်ဒိုပိစိဖိတ်ဒေသ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သလို ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာနဲ့ ကျနော်တို့မဟာမိတ်တွေရဲ့ လုံခြုံရေးကို ထိခိုက်တယ်”
“ဒါဆိုရင် ဒီစီမံကိန်းက ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ပြီး အင်ဒိုပိစိဖိတ်ဒေသ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သလို ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာနဲ့ ကျနော်တို့မဟာမိတ်တွေရဲ့ လုံခြုံရေးကို ထိခိုက်တယ်”ဟုလည်း အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် သူပြောသည်။
ထိုတရုတ်လုပ်ငန်းသည် အစိုးရပိုင်ဖြစ်ပြီး စီမံကိန်းလုပ်ပိုင်ခွင့်ရရေး ကမ္ဘောဒီးယား လုပ်ငန်းအဖြစ် မှတ်ပုံတင်ခဲ့ကာ ကမ္ဘောဒီးယား နိုင်ငံသားများကို ၎င်းတို့၏ မြေမှမောင်းထုတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဖေါ်ပြသည်။
ထိုသို့အရေးယူခြင်းကို ကမ္ဘောဒီးယားရှိ တရုတ်သံရုံးက ရှုတ်ချသည်။
“ဒီလုပ်ရပ်ဟာ တရားဝင်စီးပွားရေး အကျိုးစီးပွားကို ထိခိုက်စေရုံသာမက ကမ္ဘောဒီယားနိုင်ငံရဲ့ အချုပ်အခြာကို လုံး၀ ချိုးဖေါက်ခြင်းလည်း ဖြစ်တယ်” ဟု သံရုံး၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖေါ်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ပုဂ္ဂလိက လုပ်ငန်းအဖြစ် မှတ်ပုံတင်ထားသည့် Union Development Group ကို ယခင်က တရုတ်အိမ်ခြံမြေလုပ်ငန်း Tianjin Wanlong Group အဖြစ်လည်း သိကြကြောင်း ထိုလုပ်ငန်း၏ အင်တာနက်စာမျက်နှာက ဖေါ်ပြသည်။
ဒေသတွင်းတင်းမာမှု
အရှေ့တောင်အာရှသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား တင်းမာမှုကြီးထွားနေသည့် ရှေ့တန်း စစ်မျက်နှာဖြစ်နေပြီး တောင်တရုတ်ပင်လယ်တွင် ဘေ့ဂျင်း၏ ပိုင်နက်တောင်းဆိုမှုများနှင့် မဲခေါင်မြစ်အထက်ပိုင်းကို ဆည်ပိတ်ခြင်းတို့ကြောင့် အငြင်းပွားနေသည်။
ကမ္ဘောဒီးယား အစိုးရ ပြောခွင့်ရသူ ဖေးဆီဖန်က ဒါရာ ဆကော်ကို စစ်ဖက်ဆိုင်ရာများ လက်ခံရန်ပြောင်းလဲနိုင်သည်ဟု ပြောခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ကိုးကားဖေါ်ပြခဲ့သည်။
သို့သော် ထိုစကားကို မည်သည့်အချိန်က ပြောခဲ့သည်ကိုမူ ဖေါ်ပြခြင်း မရှိပေ။ ၂၀၁၉ ခုနှစ်က Bloomberg News မှ ဆောင်းပါးတခုတွင် ဆီဖန်က “ဒါရာဆာကော်က အရပ်ဖက် စီမံကိန်းပါ။ ဘာ စစ်စခန်းမှ မရှိဘူး။ ပြောင်းလဲလို့ရတယ်။ ဟုတ်တယ်၊ ခင်ဗျား ဘာကိုမဆိုပြောင်းလဲပစ်လို့ ရတာပဲ” ဟု ပြောခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဌာနက သူ့ကို မှားယွင်းကိုးကားခြင်းဖြစ်ကြောင်း ဆီဖန်က ပြောသည်။
“ဒါဟာလုပ်ကြံချဲ့ကားတဲ့ သတင်းအချက်အလက်ဖြစ်ပြီး လက်မခံနိုင်ဘူး” ဟု ဆီဖန်က သူ၏ ဖေ့ဘွတ်တွင်ပြောပြီး UDG ၏ စီမံကိန်းသည် တရားဝင်ပြီး အကျိုးရှိကြောင်းပြောသည်။
“ဒါဟာလုပ်ကြံချဲ့ကားတဲ့ သတင်းအချက်အလက်ဖြစ်ပြီး လက်မခံနိုင်ဘူး” ဟု ဆီဖန်က သူ၏ ဖေ့ဘွတ်တွင်ပြောပြီး UDG ၏ စီမံကိန်းသည် တရားဝင်ပြီး အကျိုးရှိကြောင်းပြောသည်။
ကမ္ဘောဒီးယားနိုင်ငံသည် မည်သည့်ပြည်ပတပ်အတွက်မျှ စစ်အခြေစိုက်စခန်အဖြစ် လုပ်ဆောင်မည်မဟုတ်ကြောင်း ကမ္ဘောဒီးယား အစိုးရလည်း အကြိမ်ကြိမ်ပြောသည်။ ကမ္ဘောဒီးယားသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ဒေသတွင်း မဟာမိတ် ဖြစ်လာခဲ့သည်။
အမေရိကန်နိုင်ငံက အထက်ပါအရေးယူပိတ်စို့မှုကို ဂလိုဘယ် မက်ဂနစ်စကီး အက်ဥပဒေ Global Magnitsky Act အရ ချမှတ်ခြင်းဖြစ်ပြီး ထိုဥပဒေအရ အမေရိကန်အစိုးရသည် ကမ္ဘာတဝန်းမှ လူ့အခွင့်အရေး ချိုးဖေါက်သူများကို ပိုင်ဆိုင်မှု သိမ်းယူခြင်း၊ ထိုသူများနှင့် အမေရိကန် နိုင်ငံသားများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တားဆီးခြင်းတို့ ပြုလုပ်နိုင်သည်။
ဒါရာဆကော်စီမံကိန်းသည် ကမ္ဘောဒီးယား အနောက်တောင်ဘက်ခြမ်း ထိုင်းပင်လယ်ကွေ့ကို မျက်နှာမူထားသော အမျိုးသားဥယာဉ်တခုတွင် တည်ရှိသည်။ မြေ ၄၅၀၀ ဟက်တာ (၁၁၁၂၀၀ ဧက) ကို ကမ္ဘောဒီးယားက တရုတ်လုပ်ငန်းသို့ ၉၉ နှစ် ငှားရန်းပြီး စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်သည်။
ကိုးကား။ ။ Reuters ၏ U.S. imposes sanctions on Chinese firm over Cambodia project
You may also like these stories:
တရုတ်က ငြင်းပေမယ့် ရွှေကုက္ကိုမြို့သစ် BRI အစိတ်အပိုင်းဟု Yatai ပြော
တရုတ် ကျောထောက်နောက်ခံပြု ရန်ကုန်မြို့သစ် ကနဦးအဆင့် တင်ဒါကို ကြီးကြပ်ရန် ဂျာမန်လုပ်ငန်းကို ငှား
ဆိုလာပါဝါစီမံကိန်း တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်မည့် အခြေအနေရှိ