ကိုဗစ်ရောဂါအရှိန် မြင့်တက်လာမှုကို အကြောင်းပြကာ တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေးကို အကန့်အသတ် စတင်လုပ်ဆောင်ခဲ့သော ထိုင်းနိုင်ငံက ယခုအခါ ပုံမှန် ကုန်သွယ်ရေး ပြန်လည်လုပ်ဆောင်နိုင်ရန် လာရောက် ညှိနှိုင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
စက်တင်ဘာ ၁၅ ရက်နေ့က စတင်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်တင်ယာဉ် ဝင်ထွက်ခွင့်များနှင့် ပတ် သက်၍ ထိုင်းနိုင်ငံက ၎င်းတို့ဘက်သို့ မြန်မာနိုင်ငံလိုင်စင်ဖြင့် မော်တော်ယာဉ် ၆ စီးသာ ဝင်ရောက်ခွင့်ပြုမည်ဟု နှစ်နိုင်ငံ သဘောတူညီမှု မရှိသေးဘဲ တဖက် သတ် ကန့်သတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်ကလည်း ထိုင်း မော်တော်ယာဉ် ၆ စီးကိုသာ ပေးဝင်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ယင်းအခြေအနေများကြောင့် စက်တင်ဘာ ၁၅ ရက်နေ့မှ ယနေ့ (စက်တင်ဘာ ၂၃) အထိ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်များသာ သွားလာခွင့်ပြုသည့် မယ်ဆိုင်- တာချီလိတ် အမှတ် ၂ တံတား တွင် ထိုင်းနိုင်ငံမှ မြန်မာသို့ တင်ပို့မည့် စက်သုံးဆီတင် မော်တော်ယာဉ်များ နှင့် ကုန်တင်ယာဉ်အများအပြား ပိတ်ဆို့ လျက်ရှိနေသည်။
တာချီလိတ် နယ်စယ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးစိန်ဝင်းက “ အခုကတော့ ထိုင်းနိုင်ငံဘက်က ပြန်လည်ညှိနှိုင်းမှု တွေ ပြန်လုပ်လာနေပါတယ်။ အခုချိန်က မြန်မာဘက်က ထိုင်းဘက်ကို သွားတာက နည်းနည်းပဲရှိတော့တာ ထိုင်းက လာတဲ့ ကုန်တွေက ပိုများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ နယ်စပ်ကုန်သွယ်ရေး ဒီလိုဖြစ်သွားတော့ နှစ်နိုင်ငံစလုံး ထိခိုက်မှု တွေတော့ ရှိတာပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံဘက်က ပမာဏပိုများတော့ သူတို့ဘက်က ကုန်သည်တွေ ပိုပြီး အထိနာတာပေါ့” ဟု ဆိုသည်။
တာချီလိတ်-မယ်ဆိုင်နယ်စပ်ကုန်သွယ်ရေးစခန်း မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်စည် တင်ပို့မှုသည် ၁ ရက် လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ မှ ၁၅၀၀၀၀ အထိ ရှိပြီး စက်သုံးဆီ၊ စားသောက်ကုန်၊ လုပ်ငန်းသုံးကုန်ပစ္စည်း တချို့ကို အဓိက တင်ပို့လျက် ရှိသည်။
လတ်တလောတွင် နယ်စပ်ကုန်သွယ်ရေး၌ ယာဉ်မောင်းလဲလှယ်သည့် စနစ် နှင့် ကုန်တင် မော်တော်ယာဉ် ၆ စီး ဖြင့်သာ အလဲအလှယ် လုပ်ဆောင်ပြီး ကုန်သွယ်နေရခြင်းကြောင့် ကုန်သွယ်မှုပမာဏမှာ သိသိသာသာ ကျဆင်း လျက်ရှိကြောင်း တာချီလိတ်-မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
ပြည်နယ်အစိုးရက အခုက စက်သုံးဆီကား ၁၁ စီး တက်လာနေပြီ။ ဒီနေ့ဆိုရင် ၄ စီးလောက် ရောက် လာတယ်။ အခု ထိုင်းဘက်နဲ့ ညှိနှိုင်းနေပြီဆိုတော့ ရက်သိပ်မကြာခင် ပြန်အဆင်ပြေသွားမှာပါ
ယင်းသို့ နယ်စပ်ကုန်သွယ်ရေး ကြန့်ကြာသွားခြင်းကြောင့် ထိုင်းကုန်သည်အများစုက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အုပ်ချုပ်ရေးမှူးကို ဖိအားပေး တောင်းဆိုမှုများ လုပ်ဆောင်လျက် ရှိကြောင်း တာချီလိတ်ဒေသခံ ၁ ဦးက ဧရာဝတီ သို့ပြောသည်။
၎င်းက “ မြန်မာဘက်က လူညီတာရော အခုက ပြောင်းပို့တဲ့ ရာသီလည်း မဟုတ်တော့ ဘာမှမပို့ဘဲ အကုန် ရပ်ထား ကြတယ်။ ထိုင်းကုန်သည်တွေက တော်တော်အထိနာကြတော့ အဲဒီ အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာ ဆီဘောက်ဆာ ကားတွေကို သွားရပ်ထားကြတာ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အစိုးရက တာချီလိတ်မြို့တွင် စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေး နှင့် ကုန်စည်များ ဈေးတက်မြင့်တက်မှု မရှိစေရန် အခြားမြို့မှ တဆင့် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။
ယင်းအပြင် ထိုင်းဘက်သို့ ဝင်ရောက်မည့် မြန်မာမော်တော်ယာဉ်များအနေဖြင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင် ထားရ သော်လည်း မြန်မာဘက်သို့ ဝင်ရောက်မည့် ထိုင်းမော်တော် ယာဉ်များမှာ မြန်မာဘက်တွင် မှတ်ပုံတင်ရသည့် လုပ်ငန်းစဉ် မရှိသေးသည့်အတွက် ထိုအစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်နေပြီ ဖြစ်သည်။
ဦးစိန်ဝင်းက “ပြည်နယ်အစိုးရက အခုက စက်သုံးဆီကား ၁၁ စီး တက်လာနေပြီ။ ဒီနေ့ဆိုရင် ၄ စီးလောက် ရောက် လာတယ်။ အခု ထိုင်းဘက်နဲ့ ညှိနှိုင်းနေပြီဆိုတော့ ရက်သိပ်မကြာခင် ပြန်အဆင်ပြေသွားမှာပါ” ဟု ပြောသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံဘက်က လာရောက်ဆွေးနွေးညှိနှိုင်းမှုများအတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် နေသလို မိမိတို့ဘက်မှလည်း ပြန်လည်ဆွေးနွေး ညှိနှိုင်းမည့် ကိစ္စများကိုလည်း ပြင်ဆင်လျက်ရှိကြောင်း တာချီလိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ လတ်တလော ဒီလောက်ပဲ ပြောလို့ရမယ် ကျန်တာတွေကတော့ ကျနော်တို့ ဆွေးနွေးပြီးမှ ဆက်ပြောနိုင် ပါမယ်” ဟုဆိုသည်။
အဆိုပါ တာချီလိတ်-မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေး အကန့်အသတ်များ ပြန်လည်ဖြေရှင်းရန် နှစ်နိုင်ငံ ဆွေးနွေးမှုကို စက်တင်ဘာ ၂၅ ရက်နေ့တွင် လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း အတည်ပြု မရသေးပါ။
တာချီလိတ်-မယ်ဆိုင် အကြား ပုံမှန်အချိန်ကာလတွင် ကုန်စည်ယာဉ်များဖြတ်သန်းမှုမှာ နေ့စဉ် အစီးရေ ၂၀၀ ခန့်ရှိပြီး ယခုတွင် ကုန်စည်ယာဉ်ဖြတ်သန်းမှုသည် အစီးရေ ၅၀ ခန့်သာ ရှိတော့ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါကူးစက်မှု ဒုတိယလှိုင်းအနေဖြင့် မြင့်တက်လျှက် ရှိသည့် အခြေအနေတွင် ထိုင်းနိုင်ငံဘက်မှ မြန်မာနှင့်နယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ထားပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး တံတားတွင်လည်း ကုန်စည်ယာဉ်များမှလွဲ၍ ဖြတ်သန်းခွင့်အား မတ်လကုန်ခန့် ကတည်းက နှစ်ဖက်သဘော တူညီချက်ဖြင့် ရပ်ဆိုင်းထားသည်။
ထိုင်း-မြန်မာ နယ်စပ်တခုဖြစ်သော ကရင်ပြည်နယ် ဘုရားသုံးဆူဂိတ်အနီး မြန်မာဘက် အခြမ်းတွင် ကိုဗစ်လူနာ တွေ့ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်က လူအဝင်အထွက် အပါ အဝင် စီးပွားရေးလုပ်ငန်းများ နှင့် ကုန်တင်သွင်း မှုကိုပါ အောက်တိုဘာ ၅ ရက်နေ့အထိ ပိတ်လိုက်ကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
You may also like these stories:
တာချီလိတ်-မယ်ဆိုင် ကြား ယာဉ်ဖြတ်သန်းခွင့် အပြန်အလှန်ကန့်သတ်