မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသော ကာတာ အခြေစိုက်ဆက်သွယ်ရေး အော်ပရေတာ အူရီဒူး၏ My Ooredoo မြန်မာ အက်ပလီကေးရှင်းသည် သုံးစွဲသူများ၏ အချက်အလက်လုံခြုံမှု မရှိကြောင်း ချက်နိုင်ငံနည်းပညာတက္ကသိုလ်၏ ထို App ကို လေ့လာသုံးသပ်ထားသည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။
My Ooredoo မြန်မာ အက်ပလီကေးရှင်းသည် အသုံးပြုသူများ၏ အချက်အလက်များကို အလွန်အကျွံ ကောက်ယူခြင်း၊ အသုံးပြုများ၏ အချက်အလက်ကို ၎င်း၏ Server သို့ ပေးပို့ရာတွင် လျို့ဝှက်ကုတ်စနစ်ကို အသုံးမပြုခြင်း၊ မလိုအပ်ဘဲ အသုံးပြုသူ၏ မိုဘိုင်းလ်ဖုန်း Features/service အများအပြားကို ဝင်ရောက်ခွင့်ပြုရန် တောင်းခံခြင်းနှင့် ထို အက်ပလီကေးရှင်းထဲတွင် ဒစ်ဂျစ်တယ် ငွေပေးချေမှုများ လုပ်ဆောင်ရာတွင်လည်း လုုံခြုံစိတ်ချရမှု မရှိကြောင်း ထို အစီအရင်ခံစာက ဆိုသည်။
“ဒီ App မျိုးတွေက အစိုးရထုတ်ထားတဲ့ အချက်အလက်တွေထက် ပိုပြီးကောက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ တချို့ဆိုရင် ဒေတာကို သူတို့အတွက် သုံးတာတွေအပြင် အခြားမိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေဆီ ပြန်ရောင်းတာတွေရှိတယ်”
ချက်နိုင်ငံ နည်းပညာတက္ကသိုလ်က My Ooredoo မြန်မာ အက်ပလီကေးရှင်းကို ၎င်းတို့၏ Civilsphere lab စီမံကိန်းအရ လေ့လာ သုံးသပ်ထားခြင်း ဖြစ်သည်။ ထို စီမံကိန်းသည် ဂျာနယ်လစ်များ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများနှင့် အများပြည်သူများ၏ ဘဝနှင့် အလုပ်အကိုင်ကို ထိခိုက်နိုင်သော ဒစ်ဂျစ်တယ် ခြိမ်းခြောက်မှုများကို မဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည့် စီမံကိန်း ဖြစ်သည်။
မြန်မာသတင်းအချက်အလက် လုံခြုံရေးဆိုင်ရာအသင်း (MISA) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလင်းရဲထွန်းက“ဒီ App မျိုးတွေက အစိုးရထုတ်ထားတဲ့ အချက်အလက်တွေထက် ပိုပြီးကောက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ တချို့ဆိုရင် ဒေတာကို သူတို့အတွက် သုံးတာတွေအပြင် အခြားမိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေဆီ ပြန်ရောင်းတာတွေရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်အက်ပလီကေးရှင်း အများစုသည် အများပြည်သူထံမှ အချက်အလက်များကို အလွန်အကျွံ ရယူနေကြသော်လည်း ၎င်းတို့ကိုယ်တိုင် မိမိအက်ပလီကေးရှင်းသည် လုံခြုံမှု ရှိ၊ မရှိကို ဆန်းစစ်လုပ်ဆောင်ခြင်းများ မရှိသလောက် အားနည်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဦးလင်းရဲထွန်းက “ကျနော်တို့ နိုင်ငံမှာ ဆိုက်ဘာဥပဒေ သေချာမရှိသေးတော့ ဒီကိစ္စတွေ ဖြေရှင်းနိုင်ဖို့က အရမ်းအားနည်းနေတယ်။ ဝန်ကြီးဌာန ကိုယ်တိုင်က လေ့လာစောင့်ကြည့်မှု သေချာမလုပ်ဘူး ။ သူတို့ တခုခု တောင်းရင်တောင် အော်ပရေတာက သူပေးချင်တဲ့ အချက်အလက်ကိုပဲ ပေးတာလေ။ ကျန်တာတွေ သူဆီမှာ ဘယ်လောက်ရှိမလဲဆိုတာ ဝန်ကြီးဌာန ကိုယ်တိုင်တောင် မသိနိုင်ဘူး” ဟု ပြောဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ခွင့်ပြုပေးထားသော ဆက်သွယ်ရေး အော်ပရေတာများထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပြည့်အဝ လုပ်ဆောင်နေသော ကုမ္ပဏီ ၂ ခုအထိ ရှိသောကြောင့် မိမိနိုင်ငံမှ အများပြည်သူများ၏ အချက်အလက်များသည် ပြင်ပသို့ ပေါက်ကြားနိုင်သလို အများပြည်သူများဆီမှ ရရှိသည့် အချက်အလက်များကို ပြန်လည်ရောင်းချမှုက ရရှိသည့် ဝင်ငွေများကိုလည်း အခွန်ကောက်ခံနိုင်မှု မရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။
အစိုးရအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ရေးကိစ္စကို လုပ်ဆောင်ထားမှုများ ရှိခြင်းကြောင့် အော်ပရေတာများအနေဖြင့် ယင်းသို့ အချက်အလက်များကို တောင်းခံတာများရှိပြီး ၎င်းတို့၏ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များ နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ လုပ်နိုင်ရေးအတွက် အသုံးပြုသူများ၏ အခြားအချက်အလက်များကိုလည်း ရယူမှုရှိနိုင်ပြီး ထိုအချက်အလက်များကို အခြားတတိယအဖွဲ့အစည်းသို့ ပေးပို့ပါက ဥပဒေအရ အရေးယူနိုင်ကြောင်း ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ဘက်ကလည်း တတိယအဖွဲ့အစည်းဆီ ပေးတာမျိုးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားတယ်။ သူတို့ကိုယ်တိုင် နိုင်ငံတကာကုမ္ပဏီတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ စံချိန်စံညွှန်းတွေနဲ့ ထိန်းတာမျိုးရှိတယ်။ တယ်လီနော ဆိုရင် ကျနော်တို့ တောင်းတဲ့ အချက်အလက်ကိုတောင် စံသတ်မှတ်တွေ ပြည့်မီမှ အပြည့်အဝ ပေးတာရှိပါတယ်” ဟု ဆိုသည်။
“ဒီအဖွဲ့အစည်းကိုလည်း မေးစရာတာက ဘာလို့ အူရီဒူးကို ရွေးလုပ်တာလည်းပေါ့။ တခြား တယ်လီနော လည်း ရှိနေတာပဲလေ။ ဆက်သွယ်ရေးအော်ပရေတာများအနေနဲ့ကလည်း သူတို့ App တွေ လုံခြုံမှု ရှိ၊ မရှိကို အမြဲ လုပ်နေတာတွေရှိတယ်။ ဒါပေမယ့် တဖက်လည်း နည်းပညာအရက အားနည်းချက် တခုခုကတော့ ရှိနေနိုင်တာပေါ့”
ချက်နိုင်ငံ နည်းပညာတက္ကသိုလ်၏ My Ooredoo မြန်မာအက်ပလီကေးရှင်း အပေါ် လေ့လာသုံးသပ်ထားမှုများအရ အခြား အက်ပလီကေးရှင်း အများစုသည်လည်း ယင်းသို့ လုပ်ဆောင်လေ့ရှိပြီး အူရီဒူးအက်ပလီအေးရှင်း၏ လုံခြုံမှုမရှိသည့် ကိစ္စများကို ပို၍ သက်သေချက်များ ဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီအဖွဲ့အစည်းကိုလည်း မေးစရာတာက ဘာလို့ အူရီဒူးကို ရွေးလုပ်တာလည်းပေါ့။ တခြား တယ်လီနော လည်း ရှိနေတာပဲလေ။ ဆက်သွယ်ရေးအော်ပရေတာများအနေနဲ့ကလည်း သူတို့ App တွေ လုံခြုံမှု ရှိ၊ မရှိကို အမြဲ လုပ်နေတာတွေရှိတယ်။ ဒါပေမယ့် တဖက်လည်း နည်းပညာအရက အားနည်းချက် တခုခုကတော့ ရှိနေနိုင်တာပေါ့”ဟု ဦးမျိုးဆွေက ဆိုသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၇ တွင် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းမှ တဆင့် ထုတ်လွှင့်သော သို့မဟုတ် ဖမ်းယူသော သတင်းအချက်အလက်များ၊ အကြောင်းအရာများနှင့် သုံးစွဲသူပြည်သူ တဦးချင်းစီ၏ လျှို့ဝှက်ထားရှိရမည့် သတင်းအချက်အလက်များကို လုုံခြုံစွာ ထိန်းသိမ်းထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုထားသည့်ကိစ္စမှ အပ သက်ဆိုင်ခြင်း မရှိသူအား ထုတ်ဖော် အသိပေးခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
အူရီဒူးမြန်မာအနေဖြင့် My Ooredoo မြန်မာ အက်ပလီကေးရှင်း၏ ဒေတာစုဆောင်းမှုနှင့် လုံခြုံရေးပိုင်းများကို ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်ရှိ အကောင်းဆုံး အလေ့အကျင့်များအတိုင်း ကိုက်ညီမှုစေရန် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း နယ်ပယ်ဆိုင်ရာ ကျင့်သုံးမှု စံနှုန်းအတိုင်း သုံးစွဲသူ၏ ဖုန်းနံပါတ်နှင့် ဖုန်းအမျိုးအစားကလွဲလို့ အခြားသောပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကောက်ယူခြင်း မရှိကြောင်း အူရီးဒူးမြန်မာ၏ Head of Corporate Communications ဦးတင့်နိုင်ထွဋ်က ဧရာဝတီသို့ ပြောသည်။
၎င်းတို့ ဒေတာကောက်ယူမှုများသည် သုံးစွဲသူများအတွက် ကောင်းမွန်စွာ စာရင်းသွင်း အသုံးပြုနိုင်ရေးနှင့် App သုံးစွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများ ရရှိစေရန်ဖြစ်ပြီး လုပ်ဆောင်ချက်ပိုင်းဆိုင်ရာများ ဖော်ဆောင်ခြင်းနှင့် သုံးစွဲသူများအတွက် အကောင်းဆုံး အတွေ့အကြုံများ ရရှိစေရန်သာ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
My Ooredoo မြန်မာအက်ပလီကေးရှင်းသည် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်အားလုံးကို Encrypt (စာနှင့် သတင်းအချက်အလက်များကို သက်ဆိုင်သူများသာ ဖတ်ရှူနားလည်နိုင်မည့် ကုဒ်အဖြစ်ပြောင်းလဲခြင်း) ပြုလုပ်ထားပြီး ဖုန်းဘေလ်ဆိုင်ရာ လုပ်ဆောင်ချက်များ အားလုံးကိုလည်း 512 bit key encryption စနစ်ဖြင့် လုံခြုံအောင် ကာကွယ်ထားကြောင်း အူရီဒူးထံမှ သိရသည်။
“ကျနော်တို့က ကုမ္ပဏီ စကတည်းကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရှိစေရေးကို ကြပ်ကြပ်မတ်မတ်နဲ့ တာဝန်ယူပြီးတော့ကို လုပ်ပါတယ်။ တချို့ကိစ္စမှာတွေ အစိုးရက သုံးစွဲသူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ တောင်းရင်တောင် ကျနော်မပေးခဲ့တာမျိုးတွေအထိ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အော်ပရေတာတခုတည်းကို ကွက်ပြီး လုပ်တဲ့ ကိစ္စကတော့ အဲဒီသက်ဆိုင်သူတွေပဲ ပိုသိမယ်ထင်ပါတယ်”
ငွေဖြည့်သွင်းသည့် စာမျက်နှာ ပထမအကြိမ် ဒေါင်းလုတ်သည် Hypertext Transfer Protocol (HTTP) source မှဖြစ်ပြီး သုံးစွဲသူများကို App အသုံးပြုရာတွင် အခက်အခဲမရှိ ကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံကို ရရှိစေကြောင်း၊ App ထဲမှ ဖုန်းဘီလ်ဆိုင်ရာလုပ်ဆောင်ချက် အားလုံးကို 512 bit key encryption နှင့် လုံခြုံအောင် ကာကွယ်ထားကြောင်း သိရသည်။
ဦးတင့်နိုင်ထွဋ်က“ကျနော်တို့က ကုမ္ပဏီ စကတည်းကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရှိစေရေးကို ကြပ်ကြပ်မတ်မတ်နဲ့ တာဝန်ယူပြီးတော့ကို လုပ်ပါတယ်။ တချို့ကိစ္စမှာတွေ အစိုးရက သုံးစွဲသူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ တောင်းရင်တောင် ကျနော်မပေးခဲ့တာမျိုးတွေအထိ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အော်ပရေတာတခုတည်းကို ကွက်ပြီး လုပ်တဲ့ ကိစ္စကတော့ အဲဒီသက်ဆိုင်သူတွေပဲ ပိုသိမယ်ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် ခွင့်ပြုချက်တောင်းခံခြင်းများနှင့်လည်း ပတ်သက်ပြီး အူရီဒူးအနေဖြင့် App ၏ လုပ်ဆောင်ချက်အသစ်များ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် ခွင့်ပြုချက်များကို အမြဲပုံမှန် ပြန်လည်ဆန်းစစ်မှုများရှိပြီး တချို့တောင်းခံခဲ့သော ခွင့်ပြုချက်များလည်း လက်ရှိတွင် ဖယ်ရှားပြီးဖြစ်ကြောင်း သိရသည်။
My Ooredoo မြန်မာအက်ပလီကေးရှင်းသည် သုံးစွဲသူများ၏ မိုဘိုင်းဖုန်းထဲတွင် အခြားသူများ၏ ဖုန်းနံပတ် သိမ်းဆည်း ထားသည့် စနစ်၊ ရောက်ရှိနေသော တည်နေရာ၊ ကင်မရာ၊ အသံဖမ်းစနစ်၊ မက်ကရိုဖုန်းနှင့် အပိုသိမ်းဆည်း ထည့်သွင်း ထားသော မက်မိုရီစနစ်များသို့ တောင်းခံထားကြောင်းသည် အသုံးပြုများ၏ အချက်အလက်ကို အလွန်အကျွံတောင်းခံသည့် အချက်တခုအဖြစ် ချက်နိုင်ငံနည်းပညာတက္ကသိုလ်၏ လေ့လာတွေ့ရှိချက် ဖော်ပြထားသည်။
ယင်းအပြင် အသုံးပြုများ၏ အချက်အလက်ကို ၎င်း၏ Server သို့ ပေးပို့ရာတွင် URL(Uniform Resource Locator) ကိုသာ အသုံးပြုပြီး လျို့ဝှက်ကုတ်စနစ် (encryption) အဖြစ် ပြောင်းလဲထားခြင်း မရှိခြင်းဘဲ ၎င်း၏ ဝက်ဘ်ဆိုက်(Post) သို့ ပို့ခြင်းကြောင့် App လုံခြုံရေးတခုခု ကျိုးပေါက်သွားပါက သုံးစွဲသူများ၏ အချက်အလက်များကို အလွယ်တကူ ရရှိသွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အိုင်တီပညာရှင် ဦးရဲမြတ်သူက “App တိုင်းကတော့ သုံးမယ်ဆိုကတည်းက အသိပေးတာပဲ ဒါတွေခွင့်ပြုမှ သုံးလို့ရ မယ်ဆိုတာပေါ့။ တခုခုဖြစ်လာရင် မင်းကို အရင် ခွင့်ပြုချက်တောင်းထားပြီးမှ ယူတာဆိုတာမျိုး ပြန်ပြောမှာ။ ဒါပေမယ့် တဖက်မှာ ခွင့်မပြုထားဘဲလည်း အများကြီးယူနေကြတာပဲ။ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတွေရဲ့ စီးပွားရေး ပုံစံကိုက ဖုန်းပြောခတို့ အင်တာနက်ဝန်ဆောင်ခပဲနဲ့ လုပ်နေတာမှ မဟုတ်တာ ဒီအချက်အလက်ရောင်းတွေလည်း ပါတာကို” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ ကျနော်တို့က ၁၅ သိန်းကနေ ၅ ထောင်ဖြစ်ဖို့ပဲတွေးခဲ့တာကို ဒါတွေကို သေချာမှ မလုပ်ထားတာ ဥပဒေမှာကိုက အားနည်းချက်တွေအများကြီးပဲ။ ဝန်ကြီးဌာနက အဲဒီအဆင့်တွေအထိ စစ်ဆေးနိုင်ဖို့ လုပ်နိုင်ဖို့ မပြောပါနဲ့ဦး မှတ်ပုံတင်ပါနဲ့ပဲ ဆင်းမ်ကတ်ရောင်းရမယ်ဆိုတာကိုတောင် သူဘယ်လောက်ထိန်းနိုင်လို့လဲ” ဟု ထောက်ပြသည်။
အခြားနိုင်ငံများတွင် ဆက်သွယ်ရေးအော်ပရေတာများက သူတို့ ရရှိထားသော သုံးစွဲသူများ၏ အချက်အလက်များကို အစိုးရ၏ ဒေတာစင်တာသို့ မဖြစ်မနေ ပေးပို့ရမည်ဟု အတိအကျသတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အဆိုပါ အချက် အလက်များကို ရရှိရန်အတွက် တောင်းခံမှုရပြီး ဆက်သွယ်ရေးအော်ပရေတာများက ပေးချင်သော အချက်အလက်ကိုသာ ရရှိနေကြောင်း ဦးရဲမြတ်သူက ပြောသည်။
“ကျနော်ကတော့ သူတောင်းတာတွေ သိပ်များတယ်လို့ မထင်သေးဘူး။ တခြား App တွေလည်း ဒီလိုပဲ တောင်းတာ ဖုန်း Contact၊ ကင်မရာတို့ စသည် ဖြင့်ပေါ့၊ ကျနော်တို့က သုံးချင်တော့ ပေးလိုက်ရတာပဲ။ ဒါပေမယ့် သူတို့တွေ တလွဲသုံးသလား မသုံးသလား ဆိုတာကို သုံးစွဲသူတွေက မသိနိုင်ဘူးလေ။ စုံစမ်းဖော်ထုတ်ရမှာက သက်ဆိုင်ရာဝန်ကြီးဌာနပေါ့။ သူက အရေးကြီးဆုံးပဲ”
လက်ရှိအချိန်အထိ My Ooredoo မြန်မာ အက်ပလီကေးရှင်းအနေဖြင့် အသုံးပြုသူများဆီမှ တောင်းခံနေသော အချက်အလက်များသည် ဆက်သွယ်ရေးအော်ပရေတာ တခုအနေဖြင့် ရယူနေသည်များ အလွန်အကျွံ သဘောမျိုး မဖြစ်သေးကြောင်း Yangon Heartz Media ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်ဇော်မျိုးလွင်က ဧရာဝတီသို့ ပြောသည်။
My Ooredoo မြန်မာအက်ပလီကေးရှင်းကို အသုံးပြုနေသူတဦးလည်း ဖြစ်သည့် ၎င်းက“ကျနော်ကတော့ သူတောင်းတာတွေ သိပ်များတယ်လို့ မထင်သေးဘူး။ တခြား App တွေလည်း ဒီလိုပဲ တောင်းတာ ဖုန်း Contact၊ ကင်မရာတို့ စသည် ဖြင့်ပေါ့၊ ကျနော်တို့က သုံးချင်တော့ ပေးလိုက်ရတာပဲ။ ဒါပေမယ့် သူတို့တွေ တလွဲသုံးသလား မသုံးသလား ဆိုတာကို သုံးစွဲသူတွေက မသိနိုင်ဘူးလေ။ စုံစမ်းဖော်ထုတ်ရမှာက သက်ဆိုင်ရာဝန်ကြီးဌာနပေါ့။ သူက အရေးကြီးဆုံးပဲ”ဟု ဆိုသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အူရီဒူးသုံးစွဲသူပေါင်း ၁၄ ဒသမ ၈ သန်းကျော် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာများအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT၊ အူရီဒူး (Ooredoo)၊ တယ် လီနော (Telenor) နှင့် MyTel တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားပြီး မိုဘိုင်းဖုန်းသုံးစွဲသူပေါင်း ၉၁ သန်းကျော် အထိ ရှိကြောင်း ဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့ လူဦးရေသည် သန်း ၅၀ ကျော်သာ ရှိသော်လည်း လူတယောက်သည် မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်ကို နှစ်ခုမှ သုံးခုအထိ အသုံးပြုလျက် ရှိကြသည်။
You may also like these stories:
CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို
မြန်မာ့စီးပွားရေး ထိုးကျနေသော်လည်း ပြန်ခေါင်းထောင်မည်ဟု ADB ဆို
ရွှေလီမြို့ Lockdown ချလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ