ထိုင်း- မြန်မာ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများထဲမှ အဓိကကုန်သွယ် ရေးစခန်း တခုဖြစ်သော မြဝတီမှ တဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ နီးပါးအထိ တိုးတက် လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့ မှ ၂၀၂၀ စက်တင်ဘာလ ၂၅ ရက်နေ့အထိ မြဝတီ နယ်စပ် ကုန် သွယ်ရေး စခန်းမှ ၂ နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ သန်း ၁၁၉၂ ကျော်အထိရှိပြီး ယခင်ဘဏ္ဍာနှစ် ကာ လတူထက် သန်း ၂၄၀ ကျော် ပိုမို ရရှိခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံညှိနှိုင်း သဘောတူချက်အရ မြန်မာနိုင်ငံမှ ပြောင်းများကို ဖေဖော်ဝါရီလမှ သြဂုတ်လကုန်အထိ ထိုင်းနိုင်ငံသို့ အခွန်သက်သာခွင့်ဖြင့် တင်ပို့ခွင့် ရရှိခြင်း အပါအဝင် ရေထွက် တင်ပို့မှုများသည်လည်း မြဝတီ နယ်စပ် ကုန်သွယ် ရေးစခန်းက တင်ပို့ရာတွင် တိုးတက်မှု ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြော သည်။
၎င်းက ဆက်လက်၍ “ ပြောင်းဆိုရင် အရင်က တရုတ်ကိုပဲ ပုံမှန်တင်ပို့တာပေါ့ ဒါပေမယ့် ဒီဘဏ္ဍာနှစ်မှာက တရုတ် နိုင်ငံက ကန့်သတ်မှုတချို့ကြောင့် ထိုင်းနိုင်ငံဘက်ကို တန်ချိန် ၁သန်းကျော်လောက် တင်ပို့နိုင်ခဲ့တယ်။ တခြားဈေး ကွက် ရသလို ဖြစ်ခဲ့တယ် ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ သန်း ၉၆၀ ခန့်သာရှိပြီး ယခုဘဏ္ဍာ နှစ်တွင် ယင်းပမာဏထက် သုံးပုံတပုံ အထိ တိုးတက်လာခဲ့ကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ ကိုဗစ်ကာလထဲမှာတောင် ကုန်သွယ်မှုက နည်းနည်းတက်ခဲ့တယ်။ ဒါကလည်း ကျနော်တို့ နှစ်နိုင်ငံက အသွားအလာ အကန့်အသတ်တွေ လုပ် ထားပေမယ့် ကုန်သွယ်မှုလုပ်ငန်းတွေ မရပ်တန့်သွားအောင် လုပ်ဆောင် နိုင်ခဲ့တာကြောင့်လည်း ပါတယ်”ဟု ရှင်းပြသည်။
နှစ်နိုင်ငံကုန်သွယ်မှုက ပမာဏ တိုးတက်လာခဲ့သလို ယခင်နှစ်များက မြန်မာက ပို့ကုန်တင်ပို့မှုသည် ၅ ရာ ခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် ပို့ကုန်တင်ပို့မှုသည် ၄၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်(၂၀၂၀ စက်တင်ဘာ ၂၅ရက်နေ့အထိ)တွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှုသည် အမေရိကန် ဒေါ် လာ သန်း ၃၈၀ ကျော် အထိရှိခဲ့ပြီး ထိုင်း နိုင်ငံဘက်က သွင်းကုန်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ သန်း ၈၁၀ ကျော်အထိ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
ပြောင်းကုန်သည်တဦးဖြစ်သည့် ဒေါ်ဝေမျိုးထက်က “ အခုနှစ်ပိုင်းမှာက ထိုင်းဘက်က ပြောင်းပို့တာက အခြေအနေ နည်းနည်းကောင်းလာတော့ တချို့ ဆန်ကုန်သည်တွေတောင် ပြောင်းဘက်က ပြောင်းလုပ်လာကြတယ်။ ပြီးတော့ အခုက တရုတ်ဘက်မှာက အကန့်အသတ်တွေ ရှိလာတော့ ဒီဘက်ထိုင်းဘက် ကို ပိုတိုးလာကြတာလည်း ပါတယ် ” ဟု ပြောသည်။
တရုတ်နိုင်ငံဘက်က ပြောင်းတင်ပို့မှုကို ကန့်သတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် အခက်အခဲ ဖြစ်ပေါ် ခဲ့သဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းလဲတင်ပို့ခဲ့ရသည်။ သို့သော်လည်း တရုတ်ဈေးကွက်တွင် ပြောင်းလိုအပ်ချက် နေခြင်းကြောင့် တရုတ်ကုန်သည်များသည် မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံမှ ကုန်သည်များဆီမှ ပြန်လည်ဝယ်ယူပြီး လာအိုနိုင်ငံမှ တဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့လျက်ရှိကြောင်း ပြောင်းကုန်သည်များ ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန် ၇၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ထို၂ နိုင်ငံစလုံးနှင့် နယ်စပ်ကုန်သွယ်ရေးစနစ် လက္ခဏများသည် သိပ်ကွာခြားမှု မရှိသော်လည်း တရုတ်သို့ တင်ပို့သော ပို့ကုန်များသည် တရုတ်ဈေးကွက်သို့သာ တိုက်ရိုက်ရောင်းချခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့မှုတွင်မူ ထိုင်းဈေးကွက် နှင့် ထိုင်းမှ တဆင့် တခြားနိုင်ငံဈေးကွက်များသို့ တင်ပို့သည့် အခြေအနေများရှိကြောင်း စီးပွားရေးသုတေသီ ဦးမင်းဇာနည်လင်းက ပြောသည်။
၎င်းက “ ကိန်းဂဏန်းတွေ တက်လာတာတော့ကောင်းပါတယ်။နယ်စပ်ကုန်သွယ်ရေးမှာက ဟိုဘက်ဒီဘက် တရားဝင်လို့ သတ်မှတ်ထားတဲ့ ဂိတ်တွေရှိသလို တရားမဝင်လို့ သတ်မှတ်ထား တာတွေ လည်းရှိတယ်။ ဒါအပြင့် ဟိုဘက်က တရားဝင်လို့သတ်မှတ်ပြီး ဒီဘက်က တရားမဝင်လို့ သတ်မှတ်တာ တွေလည်းရှိနေတော့ ကိုဗစ်ဖြစ်တဲ့ အချိန်မှာ ထိုင်းက တရားမဝင်ဂိတ်တော်တော်များပိတ်လိုက်တော့ အဲဒီကကုန်တွေ ဒီဘက် တရား ဝင်ဂိတ်ကို တိုးလာတာလားပေါ့ ဒါလည်း ပြန်ဆန်းစစ်ဖို့ လိုမယ်” ဟု မှတ်ချက်ပြုသည်။
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ တရားမဝင်ကုန်သွယ်ရေးဂိတ် ပေါင်းများစွာရှိနေပြီး ယင်းဂိတ်များမှ ကုန်သွယ်မှုသည် တရားဝင်ဂိတ်များမှ ကုန်သွယ်မှု ပမာဏထက် ပိုမို များပြားကြောင်း ဦးမင်းဇာနည်လင်းက ဆိုသည်။
မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ ဆန်ကွဲ၊ ပြောင်း၊ မြေပဲ၊ ကြက်သွန် အစရှိသော လယ်ယာထွက်ကုန်များ အပါအဝင် ရေထွက်ကုန်များကို အဓိက တင်ပို့လျက် ရှိပြီး ထိုင်းနိုင်ငံမှ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ယန္တရားများ၊ မော်တော်ဆိုင် ကယ်များ နှင့် ကုန်ပစ္စည်းမျိုးစုံကို ပြန်လည်တင်သွင်းလျက်ရှိသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
မဖြစ်မနေ လုပ်ရမည့် ဆောက်လုပ်ရေး လုပ်ငန်းစဉ် အနည်းငယ်ကို လုပ်ကိုင်ခွင့်ပြုမည်
လက်ခစား စက်ရုံအလုပ်ရုံ လုပ်သားများ လစာထုတ်မရ၍ အခက်ကြုံ
ကိုဗစ်ကြောင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း ပြန်လည်သုံးသပ်မည်