မြန်မာ့ ငါးမြစ်ချင်းများ အဓိကတင်ပို့နေသည့် အရှေ့အလယ်ပိုင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ပြီးခဲ့သည့် ရက်ပိုင်း ၎င်းတို့ ဆိပ်ကမ်းများသို့ ရောက်ရှိလာသော မြန်မာ့ရေထွက်ကုန်များ အဝင်မခံသည့် ကိစ္စနှင့် ပတ် သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဆွေးနွေးညှိနှိုင်းနေကြောင်းသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက“ ဒီက စက်ရုံ ၁၉ ရုံရဲ့ အရည်အသွေးဆိုင်ရာ အချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနကနေ တဆင့် ဆော်ဒီဘက်ကို ပို့ပေးထားတယ်။ ဒီဘက်ကပို့လိုက်တဲ့ မွေးမြူရေး(ရေချိုငါး) နဲ့ သဘာဝက ဖမ်းဆီးရတဲ့ ငါးတွေရော လက်ခံပေးဖို့ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ အစားသောက် နှင့် ဆေးဝါးကွပ်ကွဲရေးအာဏာပိုင်အဖွဲ့ SFDA က ပြီးခဲ့သည့်နှစ် များကတည်းက မြန်မာ့ရေထွက်ကုန်များကို တင်သွင်းမှုကို ကန့်သတ်ထားခဲ့ပြီး သဘာဝမှ ဖမ်းဆီးရမိသော ငါးများကိုသာ ပြန်လည် တင်ပို့ခွင့်ကို ၂၀၂၀ သြဂုတ်လတွင် ကုမ္ပဏီ ၁ ခု နှင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ကုမ္ပဏီ ၁ စုစုပေါင်း ကုမ္ပဏီ ၂ခုကိုသာ ခွင့်ပြုထားသေးကြောင်း သိရသည်။
လက်ရှိတွင် ဆော်ဒီနိုင်ငံဘက်က SFDA ၏ ခွင့်ပြုချက်မရှိထားဟုဆိုကာ ထိုနိုင်ငံ၏ ဆိပ်ကမ်း ၂ ခုတွင် အမေရိကန်ဒေါ်လာ ၆ သောင်းမှ ၈ သောင်းကြားရှိသော မြန်မာ့ရေထွက်ကုန် (မွေးမြူရေးငါးနှင့် သဘာဝမှ ဖမ်းမိသောငါး) ကွန်တိန် နာအလုံး ၃၀ ခန့် ပိတ်မိလျက်ရှိကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများ နှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
“ အခုကတော့ ဆွေးနွေးညှိနှိုင်းထားတာပေါ့ သူတို့ဘက်က ဘယ်ဟာကို ခွင့်ပြုမလဲ မသိသေး ဘူး။ သူတို့ဘက်က ခွင့်ပြုထားတဲ့ ကုမ္ပဏီ ၂ ခုကလည်း သဘာဝကရတဲ့ ငါးပဲ မွေးမြူရေး ငါး မပါတော့ဘူး လေ။ အခုပိတ်မိနေတာက မွေးမြူရေးငါးရော သဘာဝကရတဲ့ ငါးရော နှစ်မျိုးစလုံး ဖြစ်နေတယ်”
ဦးမြင့်ဇင်ထူးက “ အခုကတော့ ဆွေးနွေးညှိနှိုင်းထားတာပေါ့ သူတို့ဘက်က ဘယ်ဟာကို ခွင့်ပြုမလဲ မသိသေး ဘူး။ သူတို့ဘက်က ခွင့်ပြုထားတဲ့ ကုမ္ပဏီ ၂ ခုကလည်း သဘာဝကရတဲ့ ငါးပဲ မွေးမြူရေး ငါး မပါတော့ဘူး လေ။ အခုပိတ်မိနေတာက မွေးမြူရေးငါးရော သဘာဝကရတဲ့ ငါးရော နှစ်မျိုးစလုံး ဖြစ်နေတယ်” ဟု ရှင်းပြ သည်။
ဆော်ဒီနိုင်ငံဘက်က မြန်မာ့ရေထွက်ကုန်များ တရားဝင်တင်ပို့ခွင့်ကို မြန်မာကုမ္ပဏီတခုတည်းကိုသာ ခွင့်ပြုထား ခြင်းကြောင့် တခြားကုမ္ပဏီများမှ တင်ပို့လာသော ကုမ္ပဏီများ၏ ရေထွက်ပို့ကုန်များသည် တရားဝင်ခွင့်ပြု ထား ခြင်းမရှိသည့် သဘော ဖြစ်နေသဖြင့် ဆိပ်ကမ်းများမှ ထုတ်ခွင့်မရှိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။
၎င်းက “ သူတို့က ကုမ္ပဏီ ၁ခုပဲ ခွင့်ပြုထားတာဆိုတော့ ကျန်ကုမ္ပဏီတွေက မရတဲ့သဘော ဖြစ်သွားတယ်။ ဒီဘက်က တင်ပို့တဲ့ ကိစ္စကိုလည်း အသေးစိတ် နောက်ကြောင်း ပြန်လိုက်နေပါတယ်။” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဆော်ဒီနိုင်ငံသို့ ပုံမှန်ငါးတင်ပို့နေသော ဒေသတွင်းနိုင်ငံတခုဖြစ်သည့် ဗီယက်နမ် နိုင်ငံရှိ အအေးခန်းစက်ရုံတချို့ကို ဆော်ဒီနိုင်ငံက အရည်အသွေးစစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ် စံနှုန်းများ မပြည့်မိသောကြောင့် ဗီယက်နမ် အပါအဝင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံများ၏ ငါးတင်ပို့ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ကျန် ၃ နိုင်ငံကို အစိုးရချင်း သဘောတူညီမှုများဖြင့် ပြန်လည်တင်ပို့ခွင့်ပြုထားပြီး မြန်မာနိုင်ငံရှိ အအေးခန်းစက်ရုံကိုများကိုလည်း လာရောက်စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ အပြည့်အဝ ပြန်လည်ခွင့်ပြုခြင်း မရှိသေးပေ။
မြန်မာနိုင်ငံက ဆော်ဒီနိုင်ငံသို့ ငါးမြစ်ချင်း အပါအဝင် ရေထွက်ကုန်များ နှစ်စဉ်တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၂၅ သန်း ဝန်းကျင်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
အိန္ဒိယ အစိုးရက မြန်မာ့မတ်ပဲ တန်ချိန် ၁ သိန်းခွဲ တင်သွင်းခွင့်ပြု
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၁၂၀၀ နီးပါး တိုးတက်
စက်မှုကုန်ထုတ်လုပ်ငန်း ရပ်ထားရ၍ မှာယူသူများမှ နိုင်ငံပြောင်းရွှေ့အပ်နှံမှု ရှိလာ ဟုဆို