စီးပွားရေး

ဒေါ်လာဈေးကျ၊ ပို့ကုန်လုပ်ငန်းများ အခက်တွေ့

Want create site? Find Free WordPress Themes and plugins.

အကျ ဘက်သို့ ဦးတည်နေသည့် အမေရိကန်ဒေါ်လာဈေးကြောင့် ပြည်ပပို့ကုန်လုပ်ငန်းများ အခက်တွေ့နေကြရကြောင်း လုပ်ငန်းရှင်များ က ပြောသည်။

လက်ရှိအချိန်၌ ပြည်တွင်းနှင့် နိုင်ငံတကာ၌ ဈေးကွက်များတွင် ကိုဗစ် ၁၉ ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ နှေးကွေးလျက်ရှိသလို ပို့ကုန်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိရာ ယခုအခါ အမေရိကန်ဒေါ်လာဈေးနှုန်းကပါ အကျ ဘက်ရောက်နေခြင်းကြောင့် ပို၍ အခက်တွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဧရာဝတီသို့ ပြောသည်။

၎င်းက ” ပြည်တွင်းပြည်ပ ဈေးကွက်တွေ အားလုံးယိုင်သွားတာလေ။ ကုန်ပစ္စည်းတွေ ရောင်းချင်တိုင်း ရောင်းလို့ မရ တော့ဘူး။ ကိုဗစ်ကြောင့်ပဲ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အဟန့်အတားတွေ ပိတ်ပင်မှုတွေကြောင့် နောက်ဆက်တွဲက ရောင်း မကောင်းဘူး။ ဈေးတွေကျကုန်တယ်။ အခု ဒေါ်လာဈေးပါ ကျနေတော့ နောက်ထပ် အခက်အခဲတခု ထပ်ပိုးလိုက်သလို ဖြစ်တာပေါ့” ဟု ရှင်းပြသည်။

လတ်တလောတွင် မြန်မာ့ရေထွက်ကုန်များကို တရုတ်သို့ တင်ပို့သည့် မူဆယ်ကုန်သွယ်စခန်း နှင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်း(ကော့သောင်း-ရနောင်း၊ မြဝတီ- မဲဆောက်) များတွင် အကန့်သတ်များနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ပို့ကုန်လျှော့ချခြင်းနှင့် ဈေးနှုန်းကျဆင်း ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဦးဝင်းကြိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်တခုဖြစ်သည့် ဆန်တင်ပို့မှုတွင်လည်း နိုင်ငံတကာဈေးကွက်၌ ဆန်ဈေးနှုန်းကျဆင်းခြင်း၊ ပြည်တွင်း၌ သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ရန်ကုန်သို့ ဆန်အပြည့်အဝ မဝင်လာခြင်း နှင့် အမေရိကန် ဒေါ်လာ ဈေးကျဆင်းခြင်းများက လုပ်ငန်း လုပ်ဆောင်ရာတွင် အရဲစွန့်လုပ်ဆောင်နေရကြောင်း ဘုရင့်နောင်ဆန် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦသန်းဦးက ဧရာဝတီသို့ပြောသည်။

၎င်းက ” အခုက မိုးရွာကြောင့် စပါးတွေက သေချာမရိတ်သိမ်းနိုင်၊ နယ်က ဆန်တွေ ရန်ကုန်ပို့ဖို့ ကိုလည်း သယ်ယူပို့ ဆောင်ရေး အခက်အခဲတွေဖြစ်တော့ ဆန်က အဝင်နည်းနေတယ်။ ဒီက ပြည်ပတင်ပို့တင်တဲ့သူတွေကလည်း ဟိုဘက်နဲ့ စာချုပ်ချုပ်ဆိုတဲ့အတိုင်း သင်္ဘောအမှီ မတင်နိုင်မှာကို စိုးရိမ်နေရတယ် ” ဟု ဆိုသည်။

ဦးသန်းဦးက ဆက်လက်၍ ” ငွေဈေးကလည်း ကျပ် ၁၃၀၀(၁ဒေါ်လာ) အောက်ကို ဆင်းဆင်းသွားတော့ ရောင်းထားတဲ့ ဈေးနဲ့ ကိုက်ပါတော့မလားပေါ့ အခုက အရဲစွန့်ပြီး လုပ်နေကြရတယ်” ပြောသည်။

လတ်တလောတွင် ပြည်ပဆန်တင်ပို့မှု၌ ၂၅ မတ် ဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ ဝန်းကျင် နှင့် ၁၀ မတ် ဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ မှ ၄၂၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းသည် ၁ ဒေါ်လာလျှင် ကျပ် ၁၃၁၅ မှ ၁၃၂၀ ဝန်းကျင်အထိသာ ပေါက်ဈေး ရှိနေရာမှ ပြီးခဲ့သည့် အပတ်တွင်း၌ ၁ ဒေါ်လာကို ကျပ် ၁၂၉၀ မှ ၁၂၈၀ ကျော်ဝန်းကျင်းသို့ ဈေးနှုန်းကျဆင်းသွားခဲ့သည်။

အမေရိကန်ဒေါ်လာဈေးနှုန်းသည် မြန်မာနိုင်ငံတွင် ၂၀၂၀ နှစ်ဦးပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ကျပ် ၁၅၀၀ မှ ၁၄၅၀ ကျော်အထိ ရှိနေပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါစတင်တွေ့ရှိသော မတ်လပိုင်းမှစပြီး ဈေးနှုန်းဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်။

ဦးဝင်းကြိုင်က ” မြန်မာပြည်ရဲ့ ထုတ်လုပ်မှုအခြေခံနယ်ပယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဈေးတွေကျတယ်။ အဆင်မပြေဘူး ဆိုရင် တတိုင်းတပြည်လုံး စီးပွားရေးအတွက် လှုပ်ခါမှုပိုကြီးတာပေါ့ ” ဟု ပြောဆိုသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းအတက်အကျ အပြောင်းအလဲမြန်ဆန်ခြင်းသည် ပြည်တွင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ အတွက် ထိခိုက်မှုကြီးမားသည့်အတွက်ကြောင့် လုပ်ငန်းများ လုပ်သာကိုင်သာ ရှိသည့် နှုန်းထားတခုတွင် တည်ငြိမ်အောင် လုပ်ဆောင်ပေးပါက အကောင်းဆုံးဖြစ်မည်ဟု လုပ်ငန်းရှင်များက ပြောသည်။

စီးပွားရေးမူဝါဒရေးရာပညာရှင် ဒေါက်တာအောင်ကိုကိုက ” မြန်မာကျပ်ငွေတန်ဖိုးက တက်လာတယ် တနည်းပြောရင် ဒေါ်လာတန်ဖိုးကျတယ်ပေါ့ လက်ရှိအခြေအနေက ဒါက ကောင်းလားလို့ မေးရင် မကောင်းဘူးလို့ ပြောရမယ်။ ဒေါ်လာက တော့ အရမ်းကြီး ထပ်ပြီး ကျသွားစရာမရှိဘူး။ ဗဟိုဘဏ်ကလည်း သေသေချာချာ ဝင်ထိန်းပေးနေတာ တွေ့ရတယ်။ ဗဟို ဘဏ် ဘက်က ဝင်ဝယ်ပေးတာဖြစ်တဲ့အတွက် သူ့အတွက်လည်း နိုင်ငံခြား အရန်ငွေတက်လာတယ်။ ပို့ကုန်ကို ဝင်ကူ ပေးတယ်ပေါ့။ ဒါကို သူကောင်းကောင်းလုပ်ပေးနိုင်တဲ့ အနေအထားပါ နိုင်ငံခြားအရန်ငွေတွေ ထုတ်ရောင်းရတာမှ မဟုတ်တာလေ ” ဟု သုံးသပ်သည်။

လက်ရှိကာလအတွင်း စက်ရုံအလုပ်ရုံများ ပိတ်ထားရခြင်း နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးသွားခြင်း ကြောင့် လုပ်ငန်းများ၏ ထုတ်လုပ်နိုင်မှုစွမ်းရည်များ ကျဆင်းသွားကာ ပို့ကုန်တင်ပို့မှု ကျဆင်းသွားသော အခြေအနေ ရှိသည့်အတွက် ထုတ်လုပ်နိုင်မှုစွမ်း နှင့် အများပြည်သူများ ဝယ်ယူနိုင်စွမ်းများ တိုးတက်လာအောင် အစိုးရအနေဖြင့် လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဒေါက်တာအောင်ကိုကိုက ” တချို့ကတော့ မြန်မာကျပ်ငွေမာ လာတယ်ပေါ့ မာ လာတိုင်းလည်း မကောင်းဘူး။ အရမ်း ပျော့တိုင်းလည်း မကောင်းဘူး။ ပို့ကုန်ရော သွင်းကုန်အတွက်ရော အခြေအနေတခုအတွက် ရှိသင့်ရှိထိုက်တဲ့ နှုန်းထားလေး ဖြစ်နေဖို့ပဲ လိုတာပါ။” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များဖြစ်သော ဆန်၊ ပဲ၊ ပြောင်း အပါအဝင် ကောက်ပဲသီးနှံများ၊ သစ်သီးဝလံ၊ ရေထွက်ကုန် များနှင့် CMP (လက်ခစား စနစ်) အထည်ချုပ် လုပ်ငန်းများသည် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ပါက အကျိုးသက်ရောက်မှု ကြီးမားလျက် ရှိသည်။

အမေရိကန်ဒေါ်လာဈေး အပြောင်းအလဲများကြောင့် ပြည်ပပို့ကုန်တချို့တွင် အခက်တွေ့နေသော်လည်း တရုတ်နယ်စပ် တွင် ယွမ်ငွေဖြင့် အရောင်းအဝယ်လုပ်ဆောင်လျက်ရှိသော ဖရဲတင်ပို့မှုတွင်မူ ဈေးကောင်းရ၍ အရောင်းအဝယ် ကောင်းမွန် လျက်ရှိကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

၎င်းက ” အခု တရုတ်ဘက်ကို ဖရဲကတော့ ဈေးကောင်းလည်း ရသလို အရောင်းအဝယ်လေးလည်း အဆင်ပြေတယ်။ ကုန်သွယ်မှုက အရင်လိုတော့ မဟုတ်သေးပေမယ့် လုပ်လို့ကိုင်လို့ ရတဲ့ အခြေအနေမှာရှိတယ်။ ဒီက ရောင်းလိုအား နည်းပြီး ဝယ်လိုအား များကြောင့်လည်း ပါတယ်။ ” ဟု ဆိုသည်။
လက်ရှိအချိန် တရုတ်ယွမ်ဈေးနှုန်းသည် တယွမ်လျှင် ၁၈၆ ကျပ် ဝန်းကျင် ရှိပြီး ယခင်က ဈေးနှုန်းနှင့် အပြောင်းအလဲ သိပ်မရှိပြီး ၁ ရက်လျှင် ကားအစီးရေ ၁၅ စီးမှ ၂၀ ဝန်းကျင်ကြား တင်ပို့နိုင်လျက်ရှိကြောင်း ဦးနိုင်ဝင်းက ပြောသည်။

အရည်အသွေးကောင်းမွန်သော ဖရဲသီး ၁ တန်လျှင် ယွမ် ၃၅၀၀ ကျော်မှ ၄၀၀၀ ကျော် အထိ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

You may also like these stories:

အစိုးရက ရခိုင်နှင့် တိုင်း ၃တိုင်း၌ သတ်မှတ်ဈေးဖြင့် စပါးဝယ်မည်

မြဝတီ- မဲဆောက် ကုန်သွယ်ရေး ထိုင်းဘက်မှ ယာယီရပ်ဆိုင်းလိုက်

တရုတ်ဦးဆောင်သည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် စင်ပြိုင်တင်ဒါခေါ်ယူ

Did you find apk for android? You can find new Free Android Games and apps.
Loading