ရပ်ဝန်းနှင့်လမ်းအစီအစဉ်(BRI) ၏ အစိတ်အပိုင်းဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းတွင် တရုတ် ကုမ္ပဏီ၏ အဆိုပြုချက်ကို ယှဉ်ပြိုင်ရန် ဂျပန်၊ စင်္ကာပူ၊ အီတလီ၊ စပိန်နှင့် ပြင်သစ် အပါဝင်နိုင်ငံပေါင်း ၉ နိုင်ငံမှ အဆိုပြုလွှာ ၁၆ စောင်ရရှိကြောင်း ထုတ်ပြန်ကြေညာသည်။
လုပ်ငန်းစုကြီး ၁၆ ခုက စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) များ တင်သွင်းကြောင်းနှင့် ပြည်တွင်းလုပ်ငန်း ၂ ခုပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက စနေနေ့တွင် ကြေညာသော်လည်း အခြားအသေးစိတ်များကို ထုတ်ပြန်ခြင်း မရှိပေ။
ဂျာမဏီမှ အတိုင်ပင်ခံလုပ်ငန်း Roland Berger က ကြီးကြပ်သည့် စင်ပြိုင်တင်ဒါခေါ်ယူသည့် ဆွစ်ချဲလင့် တင်ဒါအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာများကို အစိုးရက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ခေါ်ယူခဲ့သည်။
ထိုတင်ဒါလုပ်ငန်းစဉ်အရ BRI တွင် အကြီးမားဆုံး ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သော ဘေ့ဂျင်းအခြေစိုက် တရုတ်ဆက်သွယ်ရေးဆောက်လုပ်ရေးကုမ္ပဏီ လီမိတက် (CCCC)က ရေးဆွဲသည့် အဆိုပြုလွှာကို လူသိရှင်ကြားထုတ်ပြန်ပြီး ပိုမိုကောင်းမွန်သော အဆိုပြုချက်များ တင်သွင်းရန် အခြားလုပ်ငန်းများကို ခွင့်ပြုရမည်ဖြစ်သည်။ အနိုင်ရရှိသော အဆိုပြုသူသည် CCCC မဟုတ်ပါက ကုန်ကျပြီးသော ကုန်ကျစရိတ်များကို ထိုတရုတ်လုပ်ငန်းသို့ ပြန်လည်ထုတ်ပေးရမည်ဖြစ်သည်။
ထိုအဆိုပြုထားသော စီမံကိန်းတွင် ရန်ကုန်မြစ်ကူးတံတားတခု၊ လမ်းများ၊ ပြန်လည်နေရာချထားရေး အစီအစဉ်၊ စက်မှုဇုန်တခု၊ ရေသန့်စင်ခြင်း၊ ရေနုတ်မြောင်းများ၊ ဓါတ်အားပေးစက်ရုံတခု၊ စီးပွားရေးနှင့် လူနေရပ်ကွက်များအပါအဝင် အများပြည်သူဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးများ ပါဝင်သည်။
ပဏာမ ရွေးချယ်ခံရသော အဆိုပြုလွှာ တင်သွင်းသူများသည် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သွင်းသည့် နောက်ဆုံးရက်မှ ရုံးဖွင့်ရက် ၇ ရက်အတွင်း သတင်းအချက်အလက်များ ရရှိမည်ဖြစ်ကြောင်း ဆွစ်စိန်ခေါ်မှု စင်ပြိုင်တင်ဒါကော်မတီက ပြောကြားထားသည်။ ထိုသတင်းအချက်အလက်များတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ၏ အတိုင်းအတာ၊ တင်သွင်းရမည့် စာရွက်စာတမ်းများ၊ တင်ဒါလုပ်ငန်းစဉ်အတွက် အချိန်မူဘောင်အပါအဝင် အသေးစိတ်များ ပါဝင်မည်ဖြစ်သည်။
အနိုင်ရရှိသော အဆိုပြုလုပ်ငန်းကို ပြန်လည်ယှဉ်ပြိုင်ရန် CCCC အနေဖြင့် အလုပ်လုပ်ချိန် ၄၅ ရက် ရရှိမည်ဖြစ်ကြောင်း ထိုကော်မတီကပြောသည်။
မြန်မာနိုင်ငံသည် ထိုစီမံကိန်း၏ စီးပွားရေးတွက်ခြေကိုက်မှုနှင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုလျှော့ချရန် ထိုစက်မှုဇုန်နှင့် စီမံကိန်းကို စတင်အကောင်အထည်ဖေါ်ရန် ဆုံဖြတ်ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းပြောသည်။
အစိုးရအနေဖြင့် ယှဉ်ပြိုင်မှု ရှိပြီး ပွင့်လင်းမြင်သာသော တင်ဒါလုပ်ငန်းစဉ်ကို ပြုလုပ်မည်ဖြစ်ကြောင်း သူပြောသည်။
ရန်ကုန်တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီနှင့် CCCC တို့သည် ၂၀၁၈ ခုနှစ်က သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ထိုသဘောတူစာချုပ်အရ CCCC သည် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျှံ (ကျပ် ၁.၉၅ ထရီလျှံ) တန်သော ထိုစီမံကိန်း၏ ပထမအဆင့်အတွက် အဆိုပြုချက်ကို ရေးဆွဲရမည်ဖြစ်သည်။ သို့သော် CCCC သည် အာဖရိကနှင့်အာရှမှ နိုင်ငံအနည်းဆုံး ၁၀ နိုင်ငံရှိ တည်ဆောက်ရေးလုပ်ငန်းများတွင် အဂတိလ်ိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကြောင့် ထိုစီမံကိန်းသည် အငြင်းပွားစရာဖြစ်ခဲ့သည်။
ထိုစီမံကိန်းကို အရွယ်အစားလျှော့ချပြီး အခြားလုပ်ငန်းများ အဆိုပြုနိုင်ရန် စီမံကိန်း အသုံးစရိတ်ကို ဒေါ်လာ သန်း ၈၀၀ (ကျပ် ၁ ထရီလျှံ) အထိ ဖြတ်တောက်ရန် မြန်မာနိုင်ငံက ဇူလိုင်လတွင် ဆုံးဖြတ်ခဲ့သည်။ Roland Berger နှင့် တင်ဒါကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။
တင်ဒါကော်မတီတွင် အဖွဲ့ဝင်တဦးဖြစ်သော ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကို ဧရာဝတီ သတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။
(Nan Lwin ၏ Myanmar Receives 16 Proposals for New Yangon City Project ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ယာယီ ရပ်ဆိုင်းထားသည့် မြဝတီ ကုန်သွယ်ရေး ယနေ့ ပြန်စ
ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ ပြေးဆွဲခွင့် ကန့်သတ်ထားသည့် ရက်ထပ်တိုး
ငွေကြေးခဝါချမှုများ ထပ်မဖြစ်ရန် ဘဏ်များကို ပို၍ တင်းကြပ်သွားမည်ဟု ဗဟိုဘဏ်ပြော