ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာရှိ နိုင်ငံပိုင် လက်ခုပ်ကုန်း ဟိုတယ်နှင့် မြေ ၂၈ ဧက ပေါ်တွင် ဟိုတယ်စီမံကိန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများအနေဖြင့် Yangon Wanyuan International Island ကုမ္ပဏီနှင့် အပြိုင် တင်ဒါတင်နိုင်ကြောင်း အစိုးရက ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။
ယင်း ဟိုတယ်ခရီးဝန်ကြီးဌာနပိုင် မြေနေရာတွင် Yangon Wanyuan International Island ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် သန်း ၅ ထောင်နှင့် အခန်း ၈၀ ပါသော နိုင်ငံတကာအဆင့်မီ ဟိုတယ်(ဘန်ဂလိုပုံစံ) အခန်းလေးခန်းပါ နှစ်ထပ် အဆောက်အဦး အလုံး ၂၀ ကို တည်ဆောက်၊ လည်ပတ်၊ လွှဲ ပြောင်းစနစ် (BOT) ဖြင့် တည်ဆောက်ရန်နှင့် နိုင်ငံ တော်ထံမှ နှစ် ၃၀ နှင့် နောက်ထပ်နှစ်တိုး ၁၀ နှစ်၊ ၂ ကြိမ်ဖြင့် သက်တမ်းတိုးငှားရမ်းမည်ဟု ကုမ္ပဏီက အဆိုပြုထားသည်။
ထို့ကြောင့် Yangon Wanyuan International Island ကုမ္ပဏီနှင့် အပြိုင် တင်ဒါ တင်သွင်းလိုသော ပြည်တွင်း လုပ်ငန်း ရှင်များ အနေနှင့် နိုဝင်ဘာလ ၂၆ ရက် နောက်ဆုံးထားပြီး ဝန်ကြီးဌာနသို့ တင်သွင်းရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “လက်ခုပ်ကုန်းက လုပ်နေတာကြာပြီ မဖွံ့ဖြိုးဘူး။ အခုက အခြေအနေနဲ့ အချိန်အခါ ပေးတာမို့ လမ်း တွေလည်း ကောင်းလာပြီ လျှပ်စစ်မီးလည်း သွယ်ပေးမယ့် အစီအစဉ် ရှိတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်တယ်။ အဆို ပြုတဲ့ ကုမ္ပဏီက ရှိလို့ ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်တာ။ ဆိုလိုချင်တဲ့ သဘောကတော့ ပွင့်လင်းမြင်သာမှု ရှိသွားတာပေါ့။ သူ့ကို ပေးတာမဟုတ်ဘဲနဲ့ သူကနေ အဆိုပြုထားတယ်ဆိုတာ ချပြတာ”ဟု ပြောသည်။
ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူခြင်း ဆိုသည်မှာ ကုမ္ပဏီ တခုက မိမိ လုပ်ကိုင်လိုသည့် စီမံကိန်း တခုကို အစမှ အဆုံး အကုန်အကျခံ လေ့လာစစ်တမ်းပြုလုပ်၍ စီမံကိန်းပုံစံ ထုတ်ပေးပြီး ယင်းပုံစံ ထွက်လာလျှင် အခြားကုမ္ပဏီများနှင့် အတူ ဈေးပြိုင် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သို့သော် ထိုကုမ္ပဏီက တင်ဒါ ယှဉ်ပြိုင်ရာတွင် မအောင်မြင်ပါက စီမံကိန်းကို တင်ဒါအောင်သည့် ကုမ္ပဏီက မူလစီမံကိန်း ပုံစံထုတ်လုပ်ခဲ့သည့် ကုမ္ပဏီကို ကုန်စကျစရိတ်များ ပြန်လည် ပေးအပ်ရမည်ဖြစ်သည်။
အဆိုပါ နိုင်ငံပိုင် ဟိုတယ်နှင့် မြေနေရာကို ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို Swiss Challenge ခေါ်ယူခြင်းမှာ ပင်လယ်ထွက်ပေါက်နှင့် အနီးဆုံး ဒေသဖြစ်သည့်အပြင် ရန်ကုန်မြို့နှင့်လည်း အနီးဆုံး အပန်းဖြေဒေသ တခု ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အားသာချက် ရှိနေသဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လည်း သိရသည်။
“တည်ဆောက်ရေးကတော့ Yangon Wanyuan International Island ကုမ္ပဏီက အဆိုပြုတာ လွန်ခဲ့တဲ့ ၁ နှစ်နီးပါး လောက် ထဲကဖြစ်တယ်။ ဒါကြောင့် သူနဲ့ အပြိုင် ငှားရမ်းခတွေ ဘာတွေ ပေးနိုင်တဲ့ကုမ္ပဏီကို အခု တင်ဒါခေါ်တာ ၁ လ အချိန်ပေးတာ ဒီလ ၂၆ ရက်မှာ ပြည့်မှာ ဆိုတော့ လာပြီး တင်ဒါပြိုင်တဲ့သူရှိရင် စိစစ်မယ်။ နိုင်ငံတော် သမ္မတရုံးကို ပြန် တင်မယ်။ စီးပွားရေး ကော်မတီတင်မယ်။ ပြီးရင်တော့ ဆက်လုပ်သွားမှာ”ဟု ဟိုတယ်စီမံကိန်း၏ တည်ဆောက်ရေး ကာလ အခြေအနေကို ဦးကောင်းထွဋ်က ပြောကြားသည်။
Swiss Challenge ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်း ကုမ္ပဏီများကိုလည်း ၎င်းတို့၏ ငွေကြေး ခိုင်မာမှု၊ ဟိုတယ် လုပ်ငန်း ပေါ် စိတ်ဝင်စားမှု စသည့် အခြေအနေများကို ကြည့်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ ရန်ကုန်တိုင်းအစိုးရ၏ သဘော ထား မှတ်ချက်များကို ရယူ၍ Public–Private Partnership (PPP)နှင့် အညီ ပြည့်စုံမှသာ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိ ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၏ အခြေအနေသည် ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် တချို့ ဟိုတယ် လုပ်ငန်းရှင်များက ဟိုတယ်များကို ပြန်လည်ရောင်းချလာသည်များရှိကြောင်း၊ ပြီးခဲ့သည့် မြမင်္ဂလာ ဟို တယ် စီမံကိန်း ယှဉ်ပြိုင် တင်ဒါ ခေါ်ယူစဉ်ကပင် ဝင်ပြိုင်မည့်သူမရှိ ဖြစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။
ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်မြင့်က “လက်ခုပ်ကုန်းကိစ္စတော့ ဘာမှ မပြောချင်ပါဘူး။ အခု ဟိုတယ်တွေ အနေ အထားကတော့ မကောင်းသေးဘူး။ အမိန့်ညွှန်ကြားချက်တွေက နိုဝင်ဘာ ၃၁ ရက်အထိ ရှိနေသေးတာဆိုတော့ ဧည့်သည်တွေ မလာသေးတော့ ဟိုတယ်တွေက အခုအချိန်ထိတော့ အရှုံးနဲ့ပဲသွားနေရသေးတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီအချိန်မှာတော့ အကုန်လုံးက စိတ်ဓာတ်ပါကျနေတဲ့ အချိန်ဆိုတော့ တင်ဒါခေါ်တဲ့အပိုင်းက နည်းနည်းတော့ ခက်မယ်။ အလုအယက် ဝယ်ကြမယ့် ဆွဲကြမယ့် အနေအထားမရှိဘူး”ဟု ဟိုတယ် စီမံကိန်းများ တင်ဒါခေါ်ယူမှု အပိုင်းနှင့် ပတ်သက်ပြီး သုံးသပ်ပြောဆိုသည်။
လက်ရှိ အစိုးရက စီးပွားရေးလုပ်ငန်းရှင်များအတွက် ချေးငွေများ ထုတ်ပေးနေသည်ကလည်း ရန်ကုန် ဟိုတယ်ဇုန် အတွက်က ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိသည့် အတွက် ခုသာခံသာရှိသည်ဟု ဆိုနိုင်သော်လည်း ထိထိရောက်ရောက် ပေးနိုင်သည့် ပမာဏ မရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ယင်းအပြင် ကိုဗစ်ဒုတိယလိူင်းကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့် Re Opening လုပ်ငန်း စဉ်များကိုလည်း လက်ရှိတွင် ရပ်တန့် ခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက သိရသည်။
You may also like these stories:
စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်လုပ်ငန်းရှင်များကို ဖိတ်ခေါ်
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အဆိုပြုလွှာ ၁၆ စောင်ရရှိ
ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်