ကိုဗစ် ၁၉ ကြောင့် ရပ်ဆိုင်းနေရသည့် မြန်မာ့ခရီးသွားလုပ်ငန်းကို မြစ်တွင်း အပျော်စီး သဘောၤခရီးစဉ်များဖြင့် ယခုလ အတွင်း ပြန်လည်စတင်နိုင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနထံမှ သိရသည်။
မူလက ဒီဇင်ဘာလအတွင်း အပျော်စီးလေယာဉ်ခရီးစဉ် (Sightseeing)၊ မြစ်တွင်း အပျော်စီးသဘောၤခရီးစဉ်၊ ကုန်းတွင်း ယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်း အစရှိသည့် ခရီးစဉ် ၄ မျိုးဖြင့် စတင်ရန် စီစဉ်ထားသော်လည်း မြစ်တွင်း သင်္ဘော ခရီးစဉ် အစီအစဉ်တခုကိုသာ ယခုလလယ်ပိုင်းတွင် စတင်နိုင်ချေရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “ အခုက ဧရာဝတီမြစ်ကြောင်းခရီးစဉ်အတွက် ရေးကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဆီက သဘောၤငှားရမ်း ဖို့ လုပ်နေတယ်။ ငှားလို့ရပြီဆိုရင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်းကလည်း Tour ရောင်းဖို့ အစီအစဉ်တွေ စလုပ် မှာပေါ့” ဟု ဆိုသည်။
အဆိုပါ သင်္ဘောခရီးစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်များနှင့် အညီ ဆောင် ရွက်သွားမည်ဖြစ်ပြီး လူ ၃၀ ဦးခန့်သာ လိုက်ပါနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်သန်းဝင်းက ရှင်းပြသည်။
ကျန်ခရီးစဉ် အစီအစဉ်များကိုလည်း စတင်လုပ်ဆောင်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ဆွေး နွေးညှိနှိုင်းနေကြောင်း သိသည်။
“အခုလိုလုပ်နေတာက ကြိုဆိုစရာပါ။ ဒါကြီးရှိနေလို့ တသက်လုံး ပိတ်ထားလို့မှ မရတာ အကုန်လုံးဒုက္ခရောက်ကြရမှာ အခုတောင် တော်တော်ဒုက္ခရောက်နေကြပြီ။ အကန့်အသတ်နဲ့ စည်းစနစ်ကျကျ ဖွင့်ပေးမယ်ဆိုရင် ဒီဒေသမှာ ရှိတဲ့ လူတွေလည်း အလုပ်အကိုင်အခွင့်အလမ်းရမယ် နည်းနည်းပြန်လည်လာမှာပေါ့ ” မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ထိုခရီးစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လူအဝင် အထွက် အကန့်အသတ်ထားသည့် ညွှန်ကြားချက်များကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစိတ်ညှိနှိုင်းထားပြီးမှသာ ယခုအစီအစဉ်များသည် အဆင် ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးခင်အောင်ထွန်းက “Caravan Tour ဆိုရင် ဥပမာ ရန်ကုန်ကနေထွက်မယ် မိသားစု အလိုက်ထွက်ကြမယ်ပေါ့ ကား ၅ စီးဆိုရင် အယောက် ၂၀ ပေါ့။ သူတို့မှာ ပိုးစစ်ပြီးသား ရောဂါပိုးမရှိပါဘူး ထောက်ခံချက်တွေကို လမ်း တလျှောက် မှာ အသိအမှတ်ပြုပေးဖို့ လိုတယ်။ အဲလိုမှ မဟုတ်ရင် အဆင်မပြေနိုင်ဘူး။ နောက် IT နည်းပညာ တွေ သုံးဖို့ လိုအပ်လာနေပြီ” ဟု ပြောဆိုသည်။
လက်ရှိအချိန် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများသည်လည်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းသွားသည့် အခြေအနေပေါ်မူတည် ခရီးသွားဒေသများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ပြန်ရန် ပြင်ဆင်နေသော ခရီးသွားဒေသတချို့မှာ ကလောအပါအဝင် ရှမ်းပြည်နယ်ရှိ ခရီးသွားဒေသ တချို့၊ မန္တလေးတိုင်းဒေသကြီးရှိ ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံဇုန် နှင့် ဧရာဝတီတိုင်းဒေသ ကြီးရှိ ငွေဆောင် နှင့် ချောင်းသာ ကမ်းခြေ တို့ ပါဝင်လျက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှနေ၍ ပုဂံဘုရားများသို့ ပြည်တွင်းခရီးသွားများ ပြန်လည် လည်ပတ်ခွင့်ပေးရန် ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များ၊ လာရောက်လည်ပတ်ခွင့် ပေးမည့် ပုံစံများ ပါဝင်သည့် SOP (Standard Operating Procedure ) နှင့် Guideline များ ရေးဆွဲလျက်ရှိကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
၎င်းက “ပုဂံဘုရားဖူးတွေအတွက် SOP တွေ ဆွဲနေပြီ။ အသေးစိတ်ဆွဲနေတယ်။ ဥပမာ ဘယ်လိုလူတွေကို အဝင်ခံမလဲ။ ဘယ်လိုဆက်ထားမလဲ။ အဲဒီတော့ တပတ်လောက် ပုဂံမှာ နေချင်တယ်ဆိုလို့တော့ မရဘူး။ ဒါပေမယ့် အဲဒီလက်မှတ် မပါဘဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ ဘယ်လောက်ဖူးမယ် ဘယ်ဘုရား ဖွင့်မလဲ။ ဘယ်အချိန်ဖွင့်မလဲဆိုတဲ့ဟာတွေလည်း တက်လာမှာပါ”ဆိုသည်။
You may also like these stories:
အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုနက်ရှိုင်းရေး တရုတ်သံအမတ် ကတိပြု
တရားမဝင်ငွေကြေး သံသယဖြင့် မြန်မာဘဏ်အကောင့် ၁၀၀ ကျော် ထိုင်းဘက်က ပိတ်
ရန်ကုန်မြို့သစ်စီမံကိန်း တရုတ်အဆိုပြုချက်ကို အခြားကုမ္ပဏီ ၉ ခုက စိန်ခေါ်မည်