စီးပွားရေး

ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်ဖွင့်တော့မည်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းကူးစက်မှု တကျော့ပြန် ပြန်လည်မြင့်တက်လာခဲ့သဖြင့် စက်တင်ဘာလ ၁၁ ရက်က စတင်ရပ်နားခဲ့သည့် ပြည်တွင်း လေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက “ပြည်တွင်းလေကြောင်းလိုင်းတွေ အတွက်က မှန်ပါတယ်။ ပြည်ပလေကြောင်းလိုင်းတွေကိစ္စက ဆွေးနွေးဆဲပါ ကျနော် တို့ဆီ တရားဝင်စာမရောက် သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

နေပြည်တော်ကောင်စီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပြေးဆွဲလျက်ရှိသည့် ပြည်တွင်းပုံမှန်လေကြောင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်း (SOP) များဖြင့် ဒီဇင်ဘာ ၁၆ ရက်နေ့ ပြန်လည်ခွင့်ပြု ပေးသွား မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်းများအား ဇန်နဝါရီ ၁ရက်တွင် ပြန်လည်ဆင်းသက်ခွင့်ပြုမည့်ကိစ္စနှင့် ပတ်သက်ပြီး လတ်တလောတွင် အတည်ပြု၍ မရသေးကြောင်း သိရသည်။

ယနေ့ လူမှုကွန်ရက် Facebook စာမျက်နှာများပေါ်၌ မြန်မာနိုင်ငံ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သား အဆင့် ဗဟိုကော်မတီ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ခွင့်ပြုမည်ဆိုသည့် ကြေညာချက် ထွက်နေသော်လည်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနကမူ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကို ဒီဇင်ဘာ ၃၀ ရက်အထိ ပျံသန်းခွင့်ကို ဆက်လက် ကန့်သတ် ထားဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်ကလည်း အပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်းများကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ၌ ပြန်လည်ဆင်းသက်ခွင့်ပြုမည့် ကိစ္စကို အတည်ပြုမပြောနိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းတချို့ကမူ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြေးဆွဲသွားမည့် ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ် အချိန်ဇယားများကို ၎င်းတို့၏ Facebook စာမျက်နှာများ တဆင့် တရားဝင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို မတ်လ ၃၀ ရက်နေ့ကတည်းမှ စတင်ရပ်နားထားခဲ့ပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လေယာဉ်များနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ပေးထားသော အထူးလေယာဉ်များကိုသာ ဆင်းသက်ခွင့်ပြု ပေးထားသည်။

ထိုအပြင် COVID- 19 ကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ နှင့် တောင်ကိုရီးယားနိုင်ငံများကို ဆုံရပ်နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကူညီကယ်ဆယ်ရေး ခရီးစဉ်များဖြင့် ပြန်လည် ခေါ်ယူပေးလျက်ရှိသည် ။

Did you find apk for android? You can find new Free Android Games and apps.
Loading