ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစတင်ကာ ဈေးနှုန်းကျဆင်းခဲ့ပြီး ကျပ် ၁၃၁၀ မှ ၁၃၅၀ ကြားသာ အတက်အကျ အနည်း ငယ်ရှိခဲ့သော အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြန်လည်မြင့်တက်လာခဲ့ပြီး ၁ ဒေါ်လာလျှင် ကျပ် ၁၄၀၀ နီးပါး သို့ ဈေးပြန်တက်လျက်ရှိသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဈေးနှုန်းသည် ဝယ်ဈေး ကျပ် ၁၃၈၀ ရှိပြီး ရောင်းဈေးမှာ ကျပ် ၁၃၉၀ အထိမြင့်တက်လာခဲ့ပြီး ဒီဇင်ဘာလအတွင်း၌ ကျပ် ၇၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ပြည်တွင်းဘဏ်များ နှင့် တရားဝင်ငွေလဲကောင်တာများ၏ ဈေးနှုန်းများအရ သိရသည်။ (ဒီဇင်ဘာ ၁ ရက်နေ့ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ် ၁၃၂၀ ဝန်းကျင်သာရှိသည်။)
ယခုဈေးနှုန်းများသည် ပြီးခဲ့သည့် သုံးလအတွင်း၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ဈေးနှုန်း အမြင့်ဆုံး ပြန်ဖြစ်လာ ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတချို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း နှင့် အတည် ပြုလိုက်ခြင်းများကြောင့် နှေးကွေးနေသော ကမ္ဘာ့စီးပွားရေးသည် ပြန်လည်နလန်ထ လာအခြေအနေ များကြောင့် ဒေါ်လာဈေး ပြန်တက်လာခြင်းဖြစ်နိုင်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။
၎င်းက “ကာကွယ်ဆေးတွေ စထိုးပြီဆိုတော့ မျှော်လင့်ချက်က အမေရိကန်စီးပွားရေးဟာ ပြန်နလန်ထူလာတော့ မယ်ပေါ့ ဒါကတပိုင်းပေါ့။ နောက်တခု စီးပွားရေးအလားအလာပြန်ကောင်းလာနိုင်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ် တော့မှာမို့လို့ ဈေးကွက်ထဲမှာ လိုက်ဝယ်လို့ ဝယ်လိုအားတက်တာကြောင့်လည်း ဖြစ်နိုင်တယ်” ဟု ဆိုသည်။
ယခုဒေါ်လာဈေးမြင့်တက်လာခြင်းသည် ရက်ပိုင်းအတွင်း ရုတ်တရက်ဖြစ်လာခြင်းကြောင့် ဗဟိုဘဏ်ကပင် အမေရိ ကန်ဒေါ်လာများ ပြန်လည်ထုတ်ရောင်းပေးလျက်ရှိသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁ ဒေါ်လာ ကျပ် ၁၃၇၂ ကျော် နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းကို ဈေးပြိုင်လေလံစနစ်ဖြင့် ထုတ်ရောင်း ပေးခဲ့သည်။
ဦးသန်းလွင်က “ဗဟိုဘဏ်က သူ့လုပ်နည်းအတိုင်းပဲ အရမ်းကြီး ဈေးမတက်အောင် ဈေးအရမ်းမကျသွားအောင် ဝင်လုပ်ပေးတာပေါ့။ ဒီကာလမှာ ဖြစ်တဲ့ နှုန်းထားတခုကို သူ့သတ်မှတ်ထားတော့ ဒီနှုန်းထား ဝန်းကျင်ဖြစ်အောင် လိုက်ထိန်းမှာပဲ” ဟု ပြောဆိုသည်။
ဒီဇင်ဘာလ ပထမအပတ်ကျော်မှ စတင်ပြီး ဈေးနှုန်းမြင့်တက်လာခြင်းသည့် ပုံမှန်ဈေးကွက်အနေအထားကြောင့် မ ဟုတ်ဘဲ ဈေးကွက်အတွင်း ကျဆင်းနေသော အမေရိကန်ဒေါ်လာဈေးနှုန်းကို ပြန်လည်မြင့်တက်လို၍ အစိုးရက ဝန်ထမ်းများကို ကားပါမစ်ထုတ်မည့် သတင်းအချက်အလက်ဖြင့် ဈေးကစားခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြော ဆိုမှုများ လည်း ရှိသည်။
“အကျဈေးနဲ့ တုန်းက ဒေါ်လာဝယ်စုထားတဲ့ သူတွေရှိတယ်။ သူတို့တွေက ဝန်ထမ်းကားပါမစ်သတင်းကို အဝယ်လိုက် အောင် ဖြန့်ပြီး အခု ဈေးတက်တော့ ငွေပြန်ဖို့ ထုတ်ရောင်းတဲ့ အခြေအနေတွေ ရှိတယ်” ဟု အမည်မဖော်လိုသည့် ငွေလဲကောင်တာလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။
လက်ရှိအချိန်တွင် ဝန်ထမ်းကားပါမစ်ကိစ္စသည် အတိအကျထုတ်ပြန်လာခြင်းမရှိသေးသလို ကားလုပ်ငန်းရှင်အများစု သည် ပြည်ပမှ ကားတင်သွင်းကိစ္စများကို လတ်တလော တွင် ရပ်နားထားခြင်းကြောင့် အမေရိကန်ဒေါ်လာကို ကားလုပ် ငန်းရှင်များ ဝင်ရောက်ဝယ်ယူနေခြင်းသည် မဖြစ်နိုင်ကြောင်း ကားလုပ်ငန်းရှင် တဦးဖြစ်သည့် ဦးမျိုးဇင်ဝင်းက မှတ် ချက်ပြုသည်။
၎င်းက “ကျနော်အထင်တော့ ကားသမားတွေ ဝယ်တာ ဒီလောက်မရှိကြဘူးထင်တယ်။ တကယ်က အဲဒီသတင်း ကြောင့် ငွေဝင်ကစားတဲ့ အပိုင်းတွေ ဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းသည် မြန်မာနိုင်ငံတွင် ၂၀၂၀ နှစ်ဦးပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ကျပ် ၁၅၀၀ မှ ၁၄၅၀ ကျော်အထိ ရှိနေပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါစတင်တွေ့ရှိသော မတ်လပိုင်းမှစပြီး ဈေးနှုန်းဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်။
ယခုကိုဗစ်ကာလ ၈ လကျော်၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ဈေးနှုန်းသည် ကျပ် ၁၂၈၀ ဝန်းကျင်အထိ အနိမ့်ဆုံး ကျဆင်းခဲ့ဖူးသည်။
You may also like these stories:
ထိုင်းသို့ တရားမဝင် ဝင်ရောက်ခြင်း မပြုရန် မြန်မာလုပ်သားများကို သတိပေး
နိုင်ငံတကာလေကြောင်းလိုင်းများကို ဇန်နဝါရီ ၁ ရက်နေ့ ဖွင့်ရန် ဆုံးဖြတ်
လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး