ကမ္ဘာ့ဘဏ်က နောက်ဆုံး ထုတ်ပြန်ခဲ့သည့် စီးပွားရေးစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် လာမည့်နှစ် မတ်လတွင် ပြန်လည်စတင်၍ ဖြည်းဖြည်းချင်း နာလန်ထ လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကန့်သတ်မှုများ ဆက်လက်ရှိနေခြင်းကြောင့် တိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုနှုန်း တိုးလာနိုင်သည် ဟုလည်း သတိပေးခဲ့သည်။
ရေတိုအတွက် အစိုးရက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေမည့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အားအနည်းဆုံးသူများကို ကာကွယ်ပေးရေးကိုလည်း အလေးပေးရမည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြံပြုခဲ့သည်။
သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ တဖြည်းဖြည်း ဖြေလျော့လာကာ ဒေသတွင်း ဗိုင်းရပ်ကူးစက်မှု နှေးကွေးသွားခြင်းနှင့် အတူ ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ တိုးတက်မှုနှုန်းက တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
ဒီဇင်ဘာလတွင် ချမှတ်ခဲ့သော COVID-19 ထိန်းချုပ်မှု အစီအမံများနှင့် ဆက်စပ်နေသော စီးပွားရေး ထိခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုက လက်ရှိ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်း၌ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ တဖြည်းဖြည်း ဖြေလျော့လာကာ ဒေသတွင်း ဗိုင်းရပ်ကူးစက်မှု နှေးကွေးသွားခြင်းနှင့် အတူ ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ တိုးတက်မှုနှုန်းက တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
ကူးစက်ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများ ရှိသော်လည်း ကာလ အလယ်အလတ် တခုအတွက် ကြည့်မည်ဆိုလျှင် အများပြည်သူဆိုင်ရာ ရင်းနှီးမြုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု ပြန်လည်မြင့်တက်လာခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုနှင့် ဆက်စပ်သော ကုန်ထုတ်စွမ်းအားမြင့်တက်မှုတို့ကြောင့် တိုးတက်မှုနှုန်းက ပျမ်းမျှ အားဖြင့် ၇ ရာခိုင်နှုန်း အထိ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းခြင်းနှင့် အတူ အလားအလာကောင်းများ ရှိသည် ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ကမာ္ဘ့ ဘဏ်၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက် က ၁.၇ ရာခိုင်နှုန်းသာ ဖြစ်ပြီး ယခင်နှစ်က ၆.၈ ရာခိုင်နှုန်းရှိရာမှ ကျဆင်းသွားခြင်း ဖြစ်သည်။
ဆင်းရဲနွမ်းပါးမှုနှုန်းသည် ယခင်တနှစ်က ၂၂.၄ ရာခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ၂၇ ရာခိုင်နှုန်းသို့ တိုးလာနိုင်သည်ဟု ကမာ္ဘ့ဘဏ်က ပြောသည်။ အစောဆုံး အနေဖြင့် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင်မှ အကျပ်အတည်းမတိုင်မီ အဆင့်သို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။
ဒုတိယလှိုင်းမတိုင်မီ သြဂုတ်လနှောင်းပိုင်းကပင်လျှင် အိမ်ထောင်စုများစွာက ၎င်းတို့၏ အကြွေးများကို ပြန်လည်ပေးဆပ်နိုင်ရန် ရုန်းကန်နေခဲ့ရသည်ကို ကမ္ဘာ့ဘဏ်က တွေ့ရှိခဲ့သည်။
COVID-19 ၏ ပထမလှိုင်းကြောင့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု အများအပြားမှာ သူတို့၏ နေ့စဉ် အစားအစာ စားသုံးမှုကို လျှော့ချရခြင်း အပါအဝင် ထိတ်လန့်စရာ အခြေအနေကို ကာကွယ် ရှောင်လွှဲနိုင်ရန် အန္တရာယ်များပြီး ရေရှည်တွင် ထိခိုက်နစ်နာမည့် နည်းလမ်းများကို ကျင့်သုံးခဲ့ကြရသည်ဟု ၎င်းတို့က ပြောသည်။
ဒုတိယလှိုင်းမတိုင်မီ သြဂုတ်လနှောင်းပိုင်းကပင်လျှင် အိမ်ထောင်စုများစွာက ၎င်းတို့၏ အကြွေးများကို ပြန်လည်ပေးဆပ်နိုင်ရန် ရုန်းကန်နေခဲ့ရသည်ကို ကမ္ဘာ့ဘဏ်က တွေ့ရှိခဲ့သည်။
ဒုတိယလှိုင်းကာလအတွင်း ကန့်သတ်ထိန်းချုပ်မှုများကြောင့် ဆင်းရဲနွမ်းပါးမှုသို့ အိမ်ထောင်စုများ ပိုမိုရောက်ရှိသွားစေခဲ့သည်ဟု ကမာ္ဘ့ဘဏ်က ဆိုသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမော္ဘဒီးယားနှင့် လာအိုနိုင်ငံ ဆိုင်ရာ ဒါရိုက်တာ Mariam Sherman က ” မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကို အထောက်အကူ ဖြစ်စေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် သူတို့ရဲ့ COVID-19 တုန့်ပြန် ဆောင်ရွက် မှု အစီအစဉ် တွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့လိုပါတယ် ” ဟု ပြောသည်။
“ရေတို ကာလအတွင်းမှာ အစိုးရအနေနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေမယ့်၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ အထိခိုက်လွယ်ဆုံး သူတွေအတွက် ကယ်ဆယ်ရေးနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ပေးမယ့်၊ စီးပွားရေး လှုပ်ရှားမှုတွေကို ပံ့ပိုးပေးမယ့် အစီအမံတွေကို အာရုံစိုက်သင့်ပါတယ်။ ရေရှည်အတွက်ကတော့ အခြေခံအဆောက်အဦးတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာများမှာ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများက ပြည်တွင်းဝယ်လိုအားနဲ့ အလုပ်အကိုင်များကို မြှင့်တင်ပေးနိုင်ပြီး စီးပွားရေး ရဲ့ ထုတ်လုပ်နိုင်မှု အစွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်” ဟု Mariam Sherman က ပြောသည်။
ကူးစက်မှု ဒုတိယလှိုင်းအတွင်း ချမှတ်ခဲ့သော နေအိမ်တွင်သာ နေကြရမည့် အစီအမံများက စီးပွားရေးလုပ်ငန်းများ အပေါ်တွင် ပထမလှိုင်းထက် ပို၍ ကြီးမားစွာ ဆိုးကျိုးသက်ရောက်စေခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
လာမည့်နှစ်တွင် ပြန်လည်နာလန်ထရေးအပေါ် အကောင်းမြင်ထားသော်လည်း ကမ္ဘာ့ဘဏ်က ဒေသတွင်းနှင့် ကမာ္ဘအနှံ့တွင်ပါ ကူးစက်မှု၏ ဆင့်ကဲပြောင်းလဲမှု အနာဂတ်နှင့် ပတ်သက်၍ မသေချာ မရေရာမှုများ ရှိနေခြင်းကြောင့် စွန့်စားရမှုများ မြင့်မားနေလိမ့်ဦးမည်ဟု သတိပေးခဲ့သည်။
အောက်တိုဘာလအတွက် မြန်မာနိုင်ငံဆိုင်ရာ ကမာ္ဘ့ဘဏ်၏ စစ်တမ်းတွင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍမှ စီးပွားရေးလုပ်ငန်း အားလုံး၏ ထက်ဝက်နီးပါးက ကူးစက်ရောဂါ၏ စီးပွားရေး အကျိုးသက်ရောက်မှုများမှ ပြန်လည်နာလန်ထူရန် မျှော်လင့်မထားကြဘဲ ရောင်းအားလျှော့ကျခြင်းက တိုင်းပြည်ရှိ စီးပွားရေးလုပ်ငန်းများ အတွက် အဓိက စိုးရိမ်စရာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
လာမည့်နှစ်တွင် ပြန်လည်နာလန်ထရေးအပေါ် အကောင်းမြင်ထားသော်လည်း ကမ္ဘာ့ဘဏ်က ဒေသတွင်းနှင့် ကမာ္ဘအနှံ့တွင်ပါ ကူးစက်မှု၏ ဆင့်ကဲပြောင်းလဲမှု အနာဂတ်နှင့် ပတ်သက်၍ မသေချာ မရေရာမှုများ ရှိနေခြင်းကြောင့် စွန့်စားရမှုများ မြင့်မားနေလိမ့်ဦးမည်ဟု သတိပေးခဲ့သည်။
ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားနိုင်သော ကာကွယ်ဆေးများ သို့မဟုတ် ကုသမှုများ မရှိခြင်းကြောင့် ကူးစက်ကပ်ရောဂါ၏ လှိုင်းအသစ်များက ပိုမိုပြင်းထန်သော ကန့်သတ်မှုများကို ကြာရှည်စွာ ပြုလုပ်ရခြင်းများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်တွင်းလုပ်ငန်းများကို နောက်ထပ်အားလျော့စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ငွေကြေး စုဆောင်းနိုင်မှုများ တိုးတက်ရေးကို အကန့်အသတ် ဖြစ်စေခြင်း ၊ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရေးကို ထိခိုက် စေခြင်းများ ရလဒ်ထွက်စေနိုင်သည်ဟု ၎င်းကပြောသည်။
အစိုးရအနေဖြင့် ပုဂ္ဂလိကစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ထောက်ပံ့ရန် စဉ်းစားသင့်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။ အစိုးရက ရေရှည်တွင် စီးပွားရေး၏ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ပေးရင်း ကာလတိုနှင့် အလတ်စားကာလအတွင်း ဝယ်လိုအားနှင့် ဆောက်လုပ်ရေးကဏ္ဍ လုပ်ဆောင်မှုကို မြှင့်တင်ရန် ဦးစားပေးအဖြစ် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှုပ်နှံရမည်ဟု ကမ္ဘာ့ဘဏ်က အကြံပြုသည်။
ဒစ်ဂျစ်တယ်နည်းပညာ၊ ဆေးဝါးထုတ်လုပ်မှုများ၊ အာမခံလုပ်ငန်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်နှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုများဆိုင်ရာ ကွန်ပျူတာ နည်းပညာများတွင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု အသစ်၏ ကုတ်အားများအဖြစ် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်ရန် ကမ္ဘာ့ဘဏ်က အကြံပြုခဲ့သည်။
လက်ရှိတွင် အစိုးရက ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ထိခိုက်ပျက်စီးမှုများကို တုန့် ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ၏ အသေးစိတ်များကို အပြီးသတ်နိုင်ရန် လုပ်ဆောင်နေသည်။
MERRP တွင် အလယ်အလတ်နှင့် ရေရှည်စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ဗျူဟာများ၊ ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ ဗျူဟာမြောက်ဒေသများနှင့် ကဏ္ဍများတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ အကောင်အထည်ဖော်ရေးမှသည် တိုင်းပြည်ရှိ ထိခိုက်လွယ်သော အုပ်စုများကို စီးပွားရေး ထိခိုက်မှုများမှ အကာအကွယ်ပေးရေး အစီအမံများအထိ ပါဝင်သည်ဟု အစိုးရက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၏ အဆိုအရ COVID-19 ၏ လူမှုရေးနှင့် စီးပွားရေးသက်ရောက်မှုများ လျှော့ချရေးအတွက် အစိုးရက ကျပ် ၂.၉ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂.၀၉ ဘီလီယံ) ကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထိုအသုံးစရိတ်တွင် ဆင်းရဲသော အိမ်ထောင်စုများနှင့် အမျိုးသား ဘေးအန္တရာယ်ရန်ပုံငွေ အတွက် ကျပ် ၁.၅ ထရီလီယံနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ကျပ် ၃၉၉ ဘီလီယံကျော် ပါဝင်သည်။
COVID-19 အစီအမံများအတွက် ယခုအချိန်အထိ စုစုပေါင်းအသုံးစရိတ်က နိုင်ငံ ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း MIFER က ဆိုသည်။
(Nan Lwin ၏ Myanmar’s Economy to Start Recovering Early Next Year: World Bank ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရန်ကုန်မြို့သစ်စီမံကိန်း တရုတ်အဆိုပြုချက်ကို အခြားကုမ္ပဏီ ၉ ခုက စိန်ခေါ်မည်
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်မည်