ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများမှ လုပ်သား ၁ သောင်း ၃ ထောင်ကျော်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လူမှုဖူလုံရေးထောက်ပံ့ငွေ ကျပ်သိန်း ၈၀၀၀ ခန့်ကို ယခုလ အတွင်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။
စက်တင်ဘာမှ စ၍ ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်ခဲ့ရာ ကိုဗစ် – ၁၉ အတည်ပြုလူနာ တဖြည်းဖြည်း များလာသဖြင့် နေပြည်တော် ကိုဗစ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ ညွှန်ကြားချက်ဖြင့် ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ အားလုံးကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၁ ရက်နေ့အထိယာယီ ပိတ်သိမ်းခဲ့သည်။
ယင်း အလုပ်ပိတ်သည့် ကာလအတွက် စက်ရုံအလုပ်သမားများအား လူမှုဖူလုံရေး ခံစားခွင့် ပေးအပ်နိုင်ရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက စက်ရုံအလုပ်သမား ၁ သောင်း ၃ ထောင်ကျော်ကို အလုပ်ပိတ်ရက် ၁ လစာအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ကျပ်သိန်း ၈၀၀၀ ခန့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက“ပုသိမ်မှာ ကိုဗစ်ပိုးတွေ့ လူနာများလာလို့ စက်ရုံတွေကို အမျိုးသားအဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ ခွင့်ပြုချက်အရ ယာယီပိတ်ခဲ့တယ်။ ဒီကာလအတွက် အလုပ်သမားတွေကို ပြည်ထောင်စုကနေ လူမှုဖူလုံရေးခံစားခွင့် ကျပ်သိန်း ၈ ထောင်နီးပါး ပေးအပ်ခဲ့ တာ ဖြစ်ပါတယ်။ အလုပ်ပိတ်ရက်က ၂၈ ရက်ဖြစ်ပေမယ့် လူမှုဖူလုံရေးခံစားခွင့်ကို ၁ လစာ (ရက် ၃၀) ပေးအပ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ကိုဗစ်ပထမလှိုင်း ဖြစ်ပွားချိန် မေလတွင် အထည်ချုပ်အလုပ်သမား ၁ သောင်း ၃ ထောင် ကျော်အတွက် အစိုးရက လူမှုဖူလုံရေးထောက်ပံ့ငွေ ကျပ်သိန်း ၄ ထောင်ကျော် ပေးအပ်ခဲ့ပြီး လက်ရှိ ကိုဗစ် ဒုတိယလှိုင်းကာလတွင် ထောက်ပံ့ငွေကျပ်သိန်း ၈ ထောင်ခန့်ဖြင့် စုစုပေါင်း ကျပ်သိန်း ၁ သောင်း ၂ ထောင် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတွင် လူမှုဖူလုံရေးငွေကြေး ထည့်ဝင်ထားသည့် ပုသိမ်အထည်ချုပ်စက်ရုံများမှ အလုပ်သမားများကို ၎င်းးတို့လစာ၏ ၄၀ ရာခိုင်နှုန်းအား အစိုးရက လူမှုဖူလုံရေးထောက်ပံ့ကြေးအဖြစ် ပြန်လည် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
လက်ရှိထောက်ပံ့သော ကျပ်သိန်း ၈ ထောင်နီးပါးကို ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ပုသိမ်မြို့ရှိ အထည်စက်ရုံအလိုက် ဒီဇင်ဘာလဆန်းပိုင်းကာလမှ လကုန်ပိုင်း အထိ ပေးအပ်နေကြောင်း သိရသည်။
ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက“အခုက ကိုဗစ်ဖြစ်နေတဲ့အတွက် လူမှုဖူလုံရေးခံစားခွင့်ကိုတော့ ကျနော်တို့ အခမ်း အနားနဲ့ ပေးတာတွေ မလုပ်ဘဲ စက်ရုံအလိုက်ပေးအပ်တာတွေ လုပ်နေပါတယ်။ အလုပ်သမားတွေကို
သူတို့ လစာရဲ့ ၄၀ ရာခိုင်နှုန်းထောက်ပံ့တာဖြစ်လို့ ရရှိတဲ့လစာအပေါ် မူတည်ပြီး တယောက်ကိုအနည်းဆုံး
ကျပ် ၅ သောင်းကျော်ကနေ ၁ သိန်း ၂ သောင်းကျော်အထိ ခံစားခွင့်တွေ ပေးအပ်ထောက်ပံ့ခဲ့ပါတယ်”ဟု ပြောသည်။
ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ၌ လူမှုဖူလုံရေးခံစားခွင့် ပေးအပ်ရာတွင် ပြီးခဲ့သည့်ဇွန်လက စတင်၍ လူမှု ဖူလုံရေးကြေးထည့်ဝင်သူများကိုသာ ထောက်ပံ့သည့်အတွက် ဇွန်လနောက်ပိုင်း အလုပ်ဝင်သူများ ထောက်ပံ့ကြေး မရခြင်း၊ စက်ရုံတာဝန်ရှိသူများနှင့် အငြင်းပွားမှုဖြစ်ထားသည့် အလုပ်သမားများ ထောက်ပံ့ကြေး မရခြင်းနှင့် လစာ အပေါ် အခြေခံတွက်ချက်မှုများ မှားယွင်းသဖြင့် အလုပ်သမားတချို့မှာ ခံစားခွင့်အပြည့်အဝမရခြင်းများ ဖြစ်ပေါ်နေ ကြောင်း အထည်ချုပ်အလုပ်သမားများက ပြောသည်။
ဟွာပိုဒိုင်းအထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း – ၂ ၏ဥက္ကဋ္ဌဖြစ်သူ ကိုနိုင်ဝင်းဆန်းက“အလုပ်သမား တွေကို လူမှုဖူလုံရေးကြေးပေးတာရှိတယ်။ ဒါပေမယ့် တွက်ချက်မှုမှားလို့၊ စာရင်းမှားလို့ ခံစားခွင့်ငွေကြေးအပြည့်အဝ
မရသူတွေ ရှိတယ်။ ပြီးတော့ ဇွန်လမှာထည့်ထားတဲ့ လူမှုဖူလုံရေးကြေးကို အခြေခံပြီးပေးတာဖြစ်လို့ ဇွန်လနောက်ပိုင်း အလုပ်ဝင်သူတွေ ထောက်ပံ့ကြေးမရဘူး။ ဒါ့အပြင် စက်ရုံနဲ့ အငြင်းပွားမှုဖြစ်တဲ့ အလုပ်သမားတွေကို စက်ရုံဘက်က လူမှုဖူလုံရေးကြေးထည့်ဝင်မထားတဲ့အတွက် ကျနော်အပါအဝင် အလုပ်သမား ၂၃ ယောက် လူမှုဖူလုံရေးထောက်ပံ့ငွေ တပြားမှ မရပါဘူး”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ အကြီးဆုံးစက်မှုဇုန်ဖြစ်သည့် ပုသိမ်စက်မှုဇုန်တွင် စက်တင်ဘာလမှ အောက်တိုဘာလအထိ တစ်လခန့် ယာယီပိတ်သိမ်းခဲ့ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ စက်ရုံများအားလုံး ပြန်လည်ဖွင့်လှစ် လည်ပတ်နေကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို
တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း