စီးပွားရေး

ကိုရီးယားဘဏ် KB Kookmin ကို ပြည်တွင်းဘဏ်များကဲ့သို့ လုပ်ကိုင်ခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် လက်လီဘဏ်လုပ်ငန်းများကို ပထမဦးဆုံး လုပ်ကိုင်ခွင့်ရရှိမည့် နိုင်ငံခြားဘဏ် လက်အောက်ခံ ဘဏ် လုပ်ငန်း လိုင်စင်ကို တောင်ကိုရီးယားနိုင်ငံ အခြေစိုက် KB Kookmin ကို ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

ထို ဘဏ်လုပ်ငန်းလိုင်စင်အရ KB Bank သည် ပြည်တွင်း၌ လက်အောက်ခံဘဏ်ခွဲ( Subsidiary) များဖွင့်လှစ်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် လူတဦးချင်းအား ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲခြင်း အပါအဝင် လက်ရှိ ပြည်တွင်းဘဏ်များ လုပ်ဆောင်နေသည့်အတိုင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ အရစ်ကျစနစ် ချေးငွေများနှင့် ATM ဝန်ဆောင် မှုများ အစရှိသည့် လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လုပ်ကိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တတိယအကြိမ်အဖြစ် နိုင်ငံခြားဘဏ် ၇ ခုကို ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် ပြီးခဲ့သည့်၂၀၂၀ ဧပြီလအတွင်းက ရွေးချယ်ခဲ့ပြီး ယင်းဘဏ်များထဲမှ KB Kookmin Bank သည် လိုအပ်သည့် လုပ် ငန်းစဉ်များကို ပြည့်စုံစွာဆောင်ရွက်ပြီးသဖြင့် နိုင်ငံခြား ဘဏ်လက် အောက်ခံဘဏ်အဖြစ် ဘဏ်လုပ်ငန်းလိုင်စင်ကို ပြီး ခဲ့သည့် ဒီဇင်ဘာ၂၃ ရက်က ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်က နိုင်ငံခြားဘဏ်များကို နိုင်ငံခြားစီးပွားရေး အဖွဲ့အစည်းများ (Foreign Corporate) ၊ နိုင်ငံခြားတွင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်သည့် နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ကို ပြည်တွင်းဘဏ်များမှသာ ချေးငွေ ထုတ်ချေးခွင့်ရှိသည့် ဘဏ်ခွဲလိုင်စင် (Branch Licenes) ကို ထုတ်ပေးခဲ့ရာမှ တတိယအကြိမ်အဖြစ် နိုင်ငံခြားဘဏ် ၇ ခု ရွေးချယ်ခဲ့ရာတွင် လက်လီဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ရှိမည့် Subsidiary License အတွက် နိုင်ငံခြားဘဏ် ၃ ခုကို ရွေးချယ်ထားခဲ့သည်။

ကိုရီးယားဘဏ်သည် KB Bank Myanmar လီမီတက် အမည်ဖြင့် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်ကာ ပြည်တွင်း၌ လက်လီဘဏ်လုပ်ငန်း အပါအဝင် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများကို ပြည်တွင်းဘဏ်များ နည်းတူ ဆောင်ရွက်မည့် ပထမဦးဆုံး နိုင်ငံခြားဘဏ်တခု ဖြစ်လာမည် ဖြစ်သည်။

ယခုလို နိုင်ငံခြားဘဏ်များကို လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခြင်းသည် ပြည်တွင်းဘဏ် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်သလို ငွေကြေးဝန်ဆောင်မှုအသုံးပြုမှုများအတွက်လည်း ရွေးချယ် ခွင့် ပိုများလာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးဇော်လင်းထွဋ် (MPU) က ပြောသည်။

“လက်လီဘဏ်လုပ်ငန်း ဆိုတော့ လုပ်ငန်းအကြီးတွေတင် မကဘူးပေါ့။ လုပ်ငန်းအသေးလေးတွေ ဥပမာ ကိုရီးယား အဆက်အသွယ် ရှိနေတဲ့ လူတဦးချင်းစီးပွားရေးလုပ်ငန်းရှင်အတွက်ပါ ကိုရီးယားဘဏ်က တဆင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရလာနိုင်တာပေါ့” ဟု သူက မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံကြားတွင်လည်း ကိုရီးယားရင်းနှီးမြှုပ်နှံမှုအများအပြားဝင် ရောက်လာမည့် စက်မှုဇုန်စီမံကိန်းတခုကို အကောင်အထည်ဖော်နေပြီဖြစ်ခြင်းကြောင့် ထိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အထောက်အပံ့များအတွက် များစွာ အဆင်ပြေနိုင်မည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဦးဇော်လင်းထွဋ်က ဆက်လက်၍ “သူတို့ ပထမဆုံး ရည်ရွယ်မှာက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ့် ကိုရီးယား စီးပွားရေး အသိုင်းအဝိုင်းပေါ့။ ဒါမှတဆင့် ကိုရီးယားစီးပွားရေး အသိုက်အဝိုင်းနဲ့ ဆက်နွယ်နေတဲ့ မြန်မာ စီးပွားရေး အသိုင်းအဝိုင်းကိုပေါ့” ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ၈ နှစ်ကျော်ကြာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသော တောင်ကိုရီး ယား Industrial bank of Korea (IBK) နှင့် ထိုင်းဘဏ် Siam Commercial Bank (SCB) တို့ကိုလည်း နိုင်ငံခြား ဘဏ် လက်အောက်ခံ ဘဏ်လုပ်ငန်း လိုင်စင်ကို ထပ်မံခွင့်ပြုသွားရန် ရှိနေသေးသည်။

နိုင်ငံခြားဘဏ် ၁၃ ခုကို၂၀၁၅ ခုနှစ်မှ စတင်ကာ နှစ်သုတ်ခွဲ၍ ပြည်တွင်း၌ Branch လုပ်ကိုင် ခွင့်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၀ တွင်မူ တတိယအကြိမ်အဖြစ် နိုင်ငံခြားဘဏ် ၇ ခုကို ထပ်မံခွင့်ပြုပေးခဲ့ကာ ထို ၇ ခုတွင် ဘဏ် ၃ ခုကို လက်လီဘဏ် လုပ်ငန်းလုပ်ခွင့်ရှိမည့် Subsidiary License ခွင့်ပြုရန် ရွေးချယ်ထားခဲ့သည်။

You may also like these stories:

နိုင်ငံခြားဘဏ် ၇ ဘဏ်ကို ဖွင့်လှစ်ခွင့်ပြု

ပြည်တွင်းဘဏ်များအပေါ် ကန့်သတ်ချက် အချို့ ဗဟိုဘဏ် ဖြေလျှော့ပေး

Did you find apk for android? You can find new Free Android Games and apps.
Loading