ယမန်နေ့က အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဖြတ်တောက် ခံလိုက်ရသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသော ပြည်တွင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အားလုံး ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှု ပေးနေသည့် System Unavailable ဖြစ်နေခြင်း၊ အင်တာနက်လိုင်းများ မကောင်းခြင်း စသည့် အခြေအနေများကြောင့် ငွေကြေးဝန်ဆောင်မှုပေးရန် အဆင်မပြေသဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ် အသင်းဝင်ဘဏ်များက တညီတညွတ်တည်း ယာယီ ပိတ်ထားရန် ထုတ်ပြန်ခဲ့သည်။
သို့သော် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဆက်သွယ်ရေးလိုင်း တချို့နှင့် အင်တာနက်လိုင်းများ ပြန်လည်အသုံးပြု၍ ရခဲ့ပြီးနောက် မြန်မာနိုင်ငံဘဏ်များအသင်းက ပြည်တွင်းဘဏ်များ ယာယီပိတ်ထားရန် ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယနေ့တွင် ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ခြင်း ဖြစ်သည်။
CB ဘဏ်၏ ဒါရိုက်တာ ဦးသောင်းဟန်က “ဒီနေ့ကတော့ အင်တာနက်လိုင်း ပြန်ကောင်းလာတဲ့အတွက် ပုံမှန်အတိုင်းပဲ ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်။ စိုးရိမ်ပြီး ငွေတွေ အများကြီး လာထုတ်တာမျိုးတွေတော့ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများက နောက်တဆင့်တက်ကာ အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်လာပါက ပြည်တွင်းဘဏ်များအနေဖြင့် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက် လုပ်ဆောင်ထား သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအတွက် အခက်အခဲ ဖြစ်လာနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်တွင်းဘဏ်လုပ်ငန်းများ အပါအဝင် အင်တာနက် အခြေပြုကာ လုပ်ဆောင်ရသော ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းခဲ့ခြင်းကြောင့် ကုန်ပစ္စည်း အရောင်အဝယ် ငွေပေးချေမှုများအတွက် အခက်အခဲများစွာ ရှိခဲ့ကြောင်း နယ်စပ်ကုန်သည်တဦးက ပြောသည်။
၎င်းက “ အရောင်းအဝယ်အတွက် ငွေပေးချေရတဲ့ အပိုင်းမှာ တော်တော် ဒုက္ခရောက်သွားတာပေါ့။ ညနေပိုင်း အင်တာနက်တွေ ပြန်ရပြီး အဆက်အသွယ် ရတော့မှပဲ အခြေအနေတွေ ရှင်းပြရတာပေါ့” ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့နိုင်ငံရေး အခြေအနေများကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် နံနက်ပိုင်းအချိန်၌သာ ခေတ္တဖွင့်လှစ်ခဲ့ရပြီး အင်တာနက်လိုင်း အဆင်မပြေ သဖြင့် ဘဏ်များကို ပြန်လည် ပိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။
You may also like these stories:
တပ်မတော်က ဖွင့်သည်ဆိုသော်လည်း ဘဏ်များ ယာယီပိတ်ထား