စီးပွားရေး

အာဏာသိမ်းပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးနှုန်းများ ကျဆင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်က အာဏာသိမ်းပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ပြီး ယနေ့ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်မူ ကုမ္ပဏီတချို့၏ ရှယ်ယာ ဈေးနှုန်းများ ပြန်လည်တက်လာခဲ့သည်။

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တို့တွင် အင်တာနက်လိုင်းများ မတည်ငြိမ်မှု ကြောင့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို ပိတ်ထားခဲ့ပြီး ပြန်လည်ဖွင့်လှစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့၌ FMI ကုမ္ပဏီ နှင့် မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ MTSH တို့၏ ရှယ်ယာ ဈေးနှုန်းများသည် ရှယ်ယာတစုကို ကျပ် ၇၀၀ နှင့် ကျပ် ၄၀၀ အသီးသီး ကျဆင်းခဲ့သည်။

အခြားစာရင်းဝင်ကုမ္ပဏီများဖြစ်သည့် ပထမပုဂ္ဂလိဘဏ် FPB ဘဏ်က ကျပ် ၅၀၀၊ တယ်လီကွန်း အများပိုင်ကုမ္ပဏီ TMH က ကျပ် ၁၅၀ နှင့် Ever Flow River (EFR) က ကျပ် ၅၀ ဖြင့် အသီးသီး ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသားများဘဏ် MCB ကမူ ဈေးနှုန်းအပြောင်းအလဲ မရှိခဲ့ပေ။

ဖေဖော်ဝါရီ ၄ ရက်နေ့တွင်လည်း FMI က ကျပ် ၁၀၀၊ MCB က ကျပ် ၂၀၀၊ TMH က ကျပ် ၁၀၀ နှင့် EFR က ကျပ် ၄၀၀ ကျဆင်းခဲ့သည်။ FPB က ကျပ် ၅၀၀ ဈေးပြန်တက်ခဲ့ပြီး MTSH ကမူ ဈေးနှုန်းအပြောင်းအလဲမရှိခဲ့ပေ။

ယနေ့ ဖေဖော်ဝါရီ ၅ ရက် FMI က ကျပ် ၇၀၀၊ MTSH က ကျပ် ၂၀၀၊ TMH က ကျပ် ၁၅၀ နှင့် EFR က ၃၅၀ ဖြင့် အသီးသီး ပြန်လည်ဈေးတက်လာခဲ့ပြီး MCB နှင့် FPB တို့ကမူ ဈေးနှုန်းအပြောင်းအလဲ မရှိခဲ့ပေ။

ရန်ကုန်စတော့အိတ်ချိန်း၏ ယနေ့ ဈေးကွက်ပိတ်ဈေးနှုန်းများအရ FMI က ရှယ်ယာတစု ကျပ် ၉၆၀၀၊ MTSH က ၃၇၀၀၊ MCB က ကျပ် ၈၀၀၀ ၊ FPB က ကျပ် ၂၂၀၀၀ ၊ TMH က ကျပ် ၂၆၀၀ နှင့် EFR က ကျပ် ၃၅၀၀ ဖြင့် ပေါက်ဈေး အသီးသီးရှိကြသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အညွှန်းကိန်း MYANPIX သည် 443.72 မှ 408.96 သို့ ကျဆင်းခဲ့ပြီး ၄ နှစ်ကျော်ကာလအတွင်း အညွှန်းကိန်း 420 အောက်သို့ ပထမဆုံး ကျဆင်းခြင်းလည်း ဖြစ်သည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ဈေးကွက်ပြန်ဖွင့်သည့် ၃ ရက်အတွင်း (ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်နေ့အထိ) ရန်ကုန်စတော့အိတ်ချိန်းသည် ရှယ်ယာအရေအတွက်ပေါင်း ၄၅၉၈၁ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျပ်သန်း ၂၀၀ ကျော် အထိ ရှိသည်။

ထို ၃ ရက်သာ အရောင်းအဝယ်လုပ်ဆောင်ခဲ့သော ငွေကျပ်ပမာဏ နှင့် ရှယ်ယာအရေအတွက်သည် ပြီးခဲ့သည့် ဇန်နဝါရီလ တလလုံး ရှယ်ယာအရောင်းအဝယ်လုပ်ဆောင်ခဲ့သော ပမာဏ၏ သုံးပုံတပုံခန့် အထိ ရှိသည်။

You may also like these stories:

မြန်မာဘီယာနှင့် ဂျပန် Kirin လမ်းခွဲတော့မည်

အာဏာသိမ်းအပြီး ဆန်ရှင်ဝင်မှာ ပြည်ပကုမ္ပဏီများ စိုးရိမ်ပူပန်နေ

အာဏာသိမ်းအပြီး တောင်ကိုရီးယားကုမ္ပဏီများ စိတ်မသက်သာဖြစ်

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း

Did you find apk for android? You can find new Free Android Games and apps.
Loading