မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများနှင့်ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထား ခြင်းကြောင့် ငွေပေးချေမှုများအခက်အခဲများဖြစ်ပေါ်နေ၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး လုပ်ငန်း တချို့ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
လက်ရှိအခြေအနေများအရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိကုန်စည်အရောင်းအဝယ်ကိစ္စများ လုပ်ငန်းသဘောအရပြောဆိုဆွေးနွေးထားမှုများနှင့် ငွေပေးချေမှုများ လုပ်ဆောင်ထားပြီးဖြစ်သော ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ရက်နေ့နောက်ပိုင်း ကိစ္စရပ်များကို ကုန်သည်များနှင့် ကုမ္ပဏီတချို့ကလုပ်ငန်းများကို ရပ်ဆိုင်းထား ကြောင်း မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဒေါ်လှလှရီက ဧရာဝတီသို့ ပြောသည်။
“ အခု အခြေအနေက လေကြောင်းလိုင်းတွေ၊ သင်္ဘောလိုင်းတွေက ဝင်ထားပြီးသားသွင်းကုန် တွေကတော့ ထုတ်ပေးနေတယ်။ အကောက်အခွန်ရှင်းလင်းတာတွေလည်းလုပ်လို့ရတယ်။ ဘဏ်တွေက ရပ်လိုက်တဲ့အခါကျတော့ Payment Order က ရပ်သွားတော့လုပ်လက်စကိစ္စ တွေကိုတော့ ဆက်လုပ် နေကြတယ်၊ အသစ်တွေကိုတော့ခဏရပ်ထားကြပြီး အခြေအနေကို ထိန်းလုပ်နေကြတာပေါ့” ဟု ၎င်းက ဆိုသည်။
လတ်တလောအခြေအနေများအရ သွင်းကုန်ပို့ကုန်လုပ်ငန်းဆောင်ရွက်ထားပြီးသားကိစ္စရပ်များ အတွက် အခက်အခဲ မရှိသေးကြောင်းနှင့် နိုင်ငံရေးအကျပ်အတည်းကာလ ကြာမြင့်လာပါက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများရပ်တန့်သွားမှု မရှိစေရေး ငွေပေးချေမှုအပါအဝင် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့်ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်လှလှရီက ပြောသည်။
၎င်းက ဆက်လက်၍ “ အချိန်ကြာလာရင်လည်း ဘဏ်တွေမဖွင့်ရင် ငွေပေးချေမှုကိုManual ဘယ်လို လုပ်ကြမလဲပေါ့။ ကျမတို့ ပြည်သူတွေ ရိက္ခာမပြတ်လပ်အောင်တော့logistics ကတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ မဖြစ်မနေသွားနေရမှာပေါ့ ” ဟု ပြောဆိုသည်။
အာဏာသိမ်း တပ်မတော်အစိုးရ၏ အသွားအလာ အကန့်အသတ် အစီအစဉ်များနှင့်အစိုးရဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများကြောင့်မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်များစတင်ရပ်နားလျက်ရှိကြောင်း သိရသည်။
ယမန်နေ့က ထုတ်ပြန်ထားသော ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်လည်း အခက်အခဲရှိလာနေပြီးပြည်တွင်းပြည်ပ ကုန်စည်သယ်ယူပို့ဆောင်ရေးများ နှောင့်နှေးကြန့်ကြာမည့်အခြေအနေရှိကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင် ရေးယာဉ်လုပ်ငန်းလုပ်ကိုင်နေသော ယာဉ်ပိုင်ရှင်တချို့က ဧရာဝတီသို့ ပြောသည်။
“ အခုက ဘာလုပ်လို့ လုပ်ရမှန်းကို မသိပါဘူး။ သူတို့ထုတ်တဲ့ဥပဒေအတိုင်းတော့ ကျနော်တို့က လိုက်နာရမှာပေါ့။ ည ၈ နာရီဆိုတော့ကျနော်တို့ယာဉ်မောင်းတွေ အိမ်ပြန်ဖို့ ဘာဖို့ ရှိတာဆိုတော့ ၆ နာရီ၊ ၇နာရီလောက်ကတည်းက ကားတွေက ရပ်ထားရမှာ” ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ယာဉ်ပိုင်ရှင် တဦးက ပြောသည်။
ယင်းသို့ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ခြင်းကြောင့်ကုန်တင်ယာဉ်လိုင်းများအတွက် အခက်အခဲရှိလာနိုင်မည်ဖြစ်သော်လည်းကုန်စည်စီးဆင်းရေး ပုံမှန်အတိုင်း ဖြစ်နိုင်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးကဆိုသည်။
၎င်းက “ ကုန်စည်ပို့ဆောင်ရေးကတော့ ပုံမှန်တော့ သွားနေပါတယ်။ သူတို့ ကကုန်ကားတွေကတော့ ပိတ်ထားတာမရှိဘူး။ ကုန်စည်စီးဆင်းမှုကလည်း ပြတ်တောက်လို့မရတော့ မာရှယ်လော အချိန်အထိကိုတော့ ကျနော်တို့ စောင့်ရမှာပေါ့ ” ဟုပြောဆိုသည်။
You may also like these stories:
CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများပါဝင်နေကြ၍ ပုဂ္ဂလိကဘဏ်တချို့ ပိတ်ထား
အာဏာသိမ်းအပြီး ဆန်ရှင်ဝင်မှာ ပြည်ပကုမ္ပဏီများ စိုးရိမ်ပူပန်နေ
မြန်မာဘီယာနှင့် ဂျပန် Kirin လမ်းခွဲတော့မည်