မြန်မာနိုင်ငံတွင်း လျှပ်စစ်ကဏ္ဍမှသည် ကျန်းမာရေး ပညာရေးကဏ္ဍများထိ လုပ်ကိုင်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးထောက်ပံ့မှု မပြုလုပ်တော့ဘဲ ရပ်ဆိုင်းထားကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် အကြောင်းကြားထားသော စာတစောင် ပြင်ပသို့ ပေါက်ကြားလာခဲ့သည်။
ယင်းစာသည် စစ်မှန်ကြောင်း ကမ္ဘာ့ဘဏ်အရာရှိတဦးက ဧရာဝတီသို့ အတည်ပြုသည်။ ကမ္ဘာ့ဘဏ်သည် ၎င်း၏မူဝါဒများကို အကောင်အထည်ဖော်ခြင်း ရှိ မရှိ အခြေအနေကို သတိတကြီး စောင့်ကြည့်နေကြောင်းလည်း အဆိုပါ အရာရှိက ပြောသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ကတိကဝတ်ပြုထားသော စီမံကိန်းများ အားလုံးကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ဧရာဝတီက လေ့လာသိရှိရသည်။
ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေး စီမံကိန်းများ စာရင်းအရ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီမံကိန်း အနည်းဆုံး ၂၄ ခု ရှိပြီး ဒေါ်လာ ဘီလီယံ များစွာ တန်ဖိုးရှိကြောင်း သိရသည်။
ပေါက်ကြားလာသော ကမ္ဘာ့ဘဏ်၏ အာဏာသိမ်း အစိုးရသို့ ပေးစာတွင် လတ်တလော မြန်မာနိုင်ငံတွင်းရှိ စီမံကိန်းများအတွက် ဘဏ်အနေဖြင့် “ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း သို့မဟုတ် ယင်းနေ့တွင် လက်ခံရရှိသော မည်သည့် ထုတ်ယူနိုင်မှုများကို မဆို ဆက်လက်ထုတ်ပေးသွားလိမ့်မည် မဟုတ်”ဟု ရေးသားပါရှိသည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၁ ရက်မတိုင်မီ ဘဏ်က လက်ခံရရှိထားသော ထုတ်ယူသုံးစွဲနိုင်မှုများကို အကြံပေးများ၊ ကန်ထရိုက်တာများနှင့် ပစ္စည်းထောက်ပံ့သူများအား တိုက်ရိုက်ငွေပေးချေမည်ဖြစ်ကြောင်း ဆိုသည်။
ယခင် ငွေပေးချေမှုများမှာ ဘဏ်နှင့် သဘောတူထားသော သုံးစွဲနိုင်မှုအတွက်သာ ဖြစ်ပြီး စီမံကိန်း၏ စာရင်းဇယားအတိုင်း ဖြစ်သည်။
ပေါက်ကြားသော စာတွင် ယခုအကြိမ်နှင့် မသက်ဆိုင်သော စီမံကိန်း အကောင်အထည်ဖော်မှုများအတွက် ရန်ပုံငွေများအား ပြန်ထုတ်ပေးရန် လျှောက်ထားနိုင်သည်ဟုလည်း ဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုအပေါ် ကမ္ဘာ့ဘဏ်အနေဖြင့် “အလွန်အမင်း စိုးရိမ်”ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး တိုင်းပြည်၏ အကူးအပြောင်းနှင့် ၎င်း၏ ဖွံ့ဖြိုးရေး အလားအလာများ အကြီးအကျယ် နောက်သို့ဆုတ်သွားစေခဲ့ကြောင်း ပြောဆိုခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ World Bank Halts Payments to Myanmar After Coup ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား
စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ
မြန်မာပြည်မှ “ကြီးမားသော ရန်ပုံငွေများ” မရှိဟု စင်ကာပူ ပြော