စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် စက်ရုံများ ပိတ်ကုန်ပြီး နိုင်ငံ့ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုသည် ဖေဖေါ်ဝါရီလတွင် ၅ နှစ်အတွင်း စံချ်ိန်တင်ကျဆင်းသွားသည်။
IHS Markit ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ စွမ်းဆောင်ရေကို မှတ်တမ်းတင်သည့် ဈေးကွက်အခြေပြ မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ဇန်နဝါရီလတွင် ၄၇.၈ ရှိနေရာမှ ဖေဖေါ်ဝါရီလတွင် ၂၇.၇ သို့ကျဆင်းသွားပြီး စီးပွားရေးတိုးတက်မှုနှင့် ကျဆင်းမှုကို ခွဲခြားပြသသည့် အညွှန်းကိန်းဖြစ်သော ၅၀ အောက် သိသိသာသာ ကျဆင်းနေသည်။
စက်ရုံများပိတ်ထားခြင်း၊ သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်း၊ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် ထုတ်လုပ်မှု၊ အမှာစာသစ်များ၊ ဝယ်ယူမှုနှင့် ကုန်ကြမ်း ကုန်ချော ကုန်လက်ကျန် စသည်တို့ အားလုံးသည် စံချိန်တင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ထိုသို့ ကျဆင်းမှုများသည် IHS Markit က မြန်မာနိုင်ငံတွင် စစ်တမ်းစတင်ကောက်ယူသည့် လွန်ခဲ့သည့် ၅ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးဖြစ်နေသည်။
“ယခုနောက်ဆုံးဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေဟာ မြန်မာကုန်ထုတ်လုပ်ရေး ကဏ္ဍအတွက် အသစ်တဖန် နောက်ပြန်ဆွဲသွားစေတယ်” ဟု IHS Markit မှ ဘောဂဗေဒပညာရှင် ရှရီယာ ပက်တယ်ပြောသည်။ “ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာလိုက်တာဟာ မြန်မာကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားသွားစေပြီး ဖေဖေါ်ဝါရီလအတွက် ဈေးကွက်အခြေပြ PMI အညွှန်းကိန်းက လုပ်ငန်းလည်ပတ်မှုအခြေအနေတွေ စံချိန်တင် ပျက်ဆီးယိုယွင်းမှုကို ပြသနေတယ်” ဟုလည်း သူပြောသည်။
လွန်ခဲ့သောလက စစ်အာဏာသိမ်မှုအပြီးတွင် သိန်းနှင့်ချီသော ဆန္ဒပြသူများသည် လမ်းမများပေါ်သို့ထွက်ကာ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရထံ အာဏာပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုနေကြသည်။ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ရဲများက ဆန္ဒပြသူများကို ပစ်ခတ်သောအခါ လူ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးကဆိုသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စတင်ချမှတ်သော အရေးပေါ်အခြေအနေသည် စက်ရုံလုပ်ငန်းများနှင့် ဝယ်လိုအားကို ဖြတ်တောက်ပစ်လိုက်သည်။
“၂၀၂၀ ခုနှစ်အချိန်အများစုမှာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ကျုံ့ဝင်နေပြိး မကြာသေးမီလတွေကမှ နာလံထတဲ့ လက္ခဏာလေးတွေပြပြီး အရေးပါတဲ့အညွှန်းကိန်းတွေ တည်ငြိမ်မှုဘက်ကို ပြန်နီးကပ်လာတာ” ဟု မစ္စ ပက်တယ်ပြောသည်။ နိုင်ငံရေး အုံကြွမှုသည် စီးပွားရေးနာလန်ထမှု အစဦးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ဈေးကွက်အခြေပြ အဓိက PMI အညွှန်းကိန်းများ၏ ၆၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ထုတ်လုပ်မှု၊ အမှာစာသစ်နှင့် ဝယ်ယူမှု လက်ကျန်များစသည်တို့ အားလုံးသည် ဖေဖေါ်ဝါရီလတွင် စံချိန်တင်ကျဆင်းသွားကြောင်း စစ်တမ်းက ပြသနေသည်။
မြန်မာနိုင်ငံရှိလုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းက စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းသွားသောကြောင့် လွန်ခဲ့သောလက ထုတ်လုပ်မှုကျဆင်းသွားကြောင်းပြောသည်။ ထုတ်လုပ်မှုကျဆင်းသောကြောင့် လုပ်ငန်းများသည် အရေးပေါ်အခြေအနေတွင် နေရပ်ပြန်ကြသော ဝန်ထမ်းများနှင့် အလုပ်သမားများကို လျှော့ချလိုက်ရသည်။
လုပ်ငန်းများသည် ဖေဖေါ်ဝါရီလအတွင်း အမှာစာရရှိမှုလျှော့ကျကြောင်းနှင့် ၎င်းတို့၏ ဖေါက်သည်လုပ်ငန်းများပိတ်ကုန်ကြောင်း ပြောပြီး စစ်တမ်း၏ သမိုင်း ၅ နှစ်ကျော်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းကာ လွန်ခဲ့သော နှစ် အောက်တိုဘာက ရင်ဆိုင်ရသည့် အနိမ့်ဆုံး စံချိန်ထက်ပင် ပိုမိုဆိုရွားသွားသည်ဟု စစ်တမ်းကဆိုသည်။
အလုပ်အကိုင်ရရှိမှုသည် တတိယ အဆိုးဆုံး ကျဆင်သွားသည်။ ကုန်ကြမ်းပေးသွင်းသူများ၏ ကုန်ကြမ်းပေးသွင်းကာလမှာလည်း ပိုမိုရှည်ကြာသွားပြီး ဈေးကွက်အခြေပြ PMI အညွှန်းကိန်း အားလုံးကျဆင်းကို အကာအကွယ်ပေးခဲ့ကြောင်း စစ်တမ်းကဆိုသည်။
ဝယ်လိုအား ကျဆင်းသွားစဉ် အလုပ်သမား မလုံလောက်ခြင်းနှင့် စက်ရုံပိတ်ထားခြင်းတို့ကြောင့် ပထမသုံးလပတ်တွင် အလုပ်ကြွေးကျန် အနည်းငယ်သာရှိသည်။
အလုပ်သစ်အပ်နှံမှု စံချိန်တင် ကျဆင်းသွားသောကြောင့် လုပ်ငန်းများသည် (ကုန်ကြမ်း) ဝယ်ယူမှု အကြီးအကျယ်လျှော့ချလိုက်ကြသည်။ (ကုန်ကြမ်း) ဝယ်ယူမှု ပမာဏသည် သမိုင်းတွင် အမြန်ဆုံးနှုန်းဖြင့် ကျဆင်းသွးသည်။ အဝယ် လက်ကျန်များသည်လည်း မကြုံဘူးသော နှုန်းဖြင့် ကျဆင်းသွားသည်။
ကုန်ကြမ်းပြတ်တောက်ခြင်းနှင့် ငွေလဲနှုန်းအခြေအနေမကောင်းသောကြောင်း ကုန်ကြမ်းဈေးနှုန်းများ တက်ကုန်ကြောင်းလည်း စစ်တမ်းကဖေါ်ပြသည်။
ကုန်ကျစရိတ် ဝန်ထုတ်ဝန်ပိုးကို ကျော်လွှားရန် လုပ်ငန်းများသည် အရောင်းဈေးနှုန်းကို တိုးမြှင့်လိုက်သော်လည်း အနည်းငယ်သာ တိုးမြှင့်နိုင်သည်။ ကုန်ကြမ်းပြတ်တောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲသည် အရောင်းစွမ်းဆောင်ရည် ဆိုးရွားခြင်းနှင့်လည်း ဆက်စပ်နေသည်။ အရောင်းစွမ်းဆောင်ရည်မှာ စစ်တမ်းစတင်ကောက်ယူသည့်အချိန်မှစတင်ပြီး သမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်နေသည်ဟု အထက်ပါစစ်တမ်းအရ သိရသည်။
လာမည့် ၁၂ လတာကာလအတွက် ကုန်ထုတ်မှုနှင့်ပတ်သက်ပြီး လုပ်ငန်းများက အကောင်းမြင်ကြသည်။ သို့သော် ထိုသို့ အကောင်းမြင်မှုများသည်လည်း ဇန်နဝါရီလက ၁၁ လအတွင်း အမြင့်ဆုံးနှုန်းမှ ၅ လအတွင်း အနိမ့်ဆုံးသို့ လျှော့ကျလာနေသည်။
“လုပ်ငန်းတွေက လာမယ့် ၁၂ လအတွင်း ထုတ်လုပ်မှုတိုးတက်မယ်လို့ ထင်နေကြပေမယ့် နောက်ဆုံးရထားတဲ့ ကိန်းဂဏန်တွေအရ အကောင်းဘက်ကို ပြတာ မရှိသလောက်ပဲ” ဟု မစ္စပက်တယ်ပြောသည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ
ကမ္ဘာ့ဘဏ်က မြန်မာကို ပေးရန်ရှိသည်များ ဆိုင်းငံ့ထား
စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ