အာဏာသိမ်းစစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ပြည်တွင်း/ပြည်ပ စီးပွားရေး အဖွဲ့အစည်းများက ငြင်းပယ်ကြောင်း သိရသည်။
ပြည်ပမှ စီးပွားရေး အသင်းကြီးများဖြစ်သည့် အမေရိကန် ကုန်သည်ကြီးများ အသင်း၊ ဥရောပကုန်သည်ကြီးများ အသင်း နှင့် အီတလီ- မြန်မာ စီးပွားရေးအသင်းတို့ကလည်း စစ်ကောင်စီ၏ ကိုယ်စားလှယ်နှင့် စီးပွားရေး တွေ့ဆုံ ဆွေး နွေးရန် ဖိတ်ကြားခြင်းကို ငြင်းပယ်လိုက်ကြောင်း ထိုအသင်းကြီးများက မတ်လ ၄ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။
ဗြိတိန်ကုန်သည်ကြီးများအသင်းနှင့် ပြင်သစ်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းတို့လည်း အထက်ပါ အသင်းများ၏ ထုတ်ကြေညာချက်အတိုင်း ထောက်ခံ ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၄ ရက်က စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တော် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအဝင် ညီနောင်အသင်းများမှ တာဝန်ရှိသူတို့ကြား Zoom Meeting ဆွေးနွေးပွဲမှာလည်း တက်ရောက်သူနည်းသဖြင့် အစီအစဉ် ပျက်သွားကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲကို ပြည်ထောင်စု ဝန်ကြီးက ဦးဆောင်ကာ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဟု မတ်လ ၂ရက် နေ့စွဲဖြင့် ဖိတ်ကြားစာတွင် ရေးထားသည်။
“ဒီဆွေးနွေးပွဲကို ဘယ်သူမှလည်း သေချာမသိသလို၊ တက်မယ့်လူလည်းနည်းလို့ အစီအစဉ် ပျက်သွားတယ်လို့ ကြား တယ်။ ကျနော်တို့ အသင်းကိုတော့ ဖိတ်စာ မပို့ပေးပါဘူး” ဟု UMFCCI ၏ ညီနောင်အသင်းတခု၏ ဥက္ကဋ္ဌ က ဧရာဝတီသို့ ပြောသည်။
၎င်းသည် ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စီးပွားရေး
လုပ်ငန်းရှင်များ တွေ့ဆုံစဉ်က ပါဝင်ခဲ့သူတဦး ဖြစ်သည်။
လက်ရှိတွင် UMFCCI အသင်းအနေဖြင့် ရုံးပိတ်ထားပြီး၊ ရုံးပိတ်စဉ်ကာလအတွင်း၌လည်း ဝန်ထမ်းများကို လစာအပြည့် ခံစားခွင့်ပေးထားကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ကြေညာထားသည်။
ဖေဖော်ဝါရီလ ၁၅ ရက်တွင်လည်း စစ်ကောင်စီက ထုတ်ပြန်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍ စီးပွားရေးရှုထောင့်မှ ကြည့်၍ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများအား အဟန့်အတားဖြစ်စေနိုင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်တွင် စိန်ခေါ်မှုများ ရှိနိုင်ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသေးသည်။
You may also like these stories:
မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှု ထိုးစိုက်ကျဆင်း
မြန်မာစစ်တပ်နှင့် ပတ်သက်မှု ရှိ မရှိ စင်ကာပူကုမ္ပဏီ ECT ပြန်သုံးသပ်နေ
စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ