Coca-Cola, Facebook, H&M, Heineken, Nestle နှင့် Unilever တို့အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီအများစုပါဝင်သော ကုမ္ပဏီ ၅၉ ခုနီးပါးတို့က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ကြေညာချက်တစောင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။ သို့သော် အာရှစီးပွားရေးလုပ်ငန်းများက အများအားဖြင့် ဆိတ်ဆိတ်နေနေဆဲဖြစ်သည်။
ထိုနိုင်ငံခြားကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံတွင် အကြီးဆုံးလုပ်ငန်းစုဖြစ်သည့် ရိုးမအုပ်စုနှင့် အကြီးဆုံးဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် အပါအဝင် ပြည်တွင်း ကုမ္ပဏီ တရာကျော်ကလည်း ပူးပေါင်းပါဝင်ခဲ့သည်။
“ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိတို့သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်အပါအဝင်ဖြစ်သော အခြေခံလွတ်လပ်မှုနှင့် တရားဥပဒေစိုးမိုးရေးကို လေးစားမှုမှ အားလုံး အကျိုးခံစားရသော လူမှုအခြေပြုအဖွဲ့အစည်းများအပါအဝင် မြန်မာပြည်သူများနှင့် ဝေမျှထားသော နေရာတခုတွင် အတူဒွန်တွဲနေသည်” ဟု စီးပွားရေးုလုပ်ငန်းများမှ လူ့အခွင့်အရေးကို ဆော်သြသည့် ရန်ကုန်အခြေစိုက် တာဝန်သိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မြန်မာဌာန Myanmar Centre for Responsible Business က စီစဉ်သည့် ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
ကြေညာချက်နှင့် လက်မှတ်ထိုးသော ကုမ္ပဏီများစာရင်းကို ဤနေရာတွင် ( https://www.myanmar-responsiblebusiness.org/news/statement-concerned-businesses.html ) တွင် ကြည့်ရှု နိုင်သည်။
MCRB သည် ထိုကြေညာချက်တွင် လက်မှတ်ရေးထိုးသည့် လုပ်ငန်းများကို ဖေဖေါ်ဝါရီလက စတင်စုရုံးသော်လည်း စီးပွားရေးလုပ်ငန်းများ၏ စိတ်ဝင်စားမှုသည် အာဏာသိမ်းပြီး တလခန့်ကြာသောအခါမှသာ အရှိန်ရလာသည်။ အရပ်သား ဆန္ဒပြသူများ ပစ်သတ်ခံရပြီးနောက် ပြည်တွင်းနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်းများသည် ကနဦးက စစ်တပ်ကို ဆန့်ကျင်ပြောဆိုရန် တုံ့ဆိုင်းနေခြင်းအား စွန့်ခွာလိုက်ကြသည်။
မတ်လ ၅ ရက်နေ့အထိ လက်မှတ်ရေးထိုးထားသော ပြည်ပကုမ္ပဏီ ၄၉ ခုတို့က အရေးယူပိတ်ဆို့မှုများကို လိုက်နာရန်နှင့် လူ့အခွင့်အရေးနှင့် စီးပွားရေး ဂုက်သိက္ခာအတွက် လုံလောက်သော လုံ့လစိုက်ထုတ်မှု ပြုလုပ်ရန် သဘောတူခဲ့သည်။
MCRB ၏ ကြေညာချက်ကို လက်မှတ်ရေးထိုးသည့် အခြားလုပ်ငန်းများတွင် Adidas, Carlsberg, L’Oreal, Maersk, Metro နှင့် Total တို့ပါဝင်သည်။
“ကျမတို့ရဲ့ကြေညာချက်က ပြသလိုတဲ့အချက်ကတော့ ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ မျှဝေနေထိုင်ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အဲဒီလို မျှဝေနေထိုင်ရတဲ့ နယ်ပယ်လေးကို ပိတ်လိုက်ရင် စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ဆိုးရွားသွားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်းနှင့် MCRB ဒါရိုက်တာ ဗစ်ကီဘိုးမင်းပြောသည်။ MCRB ကို လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်း အင်စတီကျု – Institute for Human Rights and Business ၏ အစီအစဉ်အဖြစ် နှင့် ကုလသမဂ္ဂနှင့် ဒိန်းမတ် လူ့အခွင့်အရေး အင်စတီကျု Danish Institute for Human Rights တို့နှင့် အတိုင်ပင်ခံအဆင့်ရှိသော အထူး အစိုးရမဟုတ်သည့် အဖွဲ့အစည်းအဖြစ် ၂၀၁၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။
ယခုကြေညာချက်ကို လက်မှတ်ရေးထိုးသော ကုမ္ပဏီများတွင် ဥရောပကုမ္ပဏီများက အများစုသာ ပါဝင်နေပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ဆောင်နေသော ဂျပန်နှင့်ထိုင်း အပါအဝင် အာရှစီးပွားရေးလုပ်ငန်းများက နှာစေးနေကြသည်။
“ဒီနိုင်ငံတွေက သံရုံးတွေဟာ ဒီလိုအခြေအနေမျိုးမှာ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့မရပ်တည်ဘဲ ဦးညွှတ်အရှုံးပေးဖို့ အကြံပေးတတ်ကြတယ်။ ဂျပန်နဲ့ထိုင်းလို အစိုးရတွေကိုယ်တ်ိုင်က စီးပွားရေးနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လမ်းညွှန်တွေ ထုတ်ဝေနေပေမယ့် သူတို့လုပ်ငန်းတွေကိုတော့ ဒီအတိုင်းပဲ အကြံပေးကြတာပဲ” ဟု MCRB မှ ဘိုးမင်းပြောသည်။
MCRB ၏ ကြေညာချက်ကို မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်းကလည်း ထောက်ခံသည်။ မြန်မာနိုင်ငံမှ ဂျပန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းက ၎င်းတို့သည် ၎င်းတို့၏ တုံ့ပြန်မှုနှင့် ပတ်သက်ပြီး စဉ်းစားသုံးသပ်မှုများပြုလုပ်နေကြောင်း Nikkei Asia သို့ပြောသည်။
ထိုင်းနှင့် ဂျပန်နှစ်နိုင်ငံလုံးသည် စီးပွားရေးနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂ၏ လမ်းညွှန်ကြေညာချက်များကို အကောင်အထည်ဖေါ်ရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များကို လွန်ခဲ့သော နှစ်က ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အခြေအနေကို စောင့်ကြည့်သည့် သဘောထားအား အာရှကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူ အများအပြားက လက်ခံထားကြသည်။ ဥပမာအားဖြင့်ဆိုရပါက မြန်မာနိုင်ငံတွင် မီဒီယာနှင့် ထိတွေ့ဆက်ဆံမှုများသည့် စီးပွားရေးလုပ်ငန်းဖြစ်သော စင်္ကာပူတွင် မှတ်ပုံတင်ထာသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဖြစ်သော Ascent Capital သည် အများပြည်သူရှေ့တွင် တခွန်းတပါဒမျှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ ထိုလုပ်ငန်းက ၎င်းတို့၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းမှတဆင့် “Ascent Capital သည် လတ်တလောတွင် မီဒီယာသို့ မည်သည့် ဝေဖန်ပြောကြားချက်မျှ မပေးသေးပါ” ဟု ပြောသည်။
စင်္ကာပူသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခြင်းကိုသာ အာရုံစိုက်သင့်ကြောင်းနှင့် နိုင်ငံရေးကို အလေးမထားသင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ပြောကြားပြီး မကြာမီ စင်္ကာပူ ကုန်အမှတ်တံဆိပ်များဖြစ်သော Beauty in the Pot, Crystal Jade, BreadTalk နှင့် Ya Kun Kaya Toast တို့မှာ လူမှုကွန်ရက်တွင် ၎င်းတို့၏ ကုန်အမှတ်တံဆိပ်များကို ကြက်ချေခတ်ပြီး သပိတ်မှောက်ခံရသည်။
“စီးပွားရေးသမားတွေက စစ်တပ်နဲ့စစ်အစိုးရဆန့်ကျင်တဲ့ လူထုကြားမှာ ဘယ်ဘက်ကမှ မပါအောင် ရုန်းကန်နေရတယ်။ နှစ်ဘက်လုံးနဲ့ဆက်ဆံနေရတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် သုတေသီတဦးကပြောပြီး အချို့ကုမ္ပဏီများက စစ်အစိုးရသည် ဆက်လက် ရှင်သန်နိုင်လိမ့်မည်ဟု မျှော်လင့်နေပြီး ထို့ကြောင့် စစ်အစိုးရနှင့် ဆက်ဆံရေး တံတား မီးမလောင်အောင် ဂရုစိုက်နေကြောင်းလည်း သူပြောသည်။
” ကုမ္ပဏီအသိုက်အဝန်း အထူးအဖြင့် စီးပွားရေးအုပ်စုတွေ၊ ရန်ပုံငွေအဖွဲ့တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ လူ့အခွင့်အရေး၊ အကန့်အသတ်မရှိ သတင်းအချက်အလက် စီးဆင်းမှု၊ ပွင့်လင်းမြင်သာ မျှတတဲ့ အုပ်ချုပ်မှုတွေအတွက် လူသိရှင်ကြား ရပ်တည်သင့်တယ်။ နိုင်ငံတကာအသိုက်အဝန်းနဲ့ စစ်အစိုးရရဲ အမြင်မှာ သူတို့တွေက သြဇာသက်ရောက်မှု ရှိတယ်” ဟုလည်း သူဆက်ပြောသည်။
အာရှမှ ကော်ပိုရေးရှင်းကြီးများသည် နှုတ်ဆိတ်နေကြသော်လည်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ဂျပန်မှ အသေးစားနှင့် အလတ်စား လုပ်ငန်း ၃ ခုသည် MCRB ၏ ကြေညာချက်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ “ကျနော်တို့ ကုမ္ပဏီရဲ့ ရပ်တည်ချက်က ရှင်းရှင်းလေးပဲ။ ပြည်သူဘက်က ရပ်တည်ပြီး ဘယ်အကြမ်းဖက်မှုကိုမဆို၊ အခြေခံလူ့အခွင့်အရေးအပေါ် ဘယ်စိန်ခေါ်မှုကိုမဆို ဆန့်ကျင်တယ်” ဟု ထိုလုပ်ငန်းများအနက်တခု ပိုင်ရှင်ကပြောသည်။
ထိုစီးပွားရေးလုပ်ငန်းရှင်က အဓိကကျသည့် ဂျပန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှု-စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု စံနှုန်းများကို အလေးထားရန်ပြောကြားခဲ့သည်။ ” အဓိကကျတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေက ဒီကြေညာချက်မှာ လက်မှတ်ရေးထိုးပြီးပြီဖြစ်လို့ ကြီးကြီးမားမား အန္တရာယ် ရှိတယ်လို့ ကျနော်တော့ မထင်ဘူး။ သူတို့က ဂျပန်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုနဲ့စီးပွားဆိုင်ရာ အုပ်ချုပ်မှု စံနှုန်းတွေရှိလို့ ဒါကို သူတို့လိုက်နာသင့်တယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Nikkei Asia ၏ Asian companies stay quiet as Western peers condemn Myanmar coup
You may also like these stories:
စစ်ကောင်စီနှင့် ဆွေးနွေးရန် ပြည်တွင်း ပြည်ပ စီးပွားရေးအဖွဲ့အစည်းများ ငြင်းပယ်
စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ
စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက အသံထွက်ဖို့ လိုနေပြီ