ပြီးခဲ့သည့်လမှ စ၍ မြန်မာပြည်တွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အစိုးရ စီမံကိန်းများအတွက် ထောက်ပံ့နေသော ရန်ပုံငွေများအား ယာယီရပ်ဆိုင်းထားကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ကြေညာသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဖြစ်ထွန်းလာနေသော အခြေအနေများကို ပြန်လှန်သုံးသပ်နေသည်နှင့်အညီ ADB အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မြန်မာနိုင်ငံရှိ ကန်ထရိုက်သစ်များနှင့် နိုင်ငံ့စီမံကိန်းအတွက် ငွေထုတ်ပေးနေမှုများကို ယာယီရပ်ဆိုင်းလိုက်သည်။ ယင်းသည် ကျွန်ူပ်တို့၏ ဌာနတွင်း လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရမည်” ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေညာချက်က ဆိုသည်။
ADB အနေဖြင့် ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့များက အင်အား အလုံးအရင်း သုံးကာ ဖြိုခွင်းမှုကြောင့် အသက်သေကျေရမှုအပေါ် အလွန်အမင်း စိုးရိမ်နေကြောင်းလည်း ဆိုသည်။ “မိမိတို့အနေဖြင့် ရှယ်ယာအစုရှင်များ၊ သက်ဆိုင်သူများ အားလုံးနှင့် ဆွေးနွေးတိုင်ပင်ကြမည် ဖြစ်သည်”ဟုလည်း ရေးထားသည်။
ADB ၏ မြန်မာပြည်ရှိ စီမံကိန်းများအား ထောက်ပံ့ငွေမှာ လမ်းတံတားနှင့် အခြေခံအဆောက်အဦးများအတွက် ဖြစ်ကာ ဒေါ်လာသန်းရာချီသည်။ ယခုအခါ ထိုငွေများ ယာယီရပ်ဆိုင်းသွားခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ADB ၏ မြန်မာပြည် ချေးငွေနှင့် ထောက်ပံ့ငွေမှာ ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လျာထားခဲ့ပြီး တိုးပွားခဲ့သော ချေးငွေနှင့် ထောက်ပံ့ငွေထုတ်ပေးမှုမှာ ဒေါ်လာ ၁ ဒသမ ၅၁ ဘီလျံထိ ရှိခဲ့သည်။
ပြီးခဲ့သည့်လကလည်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင်း လျှပ်စစ်ကဏ္ဍမှသည် ကျန်းမာရေး ပညာရေးကဏ္ဍများထိ လုပ်ကိုင်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးထောက်ပံ့မှု မပြုလုပ်တော့ဘဲ ရပ်ဆိုင်းထားကြောင်း အကြောင်းကြားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေး စီမံကိန်းများ စာရင်းအရ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီမံကိန်း အနည်းဆုံး ၂၄ ခု ရှိပြီး ဒေါ်လာ ဘီလီယံ များစွာ တန်ဖိုးရှိကြောင်း သိရသည်။
ကိုးကား။ ။ Kyodo
You may also like these stories:
ကမ္ဘာ့ဘဏ်က မြန်မာကို ပေးရန်ရှိသည်များ ဆိုင်းငံ့ထား
စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့
ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ