စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်းများ ယခင်ကထက် ပိုမို မြင့် တက်လာနေကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၆ ရက်တွင် သတိပေး ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြ ဆင်ခြေဖုံး ဒေသများတွင် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီ လက်လီ ဈေး နှုန်းသည် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းရှိ မြို့ပြ ဆင်ခြေဖုံးဒေသများတွင် ဆန်ဈေးနှုန်းသည် ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗန်းမော်နှင့် ပူတာအို အပါအဝင် ကချင်ပြည်နယ်၏ မြို့တချို့တွင် ဆန်ဈေးနှုန်းသည် ယခင်ကထက် ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စာသုံးဆီဈေးနှုန်းသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အ တွင်း ၂၇ ရာခိုင်နှုန်း မြင့်တက်နေသည်ဟု ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းတွင်မူ စားသုံးဆီ ဈေးနှုန်းသည် ၁၁ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းတွင် ၁၄ ရာခိုင်နှုန်း အထိ မြင့်တက်နေကြောင်း သိရသည်။
လောင်စာဆီ ဈေးနှုန်းများသည် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယခင်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာနေပြီး လောင်စာဆီ ဈေးနှုန်းတက်မှုသည် စားသောက်ကုန် ဈေးနှုန်းတက်မှုကို ထပ်မံမြင့်တက်ရန် တွန်းအားပေးနေသည်ဟုလည်း WFP က ကြေညာသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး မငြိမ်မသက်မှုများကြောင့် ကုန်စည်စီးဆင်းမှု ကွင်းဆက်များ (Supply Chains) နှင့် ဈေးကွက်များအပေါ် သက်ရောက်မှုများ ရှိလာနေပြီး စားသောက်ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်းများ လည်း မြင့်တက်လာရခြင်း ဖြစ်ကြောင်း WFP က ဆိုသည်။
ထိုသို့ ဈေးနှုန်းများ မြင့်တက်နေစဉ်မှာပင် ဘဏ်လုပ်ငန်းကဏ္ဍ လည်ပတ်မှု ဆိုင်းငံ့သွားခြင်း၊ ငွေလွှဲပေးပို့မှုများ နည်းပါး သွားခြင်းနှင့် ငွေသားလက်ဝယ် ရရှိနိုင်မှု အကန့်အသတ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းများက အခြေအနေ အရပ် ရပ်ကို ပိုမိုခက်ခဲသွားစေမည်ဖြစ်ကြောင်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ Stephen Anderson က “ဒီရှေ့ပြေး လက္ခဏာတွေဟာ အထူး သဖြင့် တနေ့စာတနေ့ ရှာဖွေစားသောက်နေကြရတဲ့ အထိအခိုက် အလွယ်ဆုံးသူတွေအတွက် တကယ့်ကို စိတ်ပူစရာ ရှိပါ တယ်” ဟု ပြောကြားသည်။
ယခင်ကတည်းက ရှိနေသော ကိုဗစ် – ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများ ရှိနေစဉ်မှာပင် ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေခြင်းသည် အနွမ်းပါးဆုံးနှင့် ထိခိုက်အလွယ်ဆုံးဖြစ်သော ရပ်ရွာလူထု ထမင်းဝဝ စားနိုင်ရေးအတွက် ခက်ခက် ခဲခဲ ရုန်းကန်ရမည့် အခြေအနေ ဖြစ်နေသည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
You may also like these stories:
မြန်မာရှိ စက်ရုံနှစ်ရုံ မီးရှို့ခံရကြောင်း တရုတ်သတင်းထုတ်ပြန်
နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်
မြန်မာပြည် စီမံကိန်းများအတွက် ရန်ပုံငွေ ထောက်ပံ့မှု ADB ဆိုင်းငံ့