စစ်အုပ်ချုပ်ရေးသည် ဒေသတွင်းတိုးတက်မှုအမြန်ဆုံးဖြစ်နေသော မြန်မာ့စီးပွားရေးကို ထိုးနှက်လိုက်သောကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဖေါ်ပြသည်။
မြန်မာ့စီးပွားရေးသည် ယခုလမှ စတင်ပြီး ကိုဗစ်-၁၉ ဒဏ်မှ နာလန်ထမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလတွင် ခန့်မှန်းခဲ့သည်။
မြန်မာ့စီးပွားရေးသည် ဆန္ဒပြပွဲများ၊ သပိတ်များ၊ စစ်တပ်၏ လုပ်ရပ်များ၊ သွားလာမှုလျှော့ကျခြင်းများနှင့် ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့် အင်တာနက် စသည့် အများပြည်သူ ဝန်ဆောင်မှုများပြတ်တောက်ခြင်း စသည်တို့ကြောင့် အကြီးအကျယ် အထိနာနေကြောင်း ကမ္ဘာ့ဘဏ်ကပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီကို နေ့စဉ်ဆန္ဒပြပွဲများ ပေါ်ပေါက်နေပြီး တနိုင်ငံလုံးမှ ငြိမ်းချမ်းစွာဆန္ဒပြသူများအား ရက်စက်စွာ ဖြိုခွဲမှုများကို သတင်မှောင်ချရန်အတွက် မိုဘိုင်းအင်တာနက်ဖြတ်တောက်ခြင်းအပါအဝင် အင်တာနက်အသုံးပြုမှုများကို အာဏာသိမ်းခေါင်းဆောင်များက ကန့်သတ်ထားသည်။ အင်တာနက်ဖြတ်တောက်မှုသည် အွန်လိုင်း ငွေပေးချေမှု၊ စားသုံးသူ သုံးစွဲမှုနှင့် ပို့ဆောင်ဖြန့်ချိမှုတို့ကို မှီခိုရသော စီးပွားရေးုလုပ်ငန်းများနှင့် စားသုံးသူများကို အထိနာစေသည်။
ဖေဖေါ်ဝါရီလအစောပိုင်းမှ စတင်ပြီး စစ်တပ်ကထိန်းချုပ်သော ဘဏ်များသာ လုပ်ငန်းလည်ပတ်နေပြီး ပုဂ္ဂလိကဘဏ်အားလုံးမှာ ဝန်ထမ်းများက စစ်အာဏာရှင်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်ပြီး လူမှုအာဏာဖီဆန်ရေးတွင် ပါဝင်နေသောကြောင့် ပိတ်ထားရသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသည် ပုဂ္ဂလိက ဘဏ်များမှ ငွေပေးငွေယူလုပ်ငန်းများကို အဓိက မှီခိုနေရသောကြောင့် စီးပွားရေး လုပ်ငန်းဆောင်တာအားလုံးနှင့် နိုင်ငံတကာရေကြောင်း ကုန်သွယ်မှု အားလုံးနီးပါး ရပ်ဆိုင်းနေသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှု ၂ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလက ခန့်မှန်းထားခဲ့သည်။
ထိုခန့်မှန်းချက်မှာ ကာလအလယ်အလတ်အတွက် အကောင်းဖက်မှ တိုးတက်မှုသာဖြစ်ပြီး ထိုတိုးတက်မှုနှုန်းသည် အများပြည်သူ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု ပြန်လည်တိုးတက်လာခြင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုနှင့် ပတ်သက်သော ကုန်ထုတ်စွမ်းအား တိုးတက်မှုများကြောင့် တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းအထိ နာလန်ထလာနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်က လေးနက်သော ပူပန်မှုများကို ဖေါ်ပြခဲ့ပြီး စစ်အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် အကြီအကျယ် ထိခိုက်စေကြောင်း ပြောသည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံမှ ၎င်းတို့၏ စီမံကိန်းများအားလုံးအတွက် ငွေကြေးထောက်ပံ့မှုများကိုလည်း ရပ်ဆိုင်းထားသည်။
You may also like these stories:
မြန်မာပြည် စီမံကိန်းများအတွက် ရန်ပုံငွေ ထောက်ပံ့မှု ADB ဆိုင်းငံ့
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း
စစ်ကောင်စီ၏ ကျောက်မျက်ပြပွဲ ကုမ္ပဏီ ၄ ခုခန့်သာ ပါဝင်ရန် စာရင်းသွင်းထား
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုကို ဗြိတိန်နှင့် အမေရိကန် အရေးယူ