ဂျပန်ပုဂ္ဂလိက လုပ်ငန်းများနှင့် အစိုးရပ်ိုင်အဖွဲ့အစည်းတခုတို့၏ လုပ်ငန်းစုသည် မြန်မာကာကွယ်ရေးဝန်ကြီးဌာနသို့ ဟိုတယ်နှင့် ရုံးခန်းများတည်ဆောက်ရေးအတွက် မြေငှားခ ဒေါ်လာ သန်းပေါင်းများစွာပေးနေကြောင်း ကုမ္ပဏီ ၆ ခုနှင့် အစိုးရ အရာရှိများက ပြောသည်။
ထိုစီမံကိန်းသည် မြန်မာကာကွယ်ရေးဝန်ကြီးဌာနကို အကျိုးဖြစ်ထွန်းစေကြောင်း ဂျပန်က ဝန်ခံသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနကို မြန်မာဖွဲ့စည်းပုံအရ စစ်တပ်က ထိန်းချုပ်ထားသည်။ ၂၀၁၇ ခုနှစ်က စတင်ခဲ့သော ထိုငွေပေးချေမှုသည် တရားမဝင်ပေးချေမှု မဟုတ်သော်လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာစစ်တပ်သည် လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲထားသောကြောင့် သိက္ခာကျစရာဖြစ်နေသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသို့ မြေငှားခ အတိအကျ မည်မျှပေးရသည်ကို Reuters က အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာမွတ်ဆလင်များကို ထိုးစစ်ဆင်သောကြောင့် နိုင်ငံတကာ တရားရုံးတွင် လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည်။ ထိုစစ်တပ်ကပင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး ထိုစဉ်မှစတင်ကာ ရွေးကောက်ခံခေါင်းဆောင်များကို ဖမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူ အနည်းဆုံး ၄၆၀ ကို ပစ်သတ်ထားသည်။
Y Complex ဟု ခေါ်သည့် ရွှေတိဂုံဘုရားလမ်းတွင် တည်ဆောက်နေသည့် အဆောက်အဦးသည် မြန်မာစစ်တပ်၏ ပိုင်ဆိုင်မှုများနှင့် စီမံကိန်များအနက် တခုသာဖြစ်သည်။
မြန်မာစစ်တပ်သည် ကျောက်မျက်တူးဖေါ်ရေးမှ ဘဏ်လုပ်ငန်းအထိ လုပ်ငန်းများစွာ လုပ်ကိုင်သော လုပ်ငန်းစုကြီးနှစ်ခုကို ချုပ်ကိုင်ထားသည်။ မြန်မာနိုင်ငံသည် တိုင်းပြည်စီးပွားရေးကို ဖွင့်လာသောကြောင့် အချို့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ထိုလုပ်ငန်းစုကြီးများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။
Y Complex တွင် ဖက်စပ်လုပ်ကိုင်သူအားလုံးက ထိုမြေငှားခကို ကြားခံမှတဆင့် မြန်မာအစိုးရထံ ပေးခြင်းဖြစ်ကြောင်း၊ စစ်တပ်ကို ပေးခြင်းမဟုတ်ကြောင်း ပြောကြသည်။
ဂျပန်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုပေးခဲ့သည့် ဂျပန်နိုင်ငံမြေယာဝန်ကြီးဌာန န်ိုင်ငံတကာ မူဝါဒဆိုင်ရာဌာန ဌာနမှူး ရိုတာ နာဂါအိုက ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် ထိုစီမံကိန်းသည် စစ်တပ်နှင့်တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဆက်ဆံခြင်း မဟုတ်ကြောင်းပြောသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသည် အစိုးရဌာနတခုဖြစ်သည်ဟု သူပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်အောက်တွင်ရှိသည်ကို သိ မသိ မေးသောအခါ သူ တစုံတရာပြောကြားခြင်း မရှိပေ။
ယခင်က စစ်သမိုင်းပြတိုက်ကို အဆင့်မြင့်ရုံးခန်းများ၊ ဆိုင်များ၊ ကြယ် ၅ ပွင့်ဟိုတယ်တခုအဖြစ် ပြောင်းလဲတည်ဆောက်သည့် Yangon project သည် အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကုန်ကျကြောင်း ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ Fujita Corp က ၂၀၁၇ ခုနှစ်က ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။
အိမ်ခြံမြေလုပ်ငန်း Tokyo Tatemono Co ၊မြေယာဝန်ကြီးဌာနက ကြီးကြပ်သည့် ဂျပန်အစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း JOIN နှင့် ဖူဂျီတာက ၎င်းတို့သည် အထက်ပါအဆောက်အအုံ တည်ဆောက်ထားသောနေရာအတွက် မြေငှားခပေးသော လုပ်ငန်းစုတခု တည်ထောင်ခဲ့ကြောင်း ပြောသည်။ ဂျပန်အစိုးရပိုင် Japan Bank for International Cooperation (JBIC) က ထိုစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် ငွေကြေးစိုက်ထုတ်ခဲ့သည်။
ဖူဂျီတာ၊ Tokyo Tatemono နှင့် JOIN တို့က မြေငှားခမည်မျှပေးရသည်၊ ကာကွယ်ရေး ဝန်ကြီးဌာနသို့ မည်မျှရောက်သွားသည်ကို ထုတ်ဖေါ်ပြောဆိုရန် ငြင်းဆန်ကြသည်။
ဂျပန်အစိုးရ၏ အဆင့်အမြင့်ဆုံး ပြောခွင့်ရသူ ဂျပန်အစိုးရ အတွင်းဝန်ချုပ် ကက်စုနိုဘူ ကာတိုက JOIN နှင့် JBIC တို့သည် အထူးဖွဲ့စည်းထားသော ကုမ္ပဏီတခုမှတဆင့် Y Complex project တွင် ပါဝင်နေကြောင်းပြောသည်။ ထိုနှစ်ဖွဲ့လုံးသည် မြန်မာစစ်တပ်နှင့် တိုက်ရိုက်ဆက်ဆံခြင်းမရှိဟု သူနားလည်ကြောင်းလည်း ပြောသည်။
ထိုစီမံကိန်းသည် ၂၀၂၀ ပင် ပြီးစီးရမည်ဖြစ်ကြောင်း ဖူဂျီတာပြောသည်။ လုံခြုံရေးအခြေအနေကြောင့် အာဏာသိမ်းအပြီးတွင် ဆောက်လုပ်ရေးုလုပ်ငန်များ ရပ်ဆိုင်ထားကြောင်း ဂျပန်အစိုးရက ၉၅ ရာခိုင်နှုန်းပိုင်သည့် JOIN ကပြောသည်။ ထိုလုပ်ငန်းတွင် ပါဝင်သော ကုမ္ပဏီများက မြေငှားခကို ၎င်းတို့၏ ပြည်တွင်းဖက်စပ်လုပ်ငန်း Yangon Technical and Trading (YTT) မှ တဆင့်ပေးရကြောင်း ပြောသည်။ Yangon Technical and Trading (YTT) သည် စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ခြံမြေလုပ်ငန်းများလုပ်သည့် မြန်မာနိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်သည့် ဧရာဟင်္သာ၏ လုပ်ငန်းခွဲဖြစ်သည်။
ထိုမြေနေရာကို ကာကွယ်ရေး ဝန်ကြီးဌာနက ငှားထားကြောင်းနှင့် မြေငှားခကို နောက်ဆုံးရရှိသူမှာ အစိုးရဖြစ်ကြောင်း YTT အရာရှိ ဦးကြည်သာက ပြောသည်။ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးမှတ်တမ်းကို အကဲဖြတ်ရန် အထူးလုပ်ဆောင်ခြင်း မရှိကြောင်းနှင့် လုပ်ထုံးလုပ်နည်း သို့မဟုတ် ဥပဒေအရ လုပ်ဆောင်ရန် မလိုကြောင်းလည်း သူပြောသည်။
အကြီးအကျယ်ရင်းနှီးမြှုပ်နှံသူ
Y Complex သည် နိုင်ငံခြား အစိုးရအဖွဲ့အစည်းများ ပါဝင်ပတ်သက်သည် တခုတည်းသော စစ်တပ်နှငပ်ပတ်သက်သည့် စီမံကိန်းဖြစ်ကြောင်း မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများကို ကုလသမဂ္ဂအတွက် လေ့လာသုတေသနပြုပေးနေသူ ခရစ် ဆီဒေါ့တီပြောသည်။
မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ထိုမြေငှားစာချုပ်ပါ အချက်အလက်များကို ဂျပန်အစိုးရဌာနများနှင့် ကုမ္ပဏီများ ပြောကြားရန် ငြင်းဆန်ကြသည်။ လွန်ခဲ့သောလက ပေါက်ကြားပြီး Distributed Denial of Secrets (DDoSecrets) က အွန်လိုင်းတွင် တင်ထားသည့် မှတ်တမ်းများအရ ထိုအဆောက်အအုံအတွက် မြေငှားခသည် တနှစ်လျှင် ဒေါ်လာ ၂ သန်းခန့် နှုန်းဖြစ်ပြီး နှစ် ၅၀ အတွက်ဖြစ်ကြောင်း သိရသည်။ ထိုအချက်အလက်များကို Reuters က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဂျပန်ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းဖြစ်သော Y Complex Company သည် မြေငှားခ ဒေါ်လာ ၂.၂ သန်းအနက် ဒေါ်လာ ၁.၈ သန်းကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ကြားခံငွေစာရင်းတခုမှ တဆင့် ၂၀၁၉ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ပေးရသည်ဟု ဆိုသည်။ ကျန်ငွေကို YTT က ပေးရန်ဖြစ်ကြောင်း ထိုမှတ်တမ်းများကဆိုသည်။ စီမံကိန်းတည်ဆောက်ရေးကာလအတွင်း ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် မြေငှားခလျှော့ပေးရပြီး နှစ်စဉ်မြေငှားခ ဒေါ်လာ ၅၇၃၁၆၀ အနက် ဒေါ်လာ ၅ သိန်းပေးရကြောင်း ထို စာရွက်စာတမ်းမျးတွင် ဖေါ်ပြထားသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသို့ အတိအကျ မည်မျှပေးသည်ကို Reuters က အတည်ပြုနိုင်ခြင်းမရှိပေ။
JOIN ၊ ဖူဂျီတာနှင့် Tokyo Tatemono တို့သည် ထိုစီမံကိန်းအတွက် မြေငှားခ ဒေါ်လာ ၁.၈ သန်းပေးကြောင်း Y Complex အတွက် ငွေစာရင်း စစ်ရန် ၎င်းတို့တည်ထောင်ထားသော စင်္ကာပူကုမ္ပဏီက မှတ်တမ်းအရ သိရသည်။ သို့သော် ထိုငွေကို မည်သူ့အား ပေးကြောင်း စင်္ကာပူ ကုမ္ပဏီများကို စည်းကမ်းထိန်းကျပ်သည့် ဌာနသို့ တင်သွင်းသည့် စာတွင် ဖေါ်ပြထားခြင်းမရှိပေ။ ထိုကုမ္ပဏီကို ထူထောင်ထားသည့် လုပ်ငန်း ၃ ခုလုံးကလည်း ပမာဏကို ပြောရန်ငြင်းဆန်သည်။
ဂျပန်သည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက်အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာ ၁.၄ ဘီလျံ ရင်းနှီးမြှပ်နှံထားကြောင်း မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာန၏ စာရင်းအရ သိရသည်။ အလှူငွေများ၊ ပညာသင်ကြားမှုဖလှယ်ရေး အစီအစဉ်များ၊ ဆေးဝါးနှင့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ကျင့်မှုများ၊ စစ်တပ်အတွက် သင်တန်းများပါဝင်သော ဂျပန်၏ မြန်မာနှင့်ဆက်ဆံရေးသည် ဒေသတွင်း ကြီးထွားနေသော တရုတ်သြဇာကို တွန်းလှန်ရန်ဖြစ်ကြောင်း ဂျပန်အရာရှိများပြောသည်။
သို့သော် မြန်မာစစ်တပ်နှင့် စီးပွားရေး ဆက်ဆံရေးများ ယခုကဲ့သို့ ပေါက်ကြားသွားသောကြောင့် တိုကျိုနှင့် ဂျပန်ကုမ္ပဏီများသည် ထိုဆက်ဆံရေးကို စွန့်လွှတ်ရန် ပိုမိုဖိအားပေးခံရနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ သိရသည်။ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လုပ်ရပ်များကြောင့် စိုးရိမ်သည်ဟု ဆိုကာ လွန်ခဲ့သောလက ဂျပန် အဖျော်မယာလုပ်ငန်းကြီး ကီရင်သည် စစ်တပ်ပိုင်လုပ်ငန်းနှစ်ခုအနက်တခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ငန်းကို ရပ်လိုက်သည်။ အာဏာသိမ်းမှုသည် စံနှုန်းအားလုံးနှင့် လူ့အခွင့်အရေး မူဝါဒနှင့်လည်း ဆန့်ကျင်နေကြောင်း ကီရင်ကပြောသည်။
“ ဒီကိစ္စက JOIN နဲ့ JBIC အတွက်ပါ ဂုဏ်သိက္ခာ ထိခိုက်လာမယ်။ ဂျပန်ဟာ လူ့အခွင့်အရေးချိုးဖေါက်သူတွေနဲ့ စီးပွားရေးဆက်လုပ်တဲ့ န်ိုင်ငံလို့ အထင်ခံရလိမ့်မယ်” ဟု Tama တက္ကသိုလ်မှ အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူ အကီရာ အီဂါတာပြောသည်။
JOIN အတွက် မြန်မာစီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်ပေးသူ ယိုရှီဟီရို ကူဘိုက Y Complex ၏ အနာဂတ်တွင် ဆက်လက် ပါဝင်ပတ်သက်မှုကို ဆွေးနွေးရန် ငြင်းဆိုသည်။ အခြေအနေသည် “ခက်ခဲပြီး ထိခိုက်နာကျင်စရာ” ကောင်းကြောင်း သူပြောသော်လည်း အသေးစိတ်မပြောပေ။
JBIC ကိုကြီးကြပ်ရသည့် ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း မေးခွန်းများကို JBIC သို့သာမေးရန်ပြောသည်။ ထိုစီမံကိန်းအတွက် ချေးငွေများသည် ဂျပန်ဥပဒေများနှင့် နိုင်ငံတကာ အရေးယူပတ်ဆို့မှုများနှင့်ကိုက်ညီကြောင်း၊ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့့်နေကြောင်း JBIC ကပြောသည်။
JBIC က ၂၀၁၈ ခုနှစ် သတင်းထုတ်ပြန်ချက်တွင် ထိုစီမံကိန်းအတွက် ချေးငွေကို မစ်ဇူဟို ဘဏ်နှင့် ဆုမိတိုမို အစ်ဆူအီ ဘဏ်တို့က ထုတ်ပေးမည်ဖြစ်ကြောင်းဖေါ်ပြထားသည်။ ထိုဘဏ်နှစ်ခုလုံးကလည်း ဆွေးနွေးရန် ငြင်းဆန်သည်။
အနာဂတ်အစီအစဉ်များကို သုံးသပ်နေရင်း အခြေအနေများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ဖူဂျီတာနှင့်တာတီမိုနိုကတို့က အီးမေးလ်ဖြင့် အကြောင်းပြန်သည်။
(Reuters သတင်းဌာန၏ Japan state-funded hotel deal pays rent to Myanmar defence ministry ကို ဆီလျော်အောင် ဧရာဝတီက ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုကို ဗြိတိန်နှင့် အမေရိကန် အရေးယူ
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း