မြန်မာနိုင်ငံ တောင်ပိုင်း အန်ဒမန်ပင်လယ်ထဲရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးတွင် ထုတ်လုပ်နိုင်မှု အတိုင်းအတာ အကြီးအကျယ်ကျဆင်းလာပြီးနောက် ယခုအခါ လုပ်ငန်းအကောင်အထည်ဖော်နေသော မလေးရှားကုမ္ပဏီ Petronas က လုပ်ငန်းများကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များဖြစ်သော M-12 ၊ M-13 ၊ M-14 တို့ကို ရပ်ဆိုင်းကြောင်း Petronas က ကြေညာသည်။
ရဲတံခွန် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးသည် ၃ ဒဿမ ၂ ထရီလျံ ကုဗပေ ထုထည်ရှိသော သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ တွင် စတင် ထုတ်ယူကာ တနေ့လျင် ၂၀၀ မီလီယာ ပေ ကနဦး ထုတ်ယူနိုင်ကြောင်း သိရသည်။ ယခု ရာစုကုန်သည်ထိ ထုတ်ယူနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါ အနည်းဆုံး ယာယီအားဖြင့်ဖြစ်စေ ရပ်ဆိုင်းခဲ့ရပြီဖြစ်သည်။
ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်မှာ ကမ်းလွန်သဘာဝဓာတ်ငွေ့စက်ရုံမှ လိုအပ်ချက်အောက်သာ ထုတ်လုပ်နိုင်နေပြီး တူးဖော်ရေးတွင်းမှ ပို့ဆောင်ထုတ်လွှတ်နိုင်စွမ်းအပေါ် စိန်ခေါ်နေမှုများ နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
Petronas အနေဖြင့် နောက်ထပ်ကြေညာချက် မထွက်မချင်း ထုတ်လုပ်ရေးများ ရပ်ဆိုင်းထားမည် ဖြစ်သည်။
“ထုတ်လုပ်ရေး ရပ်ဆိုင်းရခြင်းမှာ ရဲတံခွန်လုပ်ကွက်သည် ၎င်းပိုင် စက်ပစ္စည်းများ၏ နည်းပညာဆိုင်ရာ လက်မခံနိုင်သောနှုန်းအောက်သာ ထုတ်လုပ်နိုင်နေခြင်းကြောင့် ဖြစ်သည်။ ၂၀၂၁ ဇန်နဝါရီမှ စ၍ လုပ်ကွက်အတွင်း မြေအောက်တူးဖော်မှု စိန်ခေါ်ချက်များကြောင့် ထုတ်လုပ်မှု အတိုင်းအတာ အကြီးအကျယ် ကျဆင်းနေခဲ့သည်။ မကြာသေးမီကဆိုလျင် ပိုမိုကျဆင်းလာသည်” ဟု Petronas Carigali မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Liau Min Hoe က ထုတ်ပြန်သည်။
“နိမ့်ပါးသော နှုန်းဖြင့် ဆက်လက်ထုတ်လုပ်ခြင်းသည် မိမိတို့၏ ရိုးဖြောင့်မှုနှင့် မိမိတို့ အလုပ်သမားများ လုံခြုံရေးကို ကြီးမားစွာ အန္တရာယ်ဖြစ်လာစေသည်။ တာဝန်သိသော လုပ်ငန်းရှင်အနေဖြင့် ကျွန်ုပ်တို့ ယာယီရပ်ဆိုင်းကြောင်း ကြေညာရတော့သည်။”
“ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကြားဝင်ဆောင်ရွက်ရမည့် အစီအစဉ်များ ကျွန်ုတို့ ချမှတ်ဆောင်ရွက်နေပါသည်။ အိမ်ရှင်အာဏာပိုင်များ၊ လုပ်ဖော်ကိုင်ဘက်များနှင့် ဂက်စ်ဝယ်သူများထံ မိမိတို့ ဆုံးဖြတ်ချက်ကို အကြောင်းကြားထားပါသည်”ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
Petronas သည် ၂၀၀၃ ခုနှစ်မှ စ၍ ရဲတံခွန်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ပိုင်ဆိုင်မှု ၄၀ ဒဿမ ၉ ရာခိုင်နှုန်း ရှိသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ၂၀ ဒဿမ ၅၊ Nippon Oil Exploration က ၁၉ ဒဿမ ၉၊ PTTEP က ၁၉ ဒဿမ ၃ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ကြသည်။
Petronas အနေဖြင့် ရဲတံခွန်စီမံကိန်းအပေါ်တွင် ကတိကဝတ် ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိပြီး ထုတ်လုပ်ရေးလုပ်ငန်းများ “ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ပတ်ရန် တတ်စွမ်းသမျှ အားလုံး ဆောင်ရွက်နေ”ကြောင်း ထုတ်ပြန်ခဲ့သည်။
You may also like these stories:
ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ
မြန်မာငွေစက္ကူ ထုတ်ရန် ကုန်ကြမ်း တင်သွင်းမှု ဂျာမနီကုမ္ပဏီ ရပ်ဆိုင်း
စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်