ဖေဖေဝါရီလ ၁ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပေါ် ဖိအားများတိုးလာချိန်တွင် အိန္ဒိယနိုင်ငံမှ Adani အုပ်စုက ၎င်း၏ ရန်ကုန်ရှိ ဆိပ်ကမ်း အတွက် “မြေငှားရမ်းခ” စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) သို့ အမေရိကန်ဒေါ်လာ သန်း၃၀ ပေးမည်ဖြစ်ကြောင်း ဩစတြေးလျ ABC သတင်းဌာနက ရရှိခဲ့သည့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။
ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တစောင်တွင်ူ Adani အုပ်စုက ၎င်းတို့အနေဖြင့် ဆိပ်ကမ်းခွင့်ပြုချက်ရရှိရေး အတွက် စစ်ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်မှု မပြုလုပ်ခဲ့ကြောင်း ဖြေရှင်းခဲ့သည်။ “ဒီခွင့်ပြုချက် ရရှိခြင်း သို့မဟုတ် အဲဒီနောက်ပိုင်းမှာ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ ဆက်ဆံမှု ရှိနေတယ်ဆိုတာကို ကျနော်တို့ ပြတ်ပြတ်သားသား ငြင်းပယ်ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။
သို့သော်လည်း ABC က ရရှိခဲ့သည့် ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် Adani ဆိပ်ကမ်းများ၏ အမှုဆောင် အရာရှိချုပ် Karan Adani က ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် တွေ့ဆုံခဲ့ကြောင်း ဖော်ပြနေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်အချို့သည် ၂၀၁၇ ခုနှစ်တွင် ဒုက္ခသည် ပြဿနာတခုကို ပေါ်ပေါက်စေခဲ့သည့် ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစု အသိုင်းအဝိုင်းအပေါ် ဆန့်ကျင်သော စစ်ဆင်ရေးတခုမှ သူတို့၏ အခန်းကဏ္ဍအတွက် အမေရိကန် ပြည်ထောင်စု၏ လူ့အခွင့်အရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ စာရင်းတွင် ပါဝင်နေခဲ့ပြီး ဖြစ်သည်။
မတ်လ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် အတူ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အမေရိကန် အစိုးရ၏ လုပ်ရပ်က အဆိုပါ အဖွဲ့အစည်းများ၏ အမေရိကန်နိုင်ငံမှ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားလိုက်ပြီး မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးစီးပွားကို ပစ်မှတ်ထားခဲ့သည်။ “ကုမ္ပဏီတွေ (MEC နှင့် ဦးပိုင်) က ကုန်သွယ်ရေး၊ သဘာဝ အရင်းအမြစ်၊ အရက်၊ စီးကရက်နဲ့ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် စီးပွားရေးရဲ့ အချို့ကဏ္ဍတွေကို လွှမ်းမိုးထားပါတယ်” ဟု အဆိုပါ ကြေငြာချက်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်မှ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား အဆင့်မြင့် အရာရှိများက ကုမ္ပဏီ ၂ ခုနှင့် ၎င်းတို့၏ လုပ်ငန်းခွဲများကို ထင်ထင်ရှားရှား ထိန်းချုပ်ထားသည်။
ထိုသို့ အခြေအနေများ ရှိသည့်တိုင် MEC အနေဖြင့် ဆိပ်ကမ်းအတွက် “မြေရှင်းလင်းခ” အနေဖြင့် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၂ သန်း ရရှိဖွယ်ရာ ရှိကြောင်း Australian Centre for International Justice နှင့် တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းတခု ဖြစ်သော Justice For Myanmar တို့က ပူးတွဲထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်က ဆိုသည်။
ပြီးခဲ့သည့်လက စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စာရွက်စာတမ်းများ ပေါက်ကြားလာခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ စာတမ်းကို ရေးသားခဲ့သူ လူ့အခွင့်အရေးရှေ့နေ Rawan Arraf က ABC သတင်းဌာနသို့ ပြောသည်။
“ဒီစာရွက်စာတမ်းတွေမှာ တိတိကျကျဖော်ပြထားတာက မြန်မာစစ်တပ်ပိုင် ကုမ္ပဏီ ဖြစ်တဲ့ MEC ကို ပေးခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ MEC ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ တောင်မှ စွပ်စွဲခံထားရတဲ့၊ စုံစမ်းစစ်ဆေးခံနေရတဲ့ မြန်မာစစ်တပ်က ပိုင်ဆိုင်ထ်ိန်းချုပ်ထားပါတယ်” ဟု Rawan Arraf က ပြောသည်။ “Adani ကို လူသိရှင်ကြား အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ သူတို့က သူတို့နဲ့ MEC သဘောတူညီမှုကို ဖယ်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒါက တကယ့် ပြဿနာပါ။”
Adani အုပ်စုထံမှ ရန်ပုံငွေများကိုလည်း မြန်မာစစ်တပ်က နိုင်ငံတကာ ရာဇဝတ်မှုများအတွက် အသုံးပြုနိုင်သည်ဟု Rawan Arraf က ထပ်ပြောသည်။
၂၀၁၉ ခုနှစ်က ကုလသမဂ္ဂ အစီရင်ခံစာ တစောင်တွင် Adani Ports ကို စစ်တပ်ပိုင် ကုမ္ပဏီ အုပ်စုနှင့် ဆက်သွယ် ဆောင်ရွက်မှုရှိသော ကုမ္ပဏီများထဲမှ တခုအဖြစ် ဖော်ပြခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ခြင်း မပြုရန် အဆိုပါ အစီရင်ခံစာက တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ၂၀၁၉ ခုနှစ်က မြန်မာန်ိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တွင် ပါဝင်ခဲ့သည့် ဩစတြေးလျ နိုင်ငံသား ရှေ့နေတဦး ဖြစ်သည့် Chris Sidoti က “ဩစတြေးလျ နဲ့ ဩစတြေးလျ နိုင်ငံသားတွေ အတွက် မေးခွန်းကတော့ မြန်မာစစ်တပ် ချမ်းသာကြွယ်ဝရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတခုကို ကျနော်တို့က အိမ်ရှင်အဖြစ် လက်ခံချင်သလား၊ လက်မခံချင်ဘူးလား ဆိုတာပါပဲ”ဟု ABCသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဩစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်မှ Abbot Point ကျောက်မီးသွေးဆိပ်ကမ်းမှ နောက်ထပ် နိုင်ငံတကာ စီမံကိန်းတခုတွင် Adani Ports က ပါဝင်ပတ်သက်နေသည်ကို Chris Sidoti က ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။
“Adani က ရင်းနှီးမြှုပ်နှံသူတွေအတွက် မေးခွန်းကတော့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ဘဏ္ဍာငွေထောက်ပံ့ ပေးချင်သလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ Adani မှာ ရင်းနှီးမြှုပ်နှံခြင်းက အဲဒီလို ဖြစ်အောင် သွယ်ဝိုက်ပြီး လုပ်ပေးနေလို့ပါ” ဟု Chris Sidoti က ထပ်ပြောသည်။
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများက သြစတြေးလျအစိုးရ၏ Future Fund ကို Adani Ports တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၂ သန်း ပြန်လည်ပယ်ဖျက်ရေး ဖိအားများ မြင့်တက်စေခဲ့သည်။ သို့သော်လည်း သဘောတူညီချက်ကို ပယ်ဖျက်ရန် သူတို့တွင် အစီအစဉ်မရှိကြောင်း Future Fund ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုး သမီးတဦးက ပြောသည်။ “ဖက်ဒရယ်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တဲ့အခါ Future Fund က (ရှင်တို့ မျှော်လင့်တဲ့အတိုင်း) ဒီလို ဆောင်ရွက်မှုတွေကို လေ့လာစောင့်ကြည့်မှု ပြုလုပ်ပါတယ်” ဟု သူက ပြောသည်။
ဩစတြေးလျနိုင်ငံသည် ၂၀၁၈ တွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာ စစ်အရာရှိ ၅ ဦးကို အရေးယူပိတ်ဆို့မှုစာရင်း ထည့်သွင်းထားသည်ကလွဲပြီး ယခု ၂၀၂၁ စစ်အာဏာသိမ်းအပြီး မည်သည့် အရေးယူပိတ်ဆို့မှုကိုမျှ မပြုလုပ်သေးပါ။
ကိုးကား။ ။ Scroll
You may also like these stories:
ရဲတံခွန် ဂတ်စ်ထုတ်လုပ်ရေး မလေးရှား Petronas ရပ်ဆိုင်း
ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း
မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း