စီးပွားရေး

မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ

တောင်ကိုရီးယားကုမ္ပဏီများ၏ မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်ဆံမှုများသည် အာဏာသိမ်း စစ်ကောင်စီနှင့်အတူ ပြစ်တင်ရှုတ်ချမှုများ ပိုမိုခံလာရသည်။ လူ့အခွင့်အရေးအုပ်စုများသာမက ထိုလုပ်ငန်းများ၏ အစုရှယ်ယာရှင်များကပင် မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန် POSCO ကို တိုက်တွန်းနေကြသည်။

POSCO ၏ ရှယ်ယာရှင်တဦးဖြစ်သူ ဒတ်ချ် ပင်စင်ရန်ပုံငွေ APG က ထိုသို့သောတောင်းဆိုမှုကို ဧပြီ ၅ ရက်နေ့က Financial Times သတင်းစာမှတဆင့် ပြုလုပ်ခဲ့သည်။ “လွန်ခဲ့သောလက ဂျပန်အဖျော်ယမကာ လုပ်ငန်း Kirin Holdings သည် မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL )နှင့် ၎င်း၏ ဖက်စပ်လုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်” ဟု APG ကပြောပြီး POSCO ကိုလည်း အလားတူလုပ်ဆောင်ရန် တိုက်တွန်းသည်။

POSCO အင်တာနေရှင်နယ်နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE )တို့သည် မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်များကို ဖေါ်ထုတ်နေပြီး သဘာဝဓာတ်ငွေ့များကို တရုတ်၊ မြန်မာနှင့် အခြားနိုင်ငံများသို့ ရောင်းချသည်။ ထို့အပြင် POSCO C&C နှင့် MEHL တို့သည် Myanmar POSCO C&C ကို ဖက်စပ်လုပ်ငန်းအဖြစ် ၂၀၁၃ ခုနှစ်က ထူထောင်ထားပြီး MEHL သည် ထို သံမဏိပြား ထုတ်လုပ်ရေးလုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ဖိအားများ တိုးမြင့်လာနေသောကြောင့် POSCO C&C သည် MEHL နှင့် ဖက်စပ်လုပ်ငန်း Myanmar POSCO C&C ကို ပိုင်ဆိုင်မှုနည်းလမ်းများ ပြန်စဉ်းစားနေသည်။ ယင်းနည်းလမ်းများမှာ POSCO C&C ၏ ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကို ရောင်းထုတ်ပစ်ခြင်းနှင့် MEHL ၏ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းအား ဝယ်ယူခြင်းတို့ ဖြစ်ကြောင်း POSCO C&C ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်သော Justice for Myanmar (JFM) သည် POSCO ကို ပြစ်တင်ရှုတ်ချရန် MEHL ၏ န်ိုင်ငံတကာ စီးပွားရေး အဆက်အသွယ်များကို မတ်လ ၂၂ ရက်နေ့တွင် ဖွင့်ချသည်။ နိုင်ငံတကာ စီးပွားရေးအုပ်စုနှင့် လုပ်ငန်း ၉၉ ခုသည် POSCO နှင့်ပတ်သက်နေကြောင်း၊ ထိုတောင်ကိုရီးယား ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းများ ရပ်စဲခြင်းသည် မြန်မာ့ ဒီမိုကရေစီကို ထောက်ခံရာရောက်ကြောင်း JFM က ထိုစဉ်က ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့မှရသည့် အမြတ်အစွန်းများကို မြန်မာစစ်တပ်သို့ မပေးရန် အတိုက်အခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က POSCO, Total SE နှင့် ထိုင်းလုပ်ငန်း PTTEP တို့ထံ လွန်ခဲ့သောလက စာရေးသားပေးပို့သည်။ လတ်တလောတွင် တောင်ကိုရီးယား ကုမ္ပဏီ ၃၀၀ ခန့်သည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေပြီး ၎င်းတို့၏ ၃ ပုံ ၁ ပုံမှာ အထည်ချုပ်လုပ်ငန်းများဖြစ်သည်။

၎င်း၏ သဘာဝဓာတ်ငွေ့ စီးပွားဖက်ဖြစ်သော MOGE သည် စစ်တပ်နှင့် မပတ်သက်ကြောင်း POSCO အင်တာနေရှင်နယ်က လွန်ခဲ့သောလက ပြောသည်။ “ အမြတ်အစွန်း၏ ၅၅ ရာခိုင်နှုန်းကို မြန်မာအစိုးရသို့ပေးပြီး ကျန်အမြတ်အစွန်းကို စီမံကိန်း ကုမ္ပဏီက ယူကာ ထိုငွေကို မြန်မာအစိုးရပိုင် ဘဏ်သို့ တိုက်ရိုက်သွင်းသည်” ဟု POSCO C&C က ရှင်းပြသည်။ Myanmar POSCO C&C ကို ထူထောင်ခြင်းမှ ထိုစဉ်က ဥပဒေအရ လွှဲရှောင်မရသည့် ကိစ္စဖြစ်ကြောင်းလည်း ပြောသည်။ “ထိုကုမ္ပဏီတွင် ၂၀၁၇ ခုနှစ်မှစတင်ပြီး အမြတ်အစွန်း ခွဲတမ်း ပေးချေမှု လုံး၀ လုပ်ဆောင်ခြင်း မရှိပေ” ဟုလည်းပြောသည်။

ကိုးကား။ ။ Business Korea, Yonhap

You may also like these stories:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး

ရဲတံခွန် ဂတ်စ်ထုတ်လုပ်ရေး မလေးရှား Petronas ရပ်ဆိုင်း

ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

Loading