စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်းနှင့် ဘဏ်များထံမှ ငွေသွင်း၊ ငွေထုတ်ယူမှုများ တွင် အခက်အခဲ ရှိလာခြင်းတို့ကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှုလျော့လာပြီး ရွှေဝယ်စုသူ များပြားလာကြောင်း ပြည်တွင်း ရွှေဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။
ယခု ဧပြီလ အစပိုင်းမှ စတင်ကာ ပြည်တွင်း ဈေးကွက်အတွင်း၌ အများပြည်သူများနှင့် လုပ်ငန်းရှင်တချို့တို့က ရွှေဝယ်ယူ စုဆောင်းလာမှုများ ရှိကြောင်း သိရသည်။
လတ်တလောတွင် ပြည်တွင်း ရွှေဆိုင်အများစုက ရွှေအရောင်းအဝယ်ကို ရပ်ဆိုင်းထားလျက် ရှိသော်လည်း အများပြည်သူ များ၏ ရွှေဝယ်လိုအားက ဆက်တိုက် မြင့်တက်လာလျက်ရှိကြောင်း ရန်ကုန်မြို့မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်ဖွင့်လှစ် ထားသည့် ရွှေလုပ်ငန်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဘဏ်က ထုတ်လို့ရပြီဆိုရင် တနိုင်တပိုင်သဘော ဝယ်စုလာတဲ့သူတွေတော့ များလာနေတယ်။ ဘဏ်က ထုတ်လို့ ရတဲ့ ငွေပမာဏကလည်း သိတဲ့အတိုင်းပဲလေ။ တပိုင်းတစ ဝယ်ဖို့တောင် လက်ထဲ ငွေတော်တော်စု နေရတာ” ဟု ဆို သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အချိန်၂ လခန့် အရောင်းအဝယ် ရပ်ဆိုင်းသွားခဲ့သည့် ပြည်တွင်း ရွှေဈေးကွက်သည် ယခု ဧပြီလအစမှာတင် အရောင်းအဝယ် ပြန်ဖြစ်လာပြီး ပြည်တွင်း အခေါက် ရွှေဈေးနှုန်းသည် ယနေ့ဧပြီလ ၇ ရက် ဈေး ပိတ်ချိန်တွင် ၁ ကျပ်သားကို ကျပ် ၁၄ သိန်းအထိ မြင့်တက်လာခဲ့သည်။ (အခေါက် ရွှေဈေးနှုန်းသည် မတ်လကုန်ပိုင်း၌ ၁ ကျပ်သားကို ကျပ် ၁၃ သိန်း ၉ သောင်းကျော် ရှိသည်။)
ပြည်တွင်း ဈေးနှုန်းမြင့်တက်လာခြင်းသည် ကမ္ဘာ့ဈေးနှုန်းသည် ၁ အောင်စကို ဒေါ်လာ ၁၇၀၀ ကျော်အထိ မြင့်တက်လာ ခြင်းကြောင့်ဖြစ်ပြီး ပြည်တွင်းဝယ်လိုအားသည် ပုံမှန်သာ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ရွှေဝယ်စုလာကြတာကတော့ ဟုတ်ပါတယ်။ သိပ်အများကြီးလည်း မဟုတ်ပါဘူး။ အခုက ဆိုင်သမားတွေက ပြန် မဝယ်ကြတော့ဘူး။ ဆိုင်သမားတွေက အခုက ကုန်ကြမ်း မဝယ်တော့တဲ့အတွက် အပြင်ကလူတွေက လာဝယ်နေကြတာ” ဟု ပြောဆိုသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်း ထပ်မြင့်တက်လာပါက ဈေးနှုန်း ဆက်မြင့်တက်လာနိုင်ချေရှိပြီး ကမ္ဘာ့ဈေးနှုန်း ပြန်လည်ကျဆင်းပါက ဈေးနှုန်းပြန်ကျမည်ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။
“လက်ထဲမှာ ပိုက်ဆံတွေလည်း အများကြီး မထားရဲဘူး။ ရွှေဆိုရင် ဝတ်ထားလို့ ရတယ်။ သွားလေရာလည်း သယ်လို့ ရ တယ်။ အခုက ဘဏ်တွေကလည်း ဘာမှန်း မသိတော့ဘူး။ အဲဒီတော့ နေ့တိုင်း ဘဏ်ထဲက ပိုက်ဆံတွေ အကုန်ပတ်ပြီး ထုတ်နေတယ်။ တဝက်လောက်ကို လက်ထဲထားပြီး ကျန်တဝက်ကို ရွှေပဲလုပ်ပစ်တော့ဖို့ လုပ်နေပါတယ်” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းယူခဲသည့် နှစ်လအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၈ ရာခိုင်နှုန်းကျော်ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ လဲလှယ်နှုန်းသည် ပြင်ပဈေးကွက်တွင် ကျပ် ၁,၆၀၀ ဝန်းကျင်အထိ ရှိနေသည်။ ၂ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ကျပ် ၃၀၀ ဝန်းကျင်အထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။
You may also like these stories:
ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း