စီးပွားရေး

စစ်အာဏာသိမ်း ဆန့်ကျင်ရေးက ဂျပန်လုပ်ငန်းရှင်များ၏ စံတန်ဖိုးများကို စမ်းသပ်နေ

ဆန္ဒပြခြင်းများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲနေသည့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများ ဒွိဟ ဖြစ်နေကြရကြောင်း ဂျပန်သတင်းဌာန Nikkei Asia က ရေးသားလိုက်သည်။ သူတို့သည် ပြည်တွင်း အခွန်ဥပဒေများကို လေးစားရမည်လော သို့မဟုတ် ပြည်သူလူထု၏ သဘောထားကို လေးစားကြရမည် လော။

အကယ်၍ သူတို့က အခွန်ဥပ‌ဒေများကို လိုက်နာပြီး အခွန်ပေးလျှင် ကုမ္ပဏီများအနေဖြင့် ပြည်သူလူထု၏ တုန့်ပြန် ဆန့်ကျင်မှုကို ရင်ဆိုင်ရနိုင်ပြီး ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီသို့ ငွေကြေး ထောက်ပံ့ခြင်းဟု အမြင်ခံရနိုင်သောကြောင့် သပိတ်မှောက်သည့် ပုံစံမျိုးကိုပင် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါသည်။

အဆိုပါ ကုမ္ပဏီများ အနေဖြင့် “ပြည်သူလူထု၏ သဘောထားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထင်မြင်ယူဆချက် ၂ ခုလုံးကို လေးစားရင်း ဥပဒေများကိုလည်း လိုက်နာရန်” သူတို့ကို တောင်းဆိုနေသည့် ခက်ခဲ သော အခြေအနေတခုနှင့် ရင်ဆိုင်နေကြရသည်ဟု ရှေ့နေတဦးက ပြောသည်။

တိုကျိုမှ ဥပဒေ အကျိုးဆောင်လုပ်ငန်း တခု ဖြစ်သည့် TMI Associates ၏ ရန်ကုန်ရုံးဖြစ်သော TMI Associates Services မှ Fumiaki Kai က သူတို့၏ ဖောက်သည်များမှာ ကြားညပ် နေကြ ကြောင်း Nikkei ကို ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင် နေသော ဂျပန် ကုမ္ပဏီများ၏ အလုပ်သမားများက ၎င်းတို့လစာထဲမှ အခွန်ငွေ မဖြတ်ရန် ပြောဆိုကြောင်း တောင်းဆိုချက် အများအပြားကို Fumiaki Kai ရရှိခဲ့ကြောင်း သိရသည်။

ဥ‌ပဒေ အရဆိုလျှင် အလုပ်ရှင်များက အလုပ်သမားများ၏ လစာထဲမှ ဝင်ငွေခွန် ဖြတ်တောက်၍ အခွန် အာဏာပိုင်များထံ လွှဲပြောင်း ပေးရမည် ဖြစ်သည်။ စစ်အာဏာသိမ်းခြင်းက အဆိုပါ အလေ့အထကို အလုပ်သမား စီမံခန့်ခွဲရေးတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်စေပြီး ကျိုးပျက်လွယ်သည့် အခြေအနေသို့ တွန်းပို့လိုက်သည်။

ထိုအခြေအနေက ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ တွန်းအားကြောင့် ပေါ်လာရ ခြင်း ဖြစ်သည်။ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော CRPH က “အခွန် ပေးဆောင်မှုများကို စက်တင်ဘာလကုန်အထိ ရွှေ့ဆိုင်းသည့် ဥပ ဒေ တခုကို ပြဌာန်းလိုက်ကြောင်း” မတ်လ ၃ ရက်နေ့တွင် ကြေငြာခဲ့ပြီး အခွန် ကောက်ခံမှုများကို ရပ်တန့်ရန် အခွန်တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။

ထို့ကြောင့် CRPH ကို ထောက်ခံသည့် ပြည်သူများက အဆိုပါတောင်းဆိုချက်ကို အ လေးမထားဘဲ စစ်အစိုးရသို့ အခွန်ငွေများ ဆက်လက်၍ ပေးနေသော အလုပ်ရှင်များအပေါ် ဒေါသထွက်ခဲ့ကြသည်။ အဆိုပါ ကုမ္ပဏီများမှာ ” စစ်တပ်ထောက်ခံသူများ” အဖြစ် တံဆိပ်ကပ်ခြင်း ခံကြရသည်။

” စစ်တပ်က ထိထိရောက် ရောက် ထိန်းချုပ်ထားပါတယ်။ အခွန် ဥပ ဒေ တွေကလည်း ထိထိရောက်ရောက် ဆက်လက်ရှိနေတုန်းပါပဲ။ ဒါကြောင့် (ကုမ္ပဏီတွေရဲ့) အခွန်ပေးဆောင်ရန် တာဝန်ရှိမှုက မပြောင်းမလဲ ရှိနေဆဲလို့ ယူဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တော့ ဒါက ဥပဒေကို လိုက်နာပြီး အခွန်ပေးလိုက်ရင် အဆင်ပြေသွားမယ့် အခြေအနေမျိုး မဟုတ်ပါဘူး” ဟု Fumiaki Kai က ပြောသည်။

မြန်မာပြည်သူများက Facebook နှင့် အခြား ဆိုရှယ် မီဒီယာ ပလက်ဖောင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ အခွန်ပေးဆောင်ခြင်း မရပ်သည့် ကုမ္ပဏီများသည် “သူတို့၏ ထုတ်ကုန်များကို သပိတ်မှောက်ခြင်းသို့ ဦးတည်သွားနိုင်သော ပြင်းထန်သည့် ဝေဖန်မှုများ ရင်ဆိုင်ရမည့် အန္တရယ်ရှိကြောင်း” Fumiaki Kai က ပြောသည်။

စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် အခွန် ကောက်ခံသူတို့၏ အလုပ်များ နှေးကွေးသွားခဲ့ရပြီး နိုင်ငံသားများကလည်း စီးပွား ရေးလုပ်ငန်းများ၏ စစ်အစိုးရသို့ မျက်နှာသာ ပေးမည့် အရိပ်အယောင် မှန်သမျှ ကို အနီးကပ် စောင့်ကြည့်နေသည်။ ကုမ္ပဏီများ အနေဖြင့် အကောင်းဆုံးလုပ်နိုင်သည်မှာ နောက်ဆုံးရက် သတ်မှတ်ချက်ကို ရွှေ့ဆိုင်း ပေးရေး အခွန်အာဏာပိုင်များကို တောင်းဆိုရန်၊ အကြောင်းအရာကို ညှိနှိုင်း ဆွေး‌နွေးရန်နှင့် သူတို့ အလုပ်သမားများ၏ ပေးဆောင်ရန် ငြင်းပယ်မှုကို သူတို့သဘောအတိုင်း ဆက်ထားရန်ဖြစ်သည်ဟု ကျွမ်းကျင်သူ တဦးက ပြောကြောင်း သတင်းက ဆိုသည်။

ယခုအခါမြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်း များက လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့် ပူးပေါင်းရန် သူတို့၏ လုပ်ငန်းခွင်များမှ ထွက်ခွာသွားတတ်သည်။ အဆိုပါ ပျက်ကွက်မှုများကို ကုမ္ပဏီအများအပြားက လစာနှင့် ခွင့်အဖြစ် သဘောထားပေးကြသည်။ သို့ သော်လည်း အကယ်၍ ဝန်ထမ်းများက သူတို့တွင်ရှိသည့် ခွင့်ရက်ထက် ပိုမို ပျက်ကွက်ခဲ့လျှင် သို့မဟုတ် သူတို့က နိုင်ငံ ရေး သပိတ်တခုတွင် ပါဝင်ခဲ့လျှင် သူတို့၏ ကုမ္ပဏီများက အရေးယူမှု ပြုလုပ်နိုင်သည်။

သို့သော်လည်း လက်ရှိအခြေအနေတွင် ကုမ္ပဏီများက သူတို့၏ ဥပဒေအရ အခွင့်အရေးကို ကိုးကား၍ အလုပ်သမားများကို အပြစ်ပေး အရေးယူမှု ပြုလုပ်ခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်းအထိ သွားခဲ့ပါလျှင် အန္တရာယ်ကြီးသည့် အခြေအနေသို့ ရောက်ရှိသွားပါလိမ့်မည်။ စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်သော အလုပ်သမားကို ထုတ်ပယ်ခြင်းက သပိတ် မှောက်ခြင်းများအထိပင် ဦးတည်သွားနိုင်သည်။

တိုကျိုရှိ Nishimura & Asahi ဥပဒေ အကျိုးဆောင်လုပ်ငန်း၏ ရန်ကုန်ရုံးမှ ရှေ့ နေတဦးဖြစ်သော Yusuke Yukawa က “ဥပဒေ လိုက်နာဖို့ ပေါ်မှာပဲ အခြေခံပြီး ဆုံး ဖြတ်ချက် ချခြင်းက မှားယွင်းတဲ့ ရွေးချယ်မှု ပြုလုပ်ခြင်းဆီကို ဦးတည်သွားစေနိုင်ပါတယ်။ မိမိကုမ္ပ‌ဏီနဲ့ ကျင့်ဝတ်စည်းကမ်း တွေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ လိုအပ်ခြင်းကို ထည့်သွင်းစဉ်းစားပြီး ပြောင်းလွယ်ပြင်လွယ် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

ကုမ္ပဏီများ အနေဖြင့် သူတို့က မြန်မာစစ်တပ်ကို ထောက်ခံ နေသည်ဟု ယူဆခြင်းခံရလျှင် အမေရိကန်နှင့် အခြားနိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုကို ကြုံတွေ့ရနိုင် သော အန္တရာယ်လည်း ရှိသည်။

မြန်မာစစ်တပ်နှင့် ဆက်နွယ်‌နေသော အဖျော်ယမကာ လုပ်ငန်းတခုနှင့် မိတ်ဖက် ပြုလုပ်ခဲ့သော ဂျပန်နိုင်ငံမှ Kirin Holdings မှာ စစ်တပ်ကို ဘဏ္ဍာငွေ ထောက်ပံ့သလို ဖြစ်မည့် အလားအလာအတွက် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

ဆက်နွယ်နေသည့် အ‌ကြောင်း ကိစ္စများက နိုင်ငံသားများကို Kirin Holdings ၏ ထုတ်ကုန်များအား သပိတ်မှောက်ရန် ဦးတည် စေခဲ့ပြီး ကုမ္ပဏီအနေဖြင့် ဖက်စပ်လုပ်ငန်းကို ပယ်ဖျက်ရေးအတွက် ဖေဖော်ဝါရီလအတွင်းတွင် စတင် ဆွေးနွေးရန် ဖြစ်လာခဲ့ရသည်။

မြန်မာစစ်တပ်နှင့် နီးကပ်သော ဆက်သွယ်မှုရှိသည့် လူပုဂ္ဂိုလ်များ နှင့် ကုမ္ပဏီများကို အမေရိကန်အစိုးရက ၎င်း၏ အထူးကန့်သတ်ထားသည့် နိုင်ငံသား (SDN) စာရင်းသို့ ထည့်သွင်းလိုက်ပြီး အမေရိကန် နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်သည်။ အမေရိကန်နိုင်ငံသားများ နှင့် ကုမ္ပဏီများအား ၎င်းတို့နှင့် ဆက်ဆံခြင်းမှ တားမြစ်ခဲ့သည်။

အဆိုပါစာရင်းသို့ ကုမ္ပဏီအများအပြား ထပ်မံ ထည့်သွင်းလိမ့်မည်ဟု မျှော်လင့်ရ သော်လည်း တိုးချဲ့မည့် အတိုင်းအတာနှင့် ပတ်သက်၍ မရေရာမှုများ ရှိနေသည်။ ဒုတိယ အဆင့်နှင့် တတိယ အဆင့် တဆင့်ခံ ကန်ထရိုက်များ ပါဝင်လာသည်အထိ အမေရိကန် အစိုးရက လုပ်ဆောင်သွားမည် လော။

“အဓိက အချက်ကတော့ ကုမ္ပဏီရဲ့ ပိုက်ဆံတွေကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဆီကို ရောက် ‌မရောက် ဆိုတာ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်” ဟု Yusuke Yukawa က ပြောသည်။ ကုမ္ပဏီများအ‌နေဖြင့် သူတို့၏ သဘောတူညီချက်များကို ပြန်လည်သုံးသပ်ရန် နှင့် သူတို့၏ ထောက်ပံ့ရေး ကွင်းဆက်များကို ပြန်လည်စဉ်းစားရန် လိုအပ်သည်ဟု သူက ထပ်ပြောသည်။

မြန်မာနိုင်ငံရှိ ဂျပန် ကုန်သည်နှင့် စက်မှုလုပ်ငန်း အသင်း၏ အဆိုအရ မြန်မာနိုင်ငံတွင် လုပ်ကိုင် နေသော ဂျပန် ကုမ္ပဏီ ၄၂၇ ခု ရှိသည်။ မြန်မာနိုင်ငံက အလုံးစုံ စစ်အုပ်ချုပ်ရေးမှ တပိုင်းတစ ဒီမိုကရေစီ အဖြစ်သို့ စတင် ကူးပြောင်းလာခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ကုမ္ပဏီ ၅၀ သာ ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်သည်။ တိုင်းပြည် စီး ပွားရေးက ရှေ့တက်လာခြင်း နှင့် အလုပ်သမားလစာ နည်းပါးခြင်း၏ ဆွဲဆောင်မှု ကြောင့် အဆင့်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စစ်အာဏာသိမ်းလိုက် ခြင်းနှင့် နောက်ဆက်တွဲ အကျပ်အတည်းများက သူတို့၏ စံတန်ဖိုးများ၊ ကျင့်ဝတ်များနှင့် ပတ်သက်၍ ပြန်လည် ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်နေကြရပြီး ဂျပန်ကုမ္ပဏီများအတွက် မြန်မာပြည်တွင် ရှေ့ဆက် အလုပ်ဖြစ် မဖြစ်အထိပင် စဉ်းစားလာနေရသည်အထိ ဖြစ်လာနေသည်။

ကိုးကား။ ။ Nikkei Asia

You may also like these stories:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ

ပြင်သစ် Total ကုမ္ပဏီ ဓာတ်ငွေ့ဆက်ထုတ်ပြီး အခွန် ဆက်ဆောင်မည်

မြန်မာနိုင်ငံကို ကယ်တင်ရန် စီးပွားရေးကို ဦးစွာ ရိုက်ချိုးပါ

Loading