ငွေကြေးဖေါင်းပွမှု အန္တရာယ်မြင့်မားခြင်း၊ ကုန်သွယ်ရေးပျက်စီးခြင်းနှင့် ဆင်းရဲနွမ်းပါးမှုတိုးလာခြင်းတို့နှင့်အတူ မြန်မာ့စီးပွားရေးက စိုးရိမ်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပျက်စီးယိုယွင်းနေကြောင်း ပုဂ္ဂလိက သုတေသနအုပ်စုများမှ စီးပွားရေးအချက်အလက်သစ်များက ပြသနေသော်လည်း မကြာသေးမီရက်များအတွင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာရသည့် ၁၀ ရက်ကြာကျောက်မျက်၊ ကျောက်စိမ်းနှင့် ပုလဲလေလံတင်ပွဲက အာဏာသိမ်းစစ်ကောင်စီသည် ၎င်း၏ ဝင်ငွေအတွက် နိုင်ငံ၏ သယံဇာတများကို ယခင်စစ်အစိုးရများကဲ့သို့ မှီခိုအားထားတော့မည်ဖြစ်ကြောင်း သက်သေပြနေသည်။
စနေနေ့ကပြီးဆုံးသွားသည့် ထို ကျောက်မျက်၊ ကျောက်စိမ်းနှင့် ပုလဲလေလံတင်ပွဲတွင် တနေ့လျှင် ဒေါ်လာ ၁ သန်း နှင့် ၆.၄ သန်အကြားရရှိကြောင်း စစ်ကောင်စီသတင်းစာက ဖေါ်ပြသည်။ ဥပမာအားဖြင့်ဆိုရပါက ကြာသပတေးနေ့ ကျောက်စိမ်းရောင်းချမှုတခုတည်းကပင် မြန်မာငွေကျပ် ၉.၂ ဘီလျှံ (ဒေါ်လာ ၆.၄ သန်း) ရသည်ဟု ဆိုသည်။
ပုံမှန်ကျောက်မျက်လေလံပွဲများကိုစစ်တပ်ထိန်းချုပ်သော လုပ်ငန်းစုကြီးများဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ( MEC ) တို့နှင့်ပတ်သက်သော ကုမ္ပဏီများက စီစဉ်ကြသည်။
သယံဇာတထုတ်ယူသည် လုပ်ငန်းများအပေါ် စစ်တပ်ထိန်းချုပ်မှုကို မီးမောင်းထိုးပြသည့်အနေဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် မြန်မာအစိုးရပိုင် အဓိကငွေရှာသည့် လုပ်ငန်းဖြစ်သော ကျောက်စိမ်းလုပ်ငန်းကို ၎င်းတို့၏ အမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်သည်။ စစ်ကောင်စီ၏ ငွေကြေးရင်းမြစ်များကို ထိန်းချုပ်သည့် ဘိုင်ဒင်အစိုးရ၏ ထိုနောက်ဆုံးအရေးယူမှုသည် မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်းဟုလည်း သိကြသည့် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းကို ပစ်မှတ်ထားသည်။ အစောပိုင်းကလည်း အမေရိကန်အစိုးရသည် အထက်ပါလုပ်ငန်းစု နှစ်ခုဖြစ်သော MEHL နှင့် MEC နှင့် စစ်တပ်ထိန်းချုပ်သော ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းများဖြစ်သည့် မြန်မာပတ္တမြားလုပ်ငန်း၊ မြန်မာအင်ပီရီရယ်ကျောက်စိမ်းကုမ္ပဏီနှင့် Cancri ကျောက်မျက်နှင့်လက်ဝတ်ရတနာ ကုမ္ပဏီ တို့ကို အရေးယူပိတ်ဆို့ခဲ့သည်။
အာဏာသိမ်းချိန်မှ စတင်ပြီး လူ ၇၀၀ ကျော်သေဆုံးစေကာ ထောင်ပေါင်းများစွာ အဖမ်းခံရစေသည့် စစ်ကောင်စီတပ်ဖွဲ့များက လက်နက်မဲ့အရပ်သားများကို အကြမ်းဖက်မှု မြင့်မားလာခြင်းနှင့် စစ်ကောင်စီကို နိုင်ငံတဝန်း အာဏာဖီဆန်ခြင်းတို့ကြောင့် ယခင်နှစ်က ကိုဗစ် ၁၉ ကူးစက်ရောဂါနှင့်ပတ်သက်သည့် ပိတ်ဆို့မှုများဖြင့် ချိနဲ့နေသော စီးပွားရေးသည် အထိနာသွားခဲ့သည်။
မြန်မာ့စီးပွားရေးသည် စက်တင်ဘာလတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု ကမ္ဘာ့ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်သည့် လုပ်ငန်း Fitch Ratings ၏ လက်အောက်ခံ Fitch Solutions က ယခင်က ခန့်မှန်းထားရာမှ ပြန်လည်သုံးသပ်မှုများပြုလုပ်ရပြီး ယခုအခါ ၂၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်ထုတ်ပြန်သော စာတစောင်တွင် ပြန်လည်ပြင်ဆင်ခန့်မှန်းလိုက်သည်။ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ အထွေထွေစားသုံးမှု၊ အခွန်ဝင်ငွေ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အစိုးရအသုံးစရ်ိတ် စသည့် တိုင်းတာမှု စံနှုန်းများလုံးနီးပါးတွင် အကြီးအကျယ်ကျဆင်း သွားမည်ဖြစ်ကြောင်း ခန့်မှန်းသည်။
ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားများကို ဖြိုခွဲခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်လာနိုင်ခြေတို့က ယခုပြင်ဆင်ခန့်မှန်းထားသည် စီးပွားရေး ၂၀ ရာခိုင်နှုန်းထက်မက ပိုမိုကျုံ့သွားစေနိုင်သည့် အန္တရာယ်ရှိနေကြောင်းပင် ဖေါ်ပြသည်။
“သေချာသည်မှာ စီးပွားရေး ပြိုကွဲမှုသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများချမှတ်ထားသည့် အဓိက သေနင်္ဂဗျူဟာတခုဖြစ်သည်” ဟု ထိုအစီရင်ခံစာက နိုင်ငံဝန်ထမ်းများနှင် ပုဂ္ဂလိက ဝန်ထမ်းများ အလုပ်မဆင်းရေး တိုက်တွန်းသည့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် စစ်တပ်နှင့် ဆန္ဒပြသူအရပ်သားများအကြား တင်းမာမှုမြင့်မားခြင်းတို့ကို ကိုးကားဖေါ်ပြသည်။
“နိုင်ငံအတွင်း မြင့်မားလာသော လူမှုမတည်ငြိမ်မှုသည် အသုံးစရိတ်အရ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ သွင်ပြင်အားလုံးကို ချိနဲ့သွားစေမည်ဟု မိမိတို့ယူဆသည်။ ဖြစ်မလာနိုင်ဟု မိမိတို့ယူဆနိုင်သည့် အဆိုးဆုံး အခြေအနေ မရှိပေ။ (မည်သည့်အဆိုးရွားဆုံးအခြေအနေမဆို ဖြစ်လာနိုင်သည်) ” ဟု Fitch ကဆိုသည်။
Fitch ၏ ခန့်မှန်းချက်သည် မကြာသေးမီက ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်ဖြစ်သော ယခုနှစ်အတွက် စီးပွားရေတိုးတက်မှု ၁၀ ရာခိုင်နှုန်း ကျုံ့ခြင်းထက် သိသိသာသာ များပြားနေပြီး မြန်မာ့စီးပွားရေးသည် အတားအဆီးမရှိ ကျဆင်းနေသည်ဟု မကြာသေးမီရက်များက သတိပေးခဲ့သည့် ပုဂ္ဂလိက ဘောဂဗေဒပညာရှင်များ၏ ဆိုးရွားသည့် ခန့်မှန်းချက်များကို ထင်ဟတ်နေသည်။
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်နှင့် ပူးတွဲပါ မက်ခရိုဘောဂဗေဒမူဝါဒ အမြင်အရ အခြေအနေဖရိုဖရဲဖြစ်မှုများသည် မြန်မာနိုင်ငံမှ အဆင်းရဲဆုံးနှင့် ထိခိုက်လွယ်ဆုံးသူများ ရင်ဆိုင်နေရသည့် လက်ရှိလူမှုဖူလှုံရေး အခက်အခဲများကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ရုတ်တရက် အလျှင်အမြန်တိုးလာခြင်း၊ ရိက္ခာဖူလှုံမှု အန္တရာယ်မြင့်မားလားခြင်းနှင့် ဆင်းရဲနွမ်းပါးပြီးသူများအတွက် ပိုမိုနက်ရှိုင်းသည့် အစစအရာရာ ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ကြောင်း ဖေါ်ပြထားသည်။
သို့ရာတွင် စီးပွားရေး ပြိုကွဲမှုကြောင့် စစ်ကောင်စီသည် အရေးပါသော ဝင်ငွေအချို့ ဆုံးရှုံးမည်ဖြစ်သော်လည်း နိုင်ငံမှ သယံဇာတများကို အသုံးချနိုင်သည်။ သတ္တုတွင်းထွက်ကြွယ်၀သော မြန်မာနိုင်ငံတွင် ကျောက်စိမ်းနှင့် ပတ္တမြားသိုက်များသာမက ရွှေ၊ ကြေးနီ၊ သံဖြူ၊ သလင်းကျောက်၊ မြေရှားသတ္တုများနှင့် ကမ်းလွန် သဘာ၀ ဓါတ်ငွေ့ သိုက်များလည်း ရှိသည်။ မြန်မာ့ကျောက်စိမ်းလုပ်ငန်း၏ ရောင်းချမှုသည် ၂၀၁၄ ခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်းထုတ်ကုန်၏ ထက်ဝက်ဖြစ်သော အမေရိကန် ဒေါ်လာ ၃၁ ဘီလျှံဖိုးအထိ ရှိနိုင်ကြောင်းနှင့် ထိုငွေအများစုသည် စစ်တပ်နှင့် ထိုလုပ်ငန်းကို ထိန်းချုပ်ထားသည့် အခြားသူများ လက်သို့ ရောက်ရှိသွားကြောင်း အဂတိလိုက်စားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့တခုဖြစ်သော Global Witness ၏ စုံစမ်းစစ်ဆေးမှု တခုက ခန့်မှန်းခဲ့သည်။
၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ်က မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများတွင် ယူရိုသန်း ၈၂၀ ( ဒေါ်လာ ၉၇၅ သန်း) ဖိုး့ ကျောက်မျက်များကို ရောင်းချခဲ့ကြောင်း ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် တွင်းထွက်တူးဖေါ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ကမ္ဘာ့စံနှုန်းဖြစ်သော သယံဇာတထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုအစီအစဉ် (EITI )၏ လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းတွက်ချက်မှုအရ သိရသည်။ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် EITI ၏ အခြားအစီရင်ခံစာအရ ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိရှိသော မြန်မာ့ကျောက်မျက်များကို ကြေညာခြင်းမရှိ အခွန်တိမ်းရှောင် ရောင်းချခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က မြန်မာ့တွင်းထွက်များအတွက် အဓိက ပြည်ပဈေးကွက်များမှာ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယတို့ဖြစ်သည်။
ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် ယခင်ဦးသိန်းစိန်အစိုးရအောက်တွင် မြန်မာ့ ကျောက်မျက်၊ ကျောက်စိမ်းနှင့်သစ်လုပ်ငန်းများကို စည်းကမ်းထိန်းကြောင်းသည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် စစ်တပ်ကုမ္ပဏီများသည် ထိုနယ်ပယ်များတွင် စီးပွားရေးအကျိုးစီးပွား အခိုင်အမာ ဆက်လက်ထိန်းသိမ်းထားပြီး ဆက်လက်ရှင်သန်ကာ ထိုကုန်သွယ်မှုလုပ်ငန်းများကို တိုးချဲ့နေနိုင်သည်။
စစ်ကောင်စီ၏ အခြားအရေးပါသော ဝင်ငွေများတွင် သဘာဝဓါတ်ငွေ့တင်ပို့ခြင်းသည် အဓိကဖြစ်ပြီး လွန်ခဲ့သောနှစ်က ဝင်ငွေ ဒေါ်လာ ၃.၃ ဘီလျံရခဲ့ကြောင်း ကုလသမဂ္ဂကုန်သွယ်ရေး စာရင်းအင်းများအရ သိရသည်။
တိုင်းပြည်၏ ထိုဝင်ငွေများသည် စစ်တပ်၏ စီးပွားရေး ရေပေါ်ဆီ လူတန်းစားများနှင့် စီးပွားရေးအကျပ်အတည်း နက်ရှိုင်းလာသောကြောင့် စစ်တပ်၏ ကာကွယ်ရေး အသုံးစရိတ်အဖြစ်သို့ ဝေမျှ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဘောဂဗေဒပညာရှင်အချို့က ခန့်မှန်းသည်။
စီးပွားရေးသည် ဈေးကွက်အတွင်း စစ်အုပ်စုနှင့် ၎င်းတို့၏ အဆွယ်အပွားများ လွှမ်းမိုးထားသည့် ကဏ္ဍများ အထူးသဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့၊ တွင်းထွက်တူးဖေါ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သစ်ထုတ်လုပ်ရေးတို့ကိုသာ ပိုမိုမှီခိုလာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်ပတ်သက်သည့် စီးပွားရေး ပညာရှင်များက မကြာသေးမီက သတိပေးသည်။
” လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း စစ်တပ်သည် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားကို ဖြန့်ခွဲထားသောကြောင့် ထိုလုပ်ငန်းများသည်လည်း စီးပွားရေးအကျပ်အတည်းကို ခံရမည်ဖြစ်သော်လည်း ၎င်းတို့၏အကျိုးစီးပွားများကို တိတိကျကျ ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်မထားလျှင် စစ်တပ်နှင့် ခရိုနီများသည် သာမန်ပြည်သူများထက် စီးပွားရေး ကျဆင်းမှုကို ပိုမိုခံနိုင်သည်” ဟု အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိသော်လည်း Nikkei Asia ကလေ့လာခွင့်ရခဲ့သည့် အစီရင်ခံစာတစောင်က ဆိုကြောင်း Nikkei က ရေးသည်။”၎င်းတို့သည် အဓိကျသည့် ကဏ္ဍများတွင် အကျိုးစီးပွားများကို ထိန်းချုပ်ထားပြီး အချို့သည် ပြည်ပတွင် ကျယ်ပြန့်သော ပိုင်ဆိုင်မှုများ ရှိနိုင်သည်” ဟုလည်း ထိုအစီရင်ခံစာကို ကိုးကား၍ သတင်းက ဆက်လက်ဖေါ်ပြသည်။
အခြားအညွှန်းကိန်းများတွင်လည်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု၏ ၅၅ ရာခိုင်နှုန်းရှိသော ပုဂ္ဂလိကကဏ္ဍ စားသုံးမှုသည် ပိုမိုအားနည်းသွားမည်ဖြစ်ကြောင်း Fitch Solutions က ဆိုသည်။ နိုင်ငံမှ အဓိကမကျသည့် ကုန်စည်များကို ရောင်းသည့်ဆိုင်များသည် ပြင်းထန်လာသော အကြမ်းဖက်မှုများကြောင့် ပိတ်ထားကြောင်း မြေပြင်မှ ရင်းမြစ်များကို ထိုအဖွဲ့ ကိုးကားဖေါ်ပြထားသည်။
တချိန်တည်းတွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၃၁ ရာခိုင်နှုန်းရှိသော စုစုပေါင်း ပုံသေငွေရင်းဖွဲ့စည်မှု သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အဓိက ပြိုကွဲသွားမည်ဖြစ်ကြောင်း Fitch အစီရင်ခံစာကဆိုသည်။ “မြန်မာနိုင်ငံအခြေအနေသည် လက်ရှိအချိန်တွင် မရေရာသည့်အဆင့်ကို ကျော်လွန်သွားပြီး ထပ်မံရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းထားနိုင်သော လုပ်ငန်းများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထုခွဲရောင်းချခြင်းနှင့် အရင်းအနှီးများ ပြန်လည်ထုတ်ယူခြင်း မပြုလျှင်ပင် ထပ်မံရင်းနှီးမြှုပ်နှံခြင်းကို ရပ်ဆိုင်းထားကြမည့် အလားအလာရှိသည်” ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းရှိသော အစိုးရဝယ်ယူသုံးစွဲမှုသည်လည်း ကျဆင်းမည်ဖြစ်ကြောင်း Fitch က သတိပေးသည်။ “အကျပ်အတည်းကာလအတွင်း အခွန်ကောက်ခံနိုင်ခြင်း မရှိသလောက်ဖြစ်နေသောကြောင့် စစ်ကောင်စီသည် ငွေသားအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု မိမိတို့ ယုံကြည်သည်။ အသုံးစရိတ်အခြေအနေအရဆိုပါက အကျပ်အတည်းကာလအတွင်း ကိုဗစ်-၁၉ ကယ်ဆယ်ရေး အသုံးစရိတ်သည် ကျဆင်းသွားဖွယ်ရှိသည်” ဟု အစီရင်ခံစာတွင် ဆက်လက်ဖေါ်ပြထားသည်။
ငွေကြေးဖေါင်းပွမှုသည် စက်တင်ဘာလ ၃၀ ရက်နေ့ ယခုဘဏ္ဍာရေးနှစ်အတွင်း မဖြစ်ပွား နိုင်လျှင်ပင် လာမည့်သုံးလပတ်များအတွင်း မြင့်မားလာနေသည့် အန္တရာယ်ကိုလည်း ထိုအစီရင်ခံစာက ဖေါ်ပြထားသည်။ အခွန်ရရှိမှုလျှော့နည်းလာခြင်းနှင့် အခြားဝင်ငွေရင်းမြစ်များအပေါ် ဖိအားတို့နှင့် ရင်ဆိုင်ရသောကြောင့် စစ်ကောင်စီထိန်းချုပ်သည့် ဗဟိုဘဏ်သည် အစိုးရဘဏ္ဍာရေးကို ကူညီရန် ငွေစက္ကူများ ထပ်မံရိုက်နှိပ်ရပြီး ငွေကြေးဖေါင်းပွမှုကို မီးထိုးပေးမည်ဖြစ်ကြောင်းလည်း ထိုအစီရင်ခံစာက သတိပေးသည်။
“မြန်မာနိုင်ငံ လူဦးရေ ၄ ပုံ ၁ ပုံသည် ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်နေရပြီး ထိုအချိုးအစားသည် ယခုအကျပ်အတည်းအတွင်း ပိုမိုမြင့်မားလာန်ိုင်ကာ ထိန်းချုပ်မရသော ငွေကြေးဖေါင်းပွမှုသည် ပုဂ္ဂလိက ကဏ္ဍ စားသုံးမှုကို အကြီးအကျယ် ဖိစီးမည်ဖြစ်သည်။ အလွန်အကျွံငွေကြေးဖေါင်းပွမှုကြောင့် ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်များလည်း ကျဆင်းကုန်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုကို အတားအဆီးဖြစ်စေမည်ဖြစ်သည်” ဟု Fitch Solutions က ဆိုသည်။
ပို့ကုန်များမှာ မြန်မာနိုင်ငံ ကုန်စည်တင်ပို့မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိသည့် အဓိက သတ္တုရိုင်းများနှင့်လောင်စာသာ ကျန်တော့မည်ဖြစ်သောကြောင့် တရားဝင်ကုန်သွယ်မှု ပျက်စီးပြိုကွဲသွားဖွယ် ရှိသည်။ စက်တင်ဘာ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေး နှစ်အတွင်း တနှစ်တာ ပို့ကုန် ၆၀ ရာခိုင်နှုန်းကျော်ကျဆင်းမည်ဖြစ်ကြောင်း Fitch က သတိပေးပြီး ကမ္ဘာ့ဝယ်လိုအား ပြန်လည်နာလန်ထစေကာမူ မြန်မာနိုင်ငံ၏ ထုတ်ကုန်တင်ပို့မှုသည် ယခုဘဏ္ဍာရေးနှစ်အတွင်း အကြီးအကျယ်ကျဆင်းမည်ဖြစ်ကြောင်းထောက်ပြသည်။ “တချိန်တည်းတွင် ပြည်တွင်းမှ အစားအသောက် ထုတ်လုပ်သူများသည် လက်ရှိအကျပ်အတည်းအတွင်း လယ်ယာထုတ်ကုန်များကို ပြည်ပပို့ခြင်းထက် ပြည်တွင်းအတွက်သာ စုဆောင်းထားနိုင်ခြေရှိသည်” ဟုလည်း ဆိုသည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
မြန်မာနိုင်ငံကို ကယ်တင်ရန် စီးပွားရေးကို ဦးစွာ ရိုက်ချိုးပါ
ကျပ်ငွေအပေါ် ယုံကြည်မှုလျော့၊ ရွှေစုသူများလာ
ပြင်သစ် Total ကုမ္ပဏီ ဓာတ်ငွေ့ဆက်ထုတ်ပြီး အခွန် ဆက်ဆောင်မည်
စစ်အာဏာသိမ်း ဆန့်ကျင်ရေးက ဂျပန်လုပ်ငန်းရှင်များ၏ စံတန်ဖိုးများကို စမ်းသပ်နေ