မြင်ကွင်းသည် ရန်ကုန်တွင် ထုံးစံတခုဖြစ်လာသည်။ ရာနှင့်ချီသော လူများသည် စီးပွားရေးမြို့တော်ရန်ကုန်ရှိ ATM ငွေထုတ်စက်များ၏ရှေ့တွင် တန်းစီပြီး တနေ့လျှင် ငွေကျပ် ၂ သိန်း မှ ၃ သိန်း အထိထုတ်ယူရန်အတွက် စိုးရိမ်ကြောင့်ကြစွာ တန်းစီနေရသည်။ အများအပြားမှာ ATM ငွေထုတ်စက်များ သို့မဟုတ် ပုဂ္ဂလိကဘဏ်များမှငွေကို တိုက်ရိုက်ထုတ်ယူနိုင်မည့် အကန့်အသတ်ဖြင့် ထုတ်ပေးသော တိုကင်များရရန် ညမထွက်ရအချိန် သတ်မှတ်ချက်ကုန်ဆုံးပြီး နေအိမ်များမှ နံနက်အရုဏ်မတက်မီ ထွက်ခွာလာသူများဖြစ်သည်။
နံနက်စောစောထလာသော်လည်း ATM ငွေထုတ်စက်များတွင်ငွေအလျှင်အမြန် ကုန်သွားသောကြောင့် ငွေမရဘဲ လက်ချည်းဗလာပြန်လာရသူ အများအပြားရှိသည်။ ရန်ကုန်တွင် စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကျပ်စွာချထားသော်လည်း အချို့မှာ ATM ငွေထုတ်စက် တခုမှ အခြားတခုသို့ သို့မဟုတ် ဘဏ်တခုမှ အခြားဘဏ်တခုသို့ လှည့်ပတ်နေရသည်။
“စောင့်နေတာ နေ့တဝက်လောက်ရှိပြီ။ ရှေ့မှာ လူ ၁၀ ယောက်လောက်ပဲ ကျန်တဲ့အချိန်မှာ ATM စက်ကငွေကုန်သွားတယ်” ဟု မတ်လအတွက် လစာငွေကို ထုတ်ယူရန်ကြိုးစားနေသည့် ရန်ကုန်သူတဦးက ညည်းတွားသည်။ “စိတ်ပျက်စရာတော်တော်ကောင်းတယ်” ဟု သူပြောသည်။
ယခုအခါ ပြည်သူများသည် ATM စက်များနှင့် ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ရန် ခက်ခဲနေသောကြောင့် တရားမဝင် ဘဏ္ဍာရေး ဝန်ဆောင်မှုပေးသူများ နိုင်ငံတဝန်းတွင် ပေါ်လာသည်။ ထိုဝန်ဆောင်မှုပေးသူများက ပြည်သူများအနေဖြင့် ၎င်းတို့ထုတ်ယူမည့် ငွေပမာဏ၏ ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိပေးလျှင် ၎င်းတို့၏ငွေများကို အသုံးပြုခွင့်ရအောင် အခွင့်အလမ်းဖန်တီးပေးသည်။
“ဘဏ်ကနေ တိုကင်ရဖို့ဆိုတာ အရမ်းခက်ပြီး ATM ကနေလည်း တကြိမ်မှာ ၂ သိန်းပဲရတယ်။ အဲဒီတော့ ဘဏ္ဍာရေးဝန်ဆောင်မှုသစ်ပေးတဲ့သူတယောက်ဆီ သွားလိုက်တယ်။ သူတို့ စာရင်းထဲကို မိုဘိုင်းမန်းနီးကနေ သိန်း ၁၀၀ လွှဲပေးလိုက်တာနဲ့ သူတို့က ငွေချက်ခြင်းထုတ်ပေးတယ်။ ဒါပေမယ့် သူတို့ကို ဝန်ဆောင်ခ ၃ သိန်းပေးရတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုသို့ ဖြစ်ပေါ်လာခြင်းအပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြည်တွင်းရှိ လုပ်ငန်းရှင်တချို့သည် ဘဏ်များသို့ ငွေသားအပ်နှံခြင်း မပြုဘဲ လက်ဝယ်ငွေသား ထားရှိကာ ငွေသားလိုအပ်ချက်ရှိသူများနှင့် ချိတ်ဆက်ပြီး ရာခိုင်နှုန်းတခု အကျိုးအမြတ်ရယူဆောင်ရွက်သော ဈေးကွက်ဖြစ်ပေါ်နေကြောင်း ဧပြီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ထိုကဲ့သို့ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူကို အကျိုးအမြတ် ရယူခြင်းအလို့ငှာ ရောင်းဝယ် ဖောက်ကား ဆောင်ရွက်ခြင်းကို ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
“စီးပွားရေးလုပ်ငန်းတွေမှာ ငွေသားပြတ်လပ်မှုဖြစ်နေတာ တော်တော်ကြာပြီ။ အခုလူတွေက ဘဏ္ဍာရေး ဝန်ဆောင်မှုပေးသူတွေကို အသုံးပြုနေကြတာ။ ဒါက တရားမဝင် ဝန်ဆောင်မှုပေါ့။ ဒါပေမယ့် ရွေးစရာလမ်း မရှိဘူး” ဟု ထိုစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
“ငွေရှိတဲ့ ATMs စက်ရှာရတာတို့ တိုကင်ရဖို့ တန်းစီရတာတို့ မရှိတော့ဘူး။ ဖုန်းဆက်လိုက်တာနဲ့ ဝန်ဆောင်မှုပေးသူတွေက အိမ်အထိ လာလုပ်ပေးတယ်” ဟုလည်း သူပြောသည်။
ATM တွင် ငွေတန်းစီထုတ်ယူမှုက မလိုလားအပ်သော လုံခြုံရေး အန္တရာယ်ကို ဖြစ်ပေါ်စေသောကြောင့် ဝန်ဆောင်ခ ယူပြီး အိမ်တိုင်ရာရောက် ဝန်ဆောင်ပေးမှုက ရွေးစရာတခု ဖြစ်လာသည်။ ဧပြီလဆန်းက ရန်ကုန်ရှိ KBZ ဘဏ် ATM စက်တခုတွင် တန်းစီနေသူ တဒါဇင်နီးပါးကို လုံခြုံရေးတပ်များက အကြောင်းတစုံတရာ မပြောဘဲ ဖမ်းဆီးသွားခဲ့သည်။
“တလကို လစာ ၅ သိန်းရတယ်။ ဝန်ဆောင်ခက ၃၀၀၀၀ တောင်းတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာမသိတော့ ဘဏ်မှာလည်း ပ်ိုက်ဆံမထားရဲတော့ဘူး။ ဒီတော့ ကိုယ့်လခ ကိုယ်သုံးခွင့်ရဖို့ သူတို့ကို ဝန်ဆောင်ခပေးရုံကလွဲပြီး ရွေးစရာလမ်း မရှိတော့ဘူး”ဟု ကြော်ငြာလုပ်ငန်းတခုမှ ဝန်ထမ်းတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။
သို့သော် ၎င်းက “စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဝန်ဆောင်ခက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် က်ိုယ့်လခလေး ကိုယ်ထုတ်မယ့် သာမန်ပြည်သူတွေကျတော့ ဝန်ဆောင်ခက ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်” ဟု ဆက်ပြောသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများကိုအောင်မြင်စွာ တိုက်တွန်းနိုင်သောကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ရပ်ဆိုင်းနေသည်။ မိုဘိုင်းဘဏ်ဝန်ဆောင်မှုနှင့် ATM အကန့်အသတ်ဖြင့်သာရသော ဝန်ဆောင်မှုမှအပ ဘဏ်ခွဲများပိတ်ထားသောကြောင့် မြန်မာန်ိုင်ငံရှိ ပုဂ္ဂလိက လုပ်ငန်းများသည် ဖေဖေါ်ဝါရီလလယ်မှ စတင်ပြီး ငွေသားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။
ဘဏ်စနစ်ပြိုကွဲတော့မည်ဆိုသည့် ကောလာဟလကြောင့်လည်း အာဏာသိမ်းပြီးလျှင်ပြီးချင်း ပြည်သူများသည် ၎င်းတို့၏ ငွေများကို ထုတ်ယူရန် ဘဏ်များသို့ အလုအယက်သွားကြသည်။
ATMs စက်မှဖြစ်စေ ဘဏ်မှတိုက်ရိုက်ဖြစ်စေ တနေ့လျှင် ငွေ ၅ သိန်းသာ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ်က စည်းမျဉ်းသစ်ကို ထုတ်ပြန်လိုက်ပြီး ဘဏ်များကလည်း တိုက်ရိုက်ငွေထုတ်ယူသူများအတွက် တနေ့လျှင် တိုကင် ၂၀ မှ ၃၀ အထိသာ ချထားပေးသည်။
စစ်ကောင်စီက မတ်လတွင် မိုဘိုင်းအင်တာနက်များကို ဖြတ်တောက်လိုက်သောအခါ ဆူပါမားကက်များနှင့် ဈေးဝယ်စင်တာများလည်း ကတ်ဖြင့်ငွေပေးချေခြင်းကို လက်မခံနိုင်တော့ပေ။
“အီလက်ထရွန်းနစ် ငွေပေးချေမှုအတွက် မိုဘိုင်းအင်တာနက်ကို သုံးနေတာ။ မိုဘိုင်းအင်တာနက် ဖြတ်ထားသမျှတော့ အီလက်ထရွန်းနစ် ငွေပေးချေမှုကို ဝန်ဆောင်မှုပေးလို့ မရတော့ဘူး” ဟု မြန်မာနိုင်ငံရှိ အကြီးမားဆုံး လက်လီလက်ကား အရောင်းလုပ်ငန်းမှ ဌာနခွဲမန်နေဂျာတဦးက ဧရာဝတီသို့ပြောသည်။
“ကတ်တွေက သုံးလို့မရတော့ ပစ္စည်းဝယ်ဖို့ငွေကို ကိုင်ထားရတယ်။ ငွေသားရှိဖို့က အရေးကြီးလာပြီ” ဟု ရန်ကုန်ဒေသခံတဦးပြောသည်။
ထိုသို့ ခက်ခဲနေချိန်တွင် လိုအပ်သူများအနေဖြင့် မိမိငွေစာရင်းထဲမှငွေကို ဝန်ဆောင်မှုပေးသူထံသို့ လွှဲပြောင်းပေးပြီး ငွေသားပြန်ယူသည့် ပုံစံမျိုးကို ဝန်ဆောင်ခပေး၍ အသုံးပြုလာကြခြင်း ဖြစ်သည်။
“အဲဒီဈေးကွက်က ဖြစ်မှာပဲ။ ဘဏ်တွေက လူဦးရေကန့်သတ်၊ ပမာဏကန့်သတ်နဲ့။ ငွေသားအလုံအလောက် ထုတ်ယူခွင့်မရရင် ရတဲ့နည်းနဲ့ ရှာရတော့ ဒီဈေးကွက်ဖြစ်လာတာ မဆန်းဘူး။ ငွေထုတ်တဲ့ပမာဏ ကန့်သတ်ချက်တွေသာ ပြန်ပယ်ဖျက်လိုက် အဲဒီဈေးကွက် အလိုလိုပျောက်သွားလိမ့်မယ်” ဟု ကုန်သည်တဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းငွေကြေးလွှဲပြောင်းမှုလုပ်ငန်း Wave Money ကိုယ်စားလှယ်များကလည်း အကျပ်အတည်းတွင် အမြတ်ထုတ်ကြသည်။
“ကိုယ်စားလှယ်တွေကို အရင်တုန်းက ငွေလွှဲခပဲပေးရတာ။ အခုကျတော့ သူတို့က သူတို့ဆီက ငွေလွှဲတဲ့သူတွေဆီက အပိုဝန်ဆောင်ခတောင်းလာတယ်” ဟု ရန်ကုန်ဒေသခံတဦးပြောသည်။
“သိန်းတရာလွှဲလိုက်ရင် ကိုယ်စားလှယ်တွေက တသိန်း တသိန်းခွဲတောင်းတယ်။ မိဘတွေဆီကိုငွေလွဲတုန်းက ကိုယ်စားလှယ်ကို ငွေလွှဲခပေးပြီးသား။ ဒါမေပယ့် ကျမမိဘတွေက အဲဒီငွေကို မိဘတွေက သွားထုတ်တော့ ငွေလွှဲခဆိုပြီးတော့ တသောင်းခွဲထပ်တောင်းတယ်။ မိဘတွေကမပေးဘူဆို့တော့ အဲဒီကိုယ်စားလှယ်က လွှဲငွေကို ထုတ်မပေးဘူး” ဟု သူပြောသည်။
ငွေသားပြတ်တောက်မှုကြောင်း ထိုသို့နှစ်ဆတောင်းခံခြင်းသည် ထုံးစံဖြစ်လာကြောင်း Wave Money မှ ကိုယ်စားလှယ်တဦးပြောသည်။
“ညမထွက်ရ အမိန့်သတ်မှတ်ချိန်ကုန်တာနဲ့ ဘဏ်မှာသွား တန်းစီရတယ်။ လုံခြုံရေးတပ်တွေက ဖမ်းမယ့် အန္တရာယ်ကြားကနေ သွားလာနေရတာ” ဟု ထိုကိုယ်စားလှယ်က ပြောသည်။
“လူတွေက တနေ့ကို သိန်းတရာလောက်ထုတ်တယ်။ တခါတခါကျတော့ ကျမတို့မှာ ငွေသားမလောက်တော့လို့ ဝန်ဆောင်မှု ရပ်လိုက်ရတယ်” ဟုလည်းသူပြောသည်။
ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူခြင်းနှင့် ပြည်ပမှ ငွေထပ်မံသွင်းခြင်း နှစ်ခုလုံး ခက်ခဲလာသောကြောင့် နိုင်ငံခြားသား စီးပွားရေးသမားများလည်း ငွေကြေးပြတ်တောက်ခြင်းကို ခံစားကြရသည်။
ယခင်အစိုးရခေတ်က ပြည်ပမှငွေကြေးလွှဲပြောင်းမှုကို သုံးသပ်သည့် လုပ်ငန်းသည် တပတ်သာကြာသည်။ ယခုအခါ ထိုသို့သုံးသပ်သည့် လုပ်ငန်းစဉ်ကို စီးပွားရေးသမားများအား သိရှိခွင့် မပေးကြောင်း ရန်ကုန်ရှိ သီလဝါအထူးစီးပွားရေးဇုန်မှ ဂျပန်ရင်းနှီးမြှုပ်နှံသူတဦးက ဧရာဝတီသို့ပြောသည်။
“နိုင်ငံခြားက ငွေလွှဲတာတွေ ဘာဖြစ်နေလဲဆိုတာ မသိရတာ ၄ ပတ်ကြာပြီ။ ကျနော့်ငွေတွေ ဘယ်ရောက်နေလဲ ဆိုတာ ကျနော်တောင် မသိရတော့ဘူး”ဟု သူပြောသည်။
“အခု ဒီမှာ စီးပွားရေးလုပ်ရတာအရမ်းခက်တယ်။ ဒီအကျပ်အတည်းက ဘယ်လောက်ကြာမလဲဆိုတာ လဲမသိဘူး” ဟု သူပြောသည်။
ပြုပြင်ပြောင်းလဲရေးကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘဏ်စနစ်သည် ဒေသတွင်းတွင် ခေတ်နောက်အကျဆုံးဖြစ်သည်။
ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲခြင်းသည် စစ်ကောင်စီက ဖြုတ်ချခဲ့သည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ၏ လွန်စွာအရေးပါသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဖြစ်သည်။
NLD အစိုးရသည် မိုဘိုင်းဘဏ္ဍာရေးလုပ်ငန်းများ၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်း သာမက ပြည်ပဘဏ်များ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်ဖြင်းတို့ နှင့်ပတ်သက်သည့် ဥပဒေများနှင့် ခေတ်မမီတော့သည့် လုပ်ထုံးလုပ်နည်း အများစုကို ဖျက်သိမ်းခဲ့သည်။
ထို့အပြင် NLD အစိုးရသည် နိုင်ငံ၏ ဘဏ္ဍာရေး အကျုံးဝင်မှုမြှင့်တင်ခြင်းကိုလည်း အာရုံစိုက်ခဲ့သည်။ ဘဏ္ဍာရေးအရ အကျုံးဝင်မှု ဆိုသည်မှာ အရွယ်ရောက်ပြီးသူတိုင်း တရားဝင် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု အနည်းဆုံး တမျိုးမျိုးကို အသုံးပြုနိုင်ရေးဖြစ်သည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံးလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စစ်အာဏာသိမ်းမှုက ဖျက်ဆီးလိုက်တယ်။ အခုကျတော့ တရားမဝင်ဘာဏ္ဍာရေးစနစ်က တနိုင်ငံလုံးမှာ ထွန်းကားလာတယ်။ ကျနော်တို့ ခေတ်နောက်ပြန်ဆွဲသွားတယ်ဆိုတာ သံသယရှိဖို့မလိုတော့ဘူး” ဟု အမည်မဖေါ်လိုသော ဘောဂဗေဒပညာရှင်တဦးပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Informal Financial Service Providers Take Advantage of Post-Coup Banking Crisis ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖြည့်စွက်ရေးသားသည်။)
You may also like these stories:
ကျပ်ငွေအပေါ် ယုံကြည်မှုလျော့၊ ရွှေစုသူများလာ
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
စစ်အာဏာသိမ်း ဆန့်ကျင်ရေးက ဂျပန်လုပ်ငန်းရှင်များ၏ စံတန်ဖိုးများကို စမ်းသပ်နေ
ဦးပိုင်နှင့် MEC ကို ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့တော့မည်