မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အဦး စီမံကိန်းများအား ငွေကြေးအထောက်အပံ့ပေးခြင်းကို နောက်နှစ်အထိ ရပ်ဆိုင်းထားရန် တောင်ကိုရီးယား အစိုးရက ဆုံးဖြတ်လိုက်ကြောင်း The Korea Herald က ဖော်ပြသည်။
“ကိုရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ (EDCF) ကနေတဆင့် စစ်အစိုးရရဲ့ အခြေခံ အဆောက်အဦး စီမံကိန်းမှန်သမျှ အတွက် ငွေကြေးထောက်ပံ့ မှုတွေကို စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ယာယီ ဆိုင်းငံ့လိုက်ပါတယ်” ဟု ကိုရီးယား ထုတ်ကုန်သွင်းကုန် ဘဏ်မှ အမည်မဖော်လိုသူ အရာရှိတဦးက တောင်ကိုရီးယား သတင်းဌာနသို့ ပြောသည်။
“စစ်အာဏာမသိမ်းမီ ကာလကြာမြင့်စွာ ကတည်းက မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်ခဲ့တဲ့ EDCF ရဲ့ ဆောင်ရွက်ဆဲ လုပ်ငန်း တွေကို ရပ်ပစ်မလား ဆိုတာကို ဆုံးဖြတ်ဖို့ကိုတော့ ဆွေးနွေးမှုတွေ ပြုလုပ်ဆဲ ဖြစ်ပါတယ်။ အခုထိ ဘာမှ အတည်မပြုရသေးပါဘူး” ဟု သူက ပြောသည်။
EDCF သည် အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ပေးခြင်းအားဖြင့် ဆင်းရဲနွမ်းပါး၍ ဖွံ့ဖြိုးတိုးတက်မှု နည်းသော နိုင်ငံများကို ကူညီရန် ၁၉၈၇ ခုနှစ် တွင် စတင်ခဲ့သည့် အစိုးရပိုင် ရံပုံငွေတခု ဖြစ်သည်။
“EDCF ရဲ့ ငွေကြေးထောက်ပံ့တဲ့ အခြေခံ အဆောက်အဦး စီမံကိန်းတွေ မြှင့်တင်ရေးနဲ့ ပတ်သက်လို့ မြန်မာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အစိုးရက ယာယီရပ်ဆိုင်းခဲ့ပြီးပါပြီ” ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရာရှိ တဦးက ပြောသော်လည်း နောက်ထပ် မှတ်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံနှင့် လက်ရှိ EDCF သဘောတူညီချက်ကို တောင်ကိုရီးယား အစိုးရက လက်မှတ်ထိုးခဲ့ပြီး အခြေခံအဆောက်အဦး စီမံကိန်း အမျိုးမျိုးမှတဆင့် စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ချေး ငွေများ ၂၀၂၂ ခုနှစ် အထိ ထုတ်ပေးသွားရန် ကတိပြုခဲ့သည်။
သဘောတူညီချက်အရ အစိုးရပိုင် ငွေချေးလုပ်ငန်း ဖြစ်သည့် EDCF လုပ်ငန်း များကို လုပ်ကိုင်နေသည့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကိုရီးယား ထုတ်ကုန် သွင်းကုန် ဘဏ်က ကိုရီးယား မြန်မာ စက်မှုဇုန် KMIC တခု တည်ဆောက်ရေး မြန်မာနိုင်ငံသို့ ကူညီရန် ချေးငွေ ဝမ် ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၂.၇၉ သန်း) ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် KMIC စက်မှုဇုန်ကို ရန်ကုန်မြို့၏ မြောက်ဘက် လှည်းကူးမြို့တွင် တောင်ကိုရီးယား အစိုးရပိုင် Korea Land and Housing Corporation နှင့် မြန်မာနိုင် ငံမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပူးတွဲ တည်ထောင်မည်ဖြစ်သည်။
စစ်အာဏာမသိမ်းမီက စတင်ခဲ့သည့် အခြေခံအဆောက်အဦး စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရက မဆုံးဖြတ်ရသေးသည့်အတွက် စက်မှုဇုန်အပါအဝင် တောင်ကိုရီးယား အစိုးရက အထောက်အပံ့ပေးထားသည့် လက်ရှိ စီမံကိန်းများ၏ အခြေအနေက မရေမရာဖြစ်နေခဲ့ရကြောင်း သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလက တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လှည်းကူး KMIC စီမံကိန်းကို စတင်ခဲ့သည်။
ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရှိသော KMIC တွင် စက်မှုနှင့် စီးပွားရေးဆိုင်ရာ ဧရိယာများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံတခုနှင့် သင်တန်းကျောင်း တခုတို့ ပါဝင်မည်ဖြစ်သည်။ ရန်ကုန်စီမံကိန်း ဘဏ်၏ အဆိုအရ ထိုစီမံကိန်းသည် ၂၂၅ ဟက်တာကျယ်ဝန်းပြီး ပို့ကုန်ထုတ်လုပ်ရေးကို အဓိကထားကြောင်း သိရသည်။
နှစ်စဉ်အခွန် ဒေါ်လာ ၁၀ သန်းရမည့် ထိုကုန်ထုတ်လုပ်ရေးအဆောက်အအုံများတွင် တောင်ကိုရီးယား ကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ခဲ့သည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံသည် ရန်ကုန်မြို့လယ်နှင့် ရန်ကုန်မြစ်တဖက်ကမ်း ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားကို ကူညီတည်ဆောက်ပေးနေပြီး ဒလတွင်လည်း စက်မှုဇုန်တခုထူထောင်ရန် စီစဉ်ထားသည်။
You may also like these stories:
မြန်မာ့နွေဦး တော်လှန်ရေး အကြောင်း သင်ကြားဖို့ တောင်ကိုရီးယားတွင် တိုက်တွန်းမှုများ ရှိ
မြန်မာ့ပြည်တွင်းရေးကြောင့် တောင်ကိုရီးယားက ခရီးသွား သတိပေးချက် ထုတ်ပြန်
မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ
ဂျပန်က မြန်မာကို အကူအညီပေးရေးအစီအစဉ်များ ရပ်ဆိုင်း