ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၏ စစ်အာဏာရှင်အပေါ် ဆန့်ကျင်သော CDM လှုပ်ရှားမှုကြောင့် ၂ လကျော် ရပ်ဆိုင်း ထားရသော ပြည်တွင်းပုဂ္ဂလိက ဘဏ်ကြီးအများစုသည် ဧပြီလ ၂၀ ရက်နေ့တွင် ဘဏ်ခွဲတချို့ကို ပြန်လည် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပြန်ပေးရန် ပြင်ဆင်လျက်ရှိကြသည်။
ပုဂ္ဂလိကဘဏ်ကြီးများက CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို ဧပြီလ ၂၉ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် အသိအကြောင်းကြားစာများ ပေးပို့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့တွင် ဘဏ်ခွဲတချို့ ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုတချို့ကို ပြန်လည် လည်ပတ်နိုင်ရန် စီစဉ်လာခြင်းလည်းဖြစ်သည်။
သမဝါယမဘဏ် CB Bank က ဧပြီလ ၂၀ ရက်နေ့တွင် ရန်ကုန် နှင့် မန္တလေးမြို့တို့ ဘဏ်ခွဲ ၁၃ ခုကို ဖွင့်လှစ်ပြီး ငွေသားပေးသွင်းခြင်း (Cash Deposit Only) ကိုသာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ ATM & CRM စက်များ၊ CB Pay၊ Internet Banking စသည့် Digital Banking စနစ်များဖြင့်လည်း စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးနေကြောင်း ကြေညာထားသည်။
ရိုးမဘဏ်ကလည်း ဧပြီလ ၂၀ရက်နေ့မှ စပြီး Customer အနေဖြင့် ငွေသားထုတ်ယူရန် လိုအပ်ပါက ဘဏ်၏ Call Center သို့ ဖုန်းခေါ်ဆိုပြီး ကြိုတင်စာရင်းသွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ပုဂ္ဂလိကဘဏ်ကြီး ကမ္ဘောဇဘဏ်(KBZ) နှင့် ဧရာဝတီဘဏ်တို့ကမူ ဧပြီလ ၂၀ ရက်နေ့တွင် ဘဏ်ခွဲများ ဖွင့်လှစ်မည့် အစီအစဉ်ကို တရားဝင်ကြေညာထားခြင်းမရှိသေးသော်လည်း sms တိုကင်စနစ်များဖြင့် Customer ဘဏ်လုပ်ငန်းဝန် ဆောင်မှုများကို ပေးနေလျက်ရှိသည်။
ဘဏ်များမဖွင့်လှစ်ခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းအများအပြားအပေါ် ထိခိုက်သက်ရောက်မှုကြီးမားခဲ့ပြီး တချို့ မှာ အစိုးရဘဏ်များထံတွင် ဘဏ်စာရင်းပြောင်းလဲ ဖွင့်လှစ်ခဲ့ရသည့်အထိရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
“ပုဂ္ဂလိလုပ်ငန်းတော်တော်များများက ဘဏ်တွေကိုပဲ အားကိုးပြီး လုပ်ကိုင်နေကြရတာ ဒီဘဏ်တွေရပ်သွားတော့ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်ကိုတော့ သက်ရောက်မှု ပိုပြီးတော့များတယ်။ လုပ်ငန်းအပြင် တဦးချင်းရောပေါ့ မနက်မိုလင်းရင် ကျနော်တို့က ငွေထုတ်တဲ့ အလုပ်ပဲ လုပ်နေရတော့တယ် ဘယ် ATM ရလဲ၊ ဘယ်ဘဏ်ဖွင့်မလဲဆိုပြီး တန်းပြေးစီဖို့ လုပ်နေရတာ” ဟု ၎င်းက ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ဘဏ်ခွဲတွေတော့ ဖွင့်ပြီး Fully Service မပေးနိုင်ရင်လည်း သိပ်အလုပ်မဖြစ်နိုင်ဘူး။ ဘဏ်မှာက ငွေသွင်းငွေထုတ်တင်မဟုတ်ဘူး တခြားဝန်ဆောင်မှုတွေလည်း ရှိသေးတာကို ဘဏ်ခွဲအများကြီး ပြန်ဖွင့်ထက် တခုလောက်မှာပဲ သူတို့ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရင်တော့ အလုပ်ဖြစ်တယ်လို့ ပြောလို့ရမယ်” ဟု ဆိုသည်။
ဘဏ်များ ပိတ်ထားမှု ယခုထက် အချိန်ထပ်မံကြာမြင့်လာပါက ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတချို့ကို ရပ်ဆိုင်းသွားစေသည်အထိ ရိုက်ခတ်မှု ကြီးမားလာနိုင်ကြောင်း ဒေါက်တာစိုးထွန်းက သုံးသပ်သည်။
ပုဂ္ဂလိကဘဏ်ဝန်ထမ်းတဦးက “ဘဏ်တွေရပ်ထားလို့ ငွေထုတ်ရတဲ့ အခက်အခဲဖြစ်တာကတော့ လုပ်ငန်းရှင်တွေမှ မဟုတ်ဘူး။ ကျမတို့ ကိုယ်တိုင်လည်း ဒီအခက်အခဲကို ရင်ဆိုင်ပြီး CDM လုပ်ခဲ့ကြတာ”ဟု ပြောသည်။
လက်ရှိအချိန်တွင် ဘဏ်များ၏ လုပ်ငန်းခွင်သို့ နောက်ဆုံးဝင်ရမည့် ရက်များ ထုတ်ပြန်လာပြီးတော့ ငွေကြေးအခက်အခဲ ကြောင့် ဆက်လက်တောင့်ခံနိုင်ရန် အခက်အခဲရှိသော CDM ဝန်ထမ်းအငယ်တချို့ကမူ ယခုလကုန်ပိုင်းတွင် ရုံးပြန်တက်ရန် စီစဉ်နေလျက်ရှိပြီး အလုပ်မှ အပြီးတိုင် နုတ်ထွက်တော့မည့် သူများလည်း အများအပြားရှိကြောင်း ၎င်းက ဆိုသည်။
ပုဂ္ဂလိကဘဏ်များ လုပ်ငန်းရပ်ဆိုင်းထားမှုများကြောင့် ငွေသားစီဆင်းမှု နှေးကွေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ငွေပေး ချေမှုများ ရပ်ဆိုင်း သွားခြင်း နှင့် အများပြည်သူများ ငွေထုတ်ယူမှုများအခက်အခဲရှိလာခြင်းတို့ကြောင့် စစ်ကောင်စီ ၏ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ပုဂ္ဂလိကဘဏ်များကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် ဒဏ်ကြေးပေးဆောင်စေခြင်း အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးလျက်ရှိသည်။
You may also like these stories:
အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ