စီးပွားရေး

နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်

ထိုင်းနိုင်ငံမှတင်သွင်းသည့် ကော်ဖီမစ်၊ အချိုရည်မျိုးစုံ နှင့် နို့ဆီ၊ နို့စိမ်း အပါအဝင် စားသောက်ကုန် ၅ မျိုးကို မေလ ၁ ရက်မှ စကာ တင်သွင်းမှုယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာလိုက် သည်။

ယင်းကုန် ၅ မျိုးက အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်မျိုးစုံ၊ Instant Coffee (အသင့်ဖျော်သောက်ကော်ဖီ) နှင့် နို့ဆီ၊ နို့စိမ်းတို့ ဖြစ်ပြီး ၎င်းတို့ကို နယ်စပ်တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုတော့ မည် ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်လိုက်ခြင်းသည် ဝယ်လိုအားကျဆင်းမှုဒဏ်ခံနေရသော ထိုစားသောက်ကုန်များ ထုတ်လုပ်နေသည့် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ပေးခြင်းနှင့် နယ်စပ်မှ ထိုကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးရဲမြင့်မောင်က ဧရာဝတီသို့ ပြောသည်။

“အခုက ပြည်တွင်းဝယ်လိုအားလည်း ကျလာတာလည်း ပါတာပေါ့။ ပြည်တွင်းကုန်ပစ္စည်းတွေကို ပိုပြီးတော့ အားပေးစေချင် တာရယ် ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးချင်တာရယ်ပါ” ဟု ဆိုသည်။

ထိုသို့ ကန့်သတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များအနေဖြင့် ထိုစားသောက်ကုန်များ ဝယ်ယူရန် တနှစ်စာချုပ်ချုပ်ထား ကာ ကြိုတင်စရံငွေပေးခြင်းများရှိခြင်းနှင့် FDA လျှောက်ထားရသည့် ကုန်ကျ စရိတ်များ နစ်နာဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ကုန်သည်များက ဆိုသည်။

ထို့ပြင် ပင်လယ်ရေကြောင်း လမ်းကြောင်းများကိုလည်း ပိတ်ထားသည့်အတွက် တင်သွင်းရ အခက်အခဲရှိပြီး ယင်းစားသောက်ကုန် ဈေးကွက် မတည်ငြိမ်မှု ရှိလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။

ယခုလို စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်လိုက်ခြင်းသည် မှောင်ခိုဈေးကွက်ကို ပြန်သွားရန်နှင့်၊ အဂတိလိုက်စားခြင်းများ ပေါ်ပေါက်လာနိုင်သည်ဟုလည်း နယ်စပ် ကုန်သည်တချို့က ပြောသည်။

လက်ရှိတွင်လည်း ပြည်တွင်း၌ စစ်အာဏာသိမ်းအစိုးရကို အထောက်အပံ့ပေးနေသည့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို မသုံးစွဲ၊ မဝယ်ယူကြရန် ကမ်ပိန်းများ လုပ်ဆောင်လျက် ရှိသည်။

စစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်း တိုးတက်မှုအမြန်ဆုံးဖြစ်နေသော မြန်မာ့စီးပွားရေးမှာ ထိုးကျသွားပြီး ယခုဘဏ္ဍာ ရေးနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ် ကြောင်း ကမာ္ဘ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာ့စီးပွားရေးသည် ဆန္ဒပြပွဲများ၊ သပိတ်များ၊ စစ်တပ်၏ လုပ်ရပ်များ၊ သွားလာမှုလျှော့ကျခြင်းများ နှင့် ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့် အင်တာနက် စသည့် အများပြည်သူ ဝန်ဆောင်မှု များ ပြတ်တောက်ခြင်း စသည်တို့ကြောင့် အကြီးအကျယ် အထိနာနေကြောင်း ကမာ္ဘ့ဘဏ်က ပြောဆို ထားသည်။

You may also like these stories:

ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများ ဘဏ်ခွဲတချို့ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်

အခြေခံအဆောက်အဦး ဆောက်လုပ်ရေး ရံပုံငွေ တောင်ကိုရီးယား ယာယီရပ်ဆိုင်း

Loading