မြန်မာစစ်တပ်ပိုင်ကုမ္ပဏီ ၂ ခုကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အရေးယူဒဏ်ခတ်ပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များအား မပတ်သက်စေရန် ပိတ်ဆို့အပြီး စစ်တပ်နှင့် စီးပွားရေးအရ ဆက်နွယ်သော မြန်မာနိုင်ငံမှ နိုင်ငံစုံ ကုမ္ပဏီများ ရှေ့ရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
လုပ်ငန်းလုပ်ကိုင်ရေးဆိုင်ရာ စွန့်စားရမှုများ မြင့်တက်လာခြင်းကို အကြောင်းပြု၍ တောင်ကိုရီးယား သံမဏိလုပ်ငန်း Posco က မြန်မာနိုင်ငံတွင်း ဖက်စပ်လုပ်ငန်းတခုကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ဆောက်လုပ်ရေးလုပ်ငန်းအတွက် သံမဏိပြားများ ထုတ်လုပ်နေသည့် ဖက်စပ်လုပ်ငန်းဖြစ်သော Myanmar Posco C&C မှ ဖက်စပ်လက်တွဲဖော်ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်(MEHL)၏ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူ၍ တဦးတည်းပိုင်အဖြစ် ပြုလုပ်ရန် မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် MEHL နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Posco Coated & Color Steel ကုမ္ပဏီအုပ်စုက ဧပြီလ ၁၆ ရက်နေ့တွင်ပြောသည်။
စစ်ကောင်စီအတွက် ဝင်ငွေရှာပေးသည့် လုပ်ငန်းနှစ်ခု ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC) တို့အား အမေရိကန်က မတ်လအတွင်း အရေးယူဒဏ်ခတ်ခဲ့ပြီး ဥရောပသမဂ္ဂက ဧပြီလ ၁၉ ရက်နေ့က ပိတ်ဆို့ခဲ့သည်။
မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သား အစိုးရကို ဖယ်ရှားခဲ့သည့် အချိန်၌ Posco က ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းမည့် အရိပ်အယောင်များ ကနဦးတွင် မပြသခဲ့ပါ။ သို့သော်လည်း ဆန္ဒပြသူများအပေါ် စစ်အစိုးရ၏ ပြင်းထန်စွာ နှိမ်နင်းမှုက ကမ္ဘာတလွှားမှ ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်စေခဲ့သည်။
Posco မှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများသည် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ဒတ်ချ် ပင်စင်ရံပုံငွေ APG က စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း Financial Times ၏ သတင်းတပုဒ်အရ သိရသည်။
ဂျပန် အဖျော်ယမကာ လုပ်ငန်းတခု ဖြစ်သည့် Kirin Holdings က MEHL နှင့် ဖက်စပ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် တော့မည် မဟုတ်ကြောင်း စစ်အာဏာသိမ်းပြီး များမကြာမီတွင် အလျှင်အမြန် ပြောကြားခဲ့သည်။ Kirin က ၎င်း၏ စီးပွားဖက်၏ အစုရှယ်ယာများကို ဝယ်ယူရန် ညှိနှိုင်း နေသော်လည်း တိုးတက်မှု သတင်းများ မရရှိသေးပါ။
အကယ်၍ Posco သို့မဟုတ် Kirin က သူတို့၏ ဖက်စပ်လုပ်ငန်းများကို ရယူထိန်းချုပ်ခဲ့လျှင်ပင် အစုရှယ်ယာ ရောင်းချခြင်း၏ အကျိုးအမြတ်များက MEHL သို့မဟုတ် မြန်မာစစ်တပ်ဆီသို့ ရောက်ရှိ သွားပါလိမ့်မည်။ ထိုရလဒ်က ဝေဖန်မှုများကို ဆွဲဆောင်နိုင်ပါသည်။
Kirin ၏ ဖက်စပ်လုပ်ငန်းများက မြန်မာနိုင်ငံ ဘီယာဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းနီးပါး ရရှိထားသည်။ သို့သော်လည်း MEHL နှင့် ဆက်စပ်မှုက နိုင်ငံသားများ၏ သပိတ်မှောက်ခြင်းကို လှုံ့ဆော်ပေးခဲ့သည်။ စူပါမားကက်နှင့် စားသောက်ဆိုင် အများအပြားက မြန်မာဘီယာအပါအဝင် အခြား အမှတ်တံဆိပ်များ ဆိုင်တင် ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ကြသည်။
MEHL ၏ လုပ်ငန်းများထဲတွင် ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ကျောက်မျက်ရတနာနှင့် သက်ဆိုင်သည်များက အဓိက ပါဝင်နေသည်။ တပ်မတော်က ထိန်းချုပ်ထားသည့် အခြားဦးပိုင် ကုမ္ပဏီဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက မိုဘိုင်း ဆက်သွယ်ရေး၊ ဆိပ်ကမ်းလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အဓိက ပါဝင်ပတ်သက်နေသည်။ အုပ်စု နှစ်ခုက စုစုပေါင်း ကုမ္ပဏီ ၁၃၃ ခုကို ထိန်းချုပ်ထားကြောင်း ကုလသမဂ္ဂ၏ လတ်တလော အစီရင်ခံစာတစောင်က ဖော်ပြထားသည်။
ဧပြီလ ၁၃ ရက်နေ့တွင်လည်း အမေရိကန် ထိပ်တန်း ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ S&P Dow Jones Indices က MEC နှင့် စီးပွားရေးအရ ပတ်သက်နေသော အိန္ဒိယနိုင်ငံမှ Adani အုပ်စုအား ၎င်း၏ စာရင်းမှ ဖြုတ်ပယ်ပစ်ခဲ့သည်။
Adani အုပ်စုက ၎င်း၏ ရန်ကုန်ရှိ ဆိပ်ကမ်း အတွက် “မြေငှားရမ်းခ” စစ်တပ်ပိုင် MEC သို့ အမေရိကန်ဒေါ်လာ သန်း၃၀ ပေးနေရကြောင်း ဩစတြေးလျ ABC သတင်းဌာနက ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ကိုးကား၍ ဖော်ထုတ်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အာရှ၏ စီးပွားရေး နယ်စပ်အဖြစ် ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ထူထောင်ခဲ့သည့် ဂျပန်ကုမ္ပဏီ ၄၀၀ ခန့် အပါအဝင် နိုင်ငံစုံ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် အပြိုင်အဆိုင် ရောက်လာခဲ့ရသည်။
သို့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် အကန့်အသတ်များ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီများ အနေဖြင့် ပြည်တွင်းမိတ်ဖက်များနှင့် တွဲဖက် ဆောင်ရွက်ရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် မိတ်ဖက်က မြန်မာစစ်တပ်နှင့် ပတ်သက်နေလေ့ရှိသည်။
ရန်ကုန်တွင် Y Complex အမည်ရှိသော ပြန်လည်တည်ဆောက်ရေး စည်မံကိန်း တခု အတွက် ဂျပန်ကန်ထရိုက်များ ဖြစ်သော Tokyo Tatemono နှင့် Fujita တို့ ပူးပေါင်းခဲ့ကြသည်။ ယခင်က မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနပိုင် စစ်ရေးဆိုင်ရာပြတိုက်တခု ရှိခဲ့သည့် အကျယ် ၁၆၀၀၀ စတုရန်းမီတာ ရှိသောနေရာတွင် ဟိုတယ်တလုံး၊ ရုံးခန်း အဆောက်အဦးနှင့် စီးပွားရေး အဆောက်အဦးများ တည်ဆောက်ရန် ယန်းငွေ ၃၇ ဘီလီယံ( အမေရိကန် ဒေါ်လာ သန်း ၃၄၀) ခန့်သုံးစွဲသွားမည် ဖြစ်သည်။
မြေငှားရမ်းခြင်းအတွက် ကာကွယ်ရေး ဝန်ကြီးဌာနသို့ တနှစ်လျှင် ဒေါ်လာ ၂.၁ သန်းကျော် ပေးရကြောင်း အစိုးရမဟုတ် သည့် အဖွဲ့အစည်းတခု ဖြစ်သော Justice for Myanmar က ဖော်ထုတ်ခဲ့ခြင်းနှင့် အတူ အဆိုပါစီမံကိန်းက စေ့စေ့စပ်စပ် စစ် ဆေးမှုများ အောက်သို့ ရောက်သွားခဲ့သည်။
Y Complex မှ ရံပုံငွေများက တပ်မတော်သို့ ငွေကြေးထောက်ပံ့နေခြင်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေးပေးရန် Justice for Myanmar အပါအဝင် အဖွဲ့ ၅ ဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ရုံးသို့ ဖေဖော်ဝါရီလတွင် တောင်းဆိုခဲ့သည်။ စစ်တပ်က အရပ်သားထိန်းချုပ်မှု အောက်သို့ ရောက်သည်အထိ စီမံကိန်းကို ဆိုင်းငံ့ထားရန်လည်း အဆိုပါအဖွဲ့များက ဆန္ဒရှိနေသည်။
“ကျနော်တို့က ကျနော်တို့ရဲ့ ပြည်တွင်း မိတ်ဖက် ကုမ္ပဏီကို မြေငှားရမ်းခ ပေးပါတယ်” ဟု Tokyo Tatemono က Nikkei သို့ ပြောသည်။” ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက မြေကိုပိုင်ပါတယ်။ ကျနော် တို့ နားလည်တာက ပေးချေမှုတွေက နောက်ဆုံးမှာ မြန်မာအစိုးရကို အကျိုးဖြစ်ထွန်းစေပါတယ်” ဟု Fujita ကလည်း အလားတူ မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေက ကာကွယ်ရေးဝန်ကြီးဌာနတွင် အရာရှိများခန့်အပ်ရန် စစ်တပ်ခေါင်းဆောင်ပိုင်းသို့ အခွင့်ပေးထားသည်။ အခြေခံအားဖြင့် ဝန်ကြီးဌာနကို စစ်တပ်က ထိန်းချုပ်သည်။
စီမံကိန်းအတွက် အိမ်ငှားများရှာဖွေရန် Tokyo Tatemono က အားထုတ်ခဲ့သော်လည်း စစ်အစိုးရနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရခြင်းကို အကြောင်းပြု၍ နိုင်ငံခြားကုမ္ပဏီ အများစုက ရှောင်ရှားကြလိမ့်မည်ဟု မျှော်လင့်ရသည်။ လုပ်ငန်းခွဲတခု ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဂျပန်နိုင်ငံမှ Hotel Okura က မြန်မာနိုင်ငံတွင် အလုပ်သမားများ ငှားရမ်းခြင်းကို မတ်လတွင် ရပ်တန့်ခဲ့သည်။
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများက ဂျပန်ဖွံ့ဖြိုးရေး ချေးငွေများက အထောက်အပံ့ပေးသည့် စီမံကိန်းများနှင့်လည်း ပတ်သက်မှုများ ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံမှ Yokogawa Bridge နှင့် Sumitomo Mitsui Construction သို့ ယန်းငွေ ၂၈ ဘီလီယံ ဖြင့် ချထားပေးခဲ့သည့် ကန်ထရိုက်တခု ဖြစ်သော ပဲခူးမြစ်ကူးတံတားတခု တည်ဆောက်ရေးတွင်လည်း MEC က ပြည်တွင်းတဆင့်ခံ ကန်ထရိုက်တဦးဖြစ်သည်။
အဆိုပါတံတားသည် ဂျပန်နိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်း၍ အကောင်အထည်ဖော်နေသည့် သီလဝါ အထူး စီးပွားရေးဇုန် နှင့် ရန်ကုန်ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ လုပ်ငန်းအချို့ အတွက် MEC နှင့် ကန်ထရိုက်ရှိခဲ့ကြောင်း Yokogawa Bridge က Nikkei သို့ ပြောသည်။ “ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) နဲ့ အခြားကုမ္ပဏီတွေနဲ့အတူ ဆွေးနွေးညှိနှိုင်းမှုတခု ပြုလုပ်ပြီး နောက်မှာ နောက်ထပ်အဆင့်တွေကို စဉ်းစားသွားပါမယ်။”
သို့သော်လည်း စီမံကိန်း၏ တဆင့်ခံ ကန် ထရိုက်များထဲတွင် MEC မပါဝင်ကြောင်း Sumitomo Mitsui Construction က ပြောသည်။
မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများအပေါ် နောက်ဆက်တွဲ ဖိနှိပ်မှုများက လတ်တလောနှစ်များအတွင်းတွင် ဒီမိုကရေစီ အုပ်ချုပ်မှုသို့ ဦးတည်သည့် တိုင်းပြည်၏ တိုးတက်မှုများကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ အများအပြားကို တုန်လှုပ်စေခဲ့သည်။
တိုင်းပြည်တွင်းတွင် စစ်တပ်၏ ဖြိုခွဲတိုက်ခိုက်မှုများက မြန်မာနိုင်ငံရှိ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းများ ပေါ်ပေါက်စေခဲ့သည်။
ပဲခူးမြစ်ကူးတံတား စီမံကိန်း အတွက် တဆင့်ခံကန်ထရိုက်စာချုပ်သည် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်းများနှင့် ဆက်ဆံရေးများ ရပ်ဆိုင်းရန် ကုလသမဂ္ဂ၏ အစီရင်ခံစာ တစောင်က ကုမ္ပဏီများသို့ တိုက်တွန်းခဲ့ပြီး နောက်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု JICA ကပြောသည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
စစ်ကောင်စီအဖွဲ့ဝင် အရပ်သားများကို EU ဒဏ်ခတ်အရေးယူ
အခြေခံအဆောက်အဦး ဆောက်လုပ်ရေး ရံပုံငွေ တောင်ကိုရီးယား ယာယီရပ်ဆိုင်း
အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ