ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်မှ စစ်ကောင်စီကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့တခု ထိန်းချုပ်သည့် ဒေသတွင် မြေရှား သတ္တုတရားမဝင်တူးဖေါ်မှု များပြားလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး ကမောက်ကမဖြစ်ပွားနေစဉ်အတွင်း ပန်ဝါနှင့်ချီဗွေမြို့နယ်များတွင် တရုတ် အလုပ်သမားများ ရုတ်တရက်တိုးလာပြီး မြေရှားသတ္တုခိုးယူ တူးဖေါ်မှု အနည်းဆုံး ၅ ဆ ခန့်တိုးလာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များကပြောသည်။
“အာဏာမသိမ်းခင်က တနေ့ကို ထရပ်ကား တစင်းနှစ်စင်းပဲတွေ့ရတာ။ အခု စနစ်တကျ စစ်ဆေးမှုမရှိတော့ဘဲ တနေ့ကို ထရပ်ကား ၁၀ စင်းကနေ ၁၅ စင်းအထိတွေ့နေရတယ်” ဟု ချီဗွေမှ တက်ကြွလှုပ်ရှားသူတဦးက ဧရာဝတီသို့ပြောသည်။
ထိုထရပ်ကားများတွင် တရားမဝင်တူးထားသည်များကို အမိုးနီးယမ်းဆာလဖိတ် မြေသြဇာအိတ်များ တင်ဆောင်ထားသည်ကို တွေ့ရကြောင်း သူပြောသည်။
“တရုတ်အာဏာပိုင်တွေက ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံက သွင်းကုန်တွေအတွက် နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားတယ်။ ဒါပေမယ့် ခိုးတူးထားတဲ့ သတ္တုရိုင်းတွေကတော့ အလွယ်တကူ ဖြတ်သန်းလို့ရတယ်” ဟုလည်း သူပြောသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အကြီးမားဆုံး မြေရှားသတ္တုရင်းမြစ်ဖြစ်ပြီး တရုတ်နိုင်ငံထုတ်လုပ်မှု ထက်ဝက်ကျော်ကို ပံ့ပိုးပေးနေသည်။ ဘေ့ဂျင်းက တရုတ်နိုင်ငံတွင် တရားမဝင် သတ္တုတူးဖေါ်မှုကို ဖြိုခွဲနေသောကြောင့် တရုတ် သတ္တုတူးဖေါ်ရေး ကုမ္ပဏီများသည် မြေရှား သတ္တုရှာရန် ၂၀၁၆ ခုနှစ်တွင် ပန်ဝါသို့ ဝင်ရောက်လာကြသည်။
တရုတ်အကောက်ခွန် စာရင်းများအရ တရုတ်သည် အလယ်အလတ်နှင့် အဆင်မြင့် မြေရှားသတ္တုအတွက် မြန်မာနိုင်ငံကို မှီခိုနေရသည်။ မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု အများဆုံး နိုင်ငံဖြစ်လာသည်။ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုသည် ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၃၅၅၀၀ သို့မဟုတ် တရုတ်နိုင်ငံ၏တင်သွင်းမှု စုစုပေါင်း၏ ၇၄ ရာခိိုင်နှုန်းရှိကြောင်း တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းစာ၏ အဆိုအရ သိရသည်။
“အရပ်သားအစိုးရခေတ်တုန်းက တရားမဝင် သတ္တုခိုးတူးတာကို ကျနော်တို့က တိုင်လိုက်ရင် တာဝန်ရှိသူတွေလာပြီး ချက်ခြင်းစစ်ဆေးတယ်။ တရားမဝင်သတ္တု ခိုးတူးသူတွေလည်း ရှောင်ထွက်သွားတယ်။ အခုတော့ ဘာမှ ထိန်းချုပ်မရတော့ဘူး” ဟု ကချင်ပြည်နယ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကွန်ရက် (TANK) မှ ဂျာခေါလူက ဧရာဝတီသတင်းဌာနသို့ပြောသည်။
“အခုတော့ အဆင့်မြင့်မြေရှားသတ္တု တင်ထားတဲ့ကားတွေက နေ့ရောညပါ ထွက်နေတယ်။ အခြေအနေက ဆိုးလာပြီ။ တရုတ်သတ္တုတွင်းတူးလုပ်သားတွေလည်း အလုံးအရင်း ဝင်လာနေတယ်” ဟုလည်း သူပြောသည်။
ကချင်ပြည်နယ်မှ အဆင့်မြင့် မြေရှားသတ္တုကို သန့်စင်ရန် တရုတ်နိုင်ငံသို့ တင်ပို့ပြီးနောက် ကမ္ဘာတဝှမ်းသို့ ဖြန့်ချိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများ၏ အဆိုအရ သိရသည်။
TANK ၏ အဆိုအရ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့ဖြစ်သော ဒီမိုကရေစီသစ်တပ်မတော် (ကချင်) (NDAK) ထိန်းချုပ်သည့် ဇမ်နူးရှိ နယ်စပ်တွင် မြေရှားသတ္တုမိုင်း ၁၀ ခုခန့်ဖွင့်ထားကြောင်း သိရသည်။
ထိုပြည်သူ့စစ်အဖွဲ့နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ထိန်းချုပ်ထားသည့် မြေရှားသတ္တုမိုင်း ၁၀၀ ကျော်ခန့် ပန်ဝါနှင့် ချီဖွေ မြို့နယ်များတွင် ရှိနေကြောင်း ကချင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်သွင်းရာတွင် ကုန်ကျစရိတ် ပိုမိုများပြားလာကြောင်း အချို့တရုတ်ကုမ္ပဏီများကပြောသည်ဟု တရုတ် မီဒီယာက ရေးသားသည်။
သို့သော် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ မြေရှားသတ္တု တင်သွင်းသည့်ပမာဏလည်း များများစားစား မလျှော့ကျကြောင်း ထိုတရုတ်မီဒီယာကပင် ဖေါ်ပြသည်။
ကချင်ပြည်နယ် သတ္တုတူးဖေါ်ရေးဌာန၏အဆိုအရ ပြည်ထောင်စုအစိုးရကသာလျှင် ပန်ဝါနှင့် ချီဗွေတွင် မြေရှားသတ္တုတူးဖေါ်ခွင့် ပေးနိုင်သည်။ စုံစမ်းစစ်ဆေးမှု အများအပြားပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွင်း တရားမဝင်သတ္တုမိုင်းများနှင့် တရုတ်သတ္တုတူးဖေါ်ရေးလုပ်သား အများအပြားကို တွေ့ခဲ့ကြောင်း ထိုဌာနကပြောသည်။ လက်နက်ကိုင်အုပ်စုများ ပါဝင်ပတ်သက်နေသောကြောင့် ထိုလုပ်ငန်းကို စည်းကမ်းထိန်းသိမ်းရန် ခက်ကြောင်းလည်း ထိုဌာနကပြောသည်။
ထိုသတ္တုမိုင်းများသည် သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးပြီး ရေလမ်းကြောင်းများနှင့်မြေအောက်ရေကို ပျက်ဆီးစေကြောင်း ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုမှ ဘရန်အောင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
“အာဏာသိမ်းပြီးနောက် အစိုးရအရာရှိတွေက စစ်ဆေးတာ မရှိတော့ ခိုးတူးတာတွေက အရမ်းကို များလာတယ်။ ထပ်ပြီးတူးနေရင်တော့ သဘာဝပတ်ဝန်းကျင်ထပ်မံပျက်စီးမယ်” ဟုလည်း သူပြောသည်။
မြေရှားသတ္တုတူဖေါ်ခြင်းကြောင့်ညစ်ညမ်းသွားသည့် မြေနှင့်ရေကြောင်း ရွာပေါင်း ၂၀ ကျော် ဒုက္ခရောက်နေကြောင်း အထက်ပါအဖွဲ့ကပြောသည်။ ၂၀၂၀ နှင့် ၂၀၁၉ ခုနှစ်များအတွင်း မိုင်းတူးဖေါ်မှုများကြောင့် ချီဗွေမြစ်သည် နှစ်ကြိမ်အနီရောင်ပြောင်းသွားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ အဆိုအရ သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Illegal Rare Earth Mines on China Border Multiply Since Myanmar’s Coup ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ