စီးပွားရေး

ပိတ်ပင်ကုန်များ နယ်စပ်ဖြတ် ပြန်ပို့ခွင့်အတွက် ထိုင်းဝန်ကြီး မြန်မာပြည် လာမည်

ကုန်းလမ်းမှ တဆင့်ပို့ဆောင်သည့် ဘတ် ၁၀ ဘီလီယံ တန်ဖိုးရှိသော ထိုင်းကုန်စည် တင်ပို့မှုကို မေလ ၁ ရက်မှစ၍ တားမြစ်ရန် နေပြည်တော်က ပြင်ဆင်နေခြင်း ကြောင့် မြန်မာနိုင်ငံနှင့် အရေးပေါ် ဆွေးနွေးမှုများပြုလုပ်ရန် ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဂျူရင်လက်စနဝိဆစ် Jurin Laksanawisit က စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။

ထိုင်းနိုင်ငံမှတင်သွင်းသည့် အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်မျိုးစုံ၊ Instant Coffee (အသင့်ဖျော်သောက်ကော်ဖီ) နှင့် နို့ဆီ၊ နို့စိမ်း စားသောက်ကုန် ၅ မျိုးကို မေလ ၁ ရက်မှ စကာ နယ်စပ်တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုတော့မည် ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

မြန်မာနိုင်ငံက မည်သည့် အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးနည်းလမ်းသစ်ကို တောင်းဆိုနေရသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ရသည်။

ဖေဖော်ဝါရီ ၁ နေ့ရက်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အရပ်သား အစိုးရ အား ဖယ်ရှားရန် စစ်အာဏာသိမ်းယူမှု ပြုလုပ်ခဲ့သော စစ်အစိုးရနှင့် ဆက်နွယ်နေသောကုမ္ပဏီများမှ ကုန်ပစ္စည်းများ ဝယ်ယူခြင်းကို သပိတ်မှောက်ရန် မြန်မာပြည်သူအများစုက ဆန္ဒရှိနေသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်းလမ်းများမှတဆင့် တင်သွင်းနေသော အဆိုပါ စားသောက်ကုန်များကို ပိတ်ပင်လိုက်ခြင်းဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းများ အတွက် ပို့ကုန်စရိတ် ပိုမိုမြင့်မားသွားနိုင်ပြီး မြန်မာစားသုံးသူများအတွက် ဈေးမြင့်သွားနိုင်သည်။

ထိုအခါ ဈေးနိမ့်သွားသော မြန်မာပြည်ထုတ် အလားတူကုန်စည်များအား မြန်မာဈေးကွက်အတွင်းရှိ စားသုံးသူများက ပိုမိုဦးစားပေး ဝယ်ယူလာမည်လား ဆိုသည်မှာလည်း မသေချာပါ။

သို့သော် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးရဲမြင့်မောင်ကမူယင်းသို့ လုပ်ဆောင်လိုက်ခြင်းသည် ဝယ်လိုအားကျဆင်းမှုဒဏ်ခံနေရသော ထိုစားသောက်ကုန်များ ထုတ်လုပ်နေသည့် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ပေးခြင်းနှင့် နယ်စပ်မှ ထိုကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုက ပြည်တွင်းဝယ်လိုအားလည်း ကျလာတာလည်း ပါတာပေါ့။ ပြည်တွင်းကုန်ပစ္စည်းတွေကို ပိုပြီးတော့ အားပေးစေချင်တာရယ် ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးချင်တာရယ်ပါ” ဟု ဆိုသည်။

၂ ဖက်လုံးမှ အာဏာပိုင်များအနေဖြင့် စကားပြောဆိုရန် လိုအပ်နေပြီး “ဒါမှသာလျှင် ကျနော်တို့က သူတို့ကို ဒီဆုံးဖြတ်ချက် ချရတဲ့ အကြောင်းရင်းတွေကို မေးမြန်းနိုင်ပါမယ်။ ပြဿနာအတွက် အဖြေရှာနိုင် ပါမယ်” ဟု ထိုင်းဝန်ကြီး ဂျူရင်က ပြောသည်။

ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံသို့ အချိုရည်များ တင်ပို့မှု များပြားလာပြီး နောက်ပိုင်းတွင် အဆိုပါ ပြောင်းလဲမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

ထိုင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ အချိုရည် တင်ပို့ ရောင်းချမှု တန်ဖိုးသည် ဘတ် ၂ ဘီလီယံအထိ ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထိုင်းအချိုရည်တင်ပို့မှုက တနှစ်လျှင် ဘတ် ၁၀ ဘီလီယံတန်ဖိုးရှိပြီး ပုံမှန်အားဖြင့် ကုန်ပစ္စည်းများကို ချင်းရိုင်ခရိုင် မယ်ဆိုင်မှတဆင့် ရှမ်းပြည်နယ် တာချီလိတ်၊ တာ့ခ်ခရိုင် မဲဆောက်မှတဆင့် ကရင်ပြည်နယ် မြဝတီနှင့် ရနောင်းမှ ကော့သောင်းသို့ နယ်စပ် စစ်ဆေးရေးဂိတ် ၃ ခုမှ တဆင့် မြန်မာနိုင်ငံသို့ ကုန်းလမ်းမှ တင်ပို့သည်။

မြန်မာအာဏာပိုင်များအား ဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ရန် ထိုင်းအာဏာပိုင်များက တောင်းဆိုသွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံက လိုငွေပြမှု အဘယ်ကြောင့်ကြုံတွေ့ရသည် အထူးသဖြင့် မကြာသေးမီ လများအတွင်း ကြုံတွေရသည်ဆိုသည်ကို ရှင်းပြသွားမည်ဟု ဝန်ကြီး ဂျူရင်က ပြောသည်။

ထိုင်းနိုင်ငံ ဘက်ကလည်း မြန်မာနိုင်ငံထံမှ ကုန်ပစ္စည်းများ ပမာဏကြီးမားစွာ ဝယ်ယူခဲ့သော်လည်း မြန်မာနိုင်ငံ အတွင်းတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများက သယ်ယူပို့ဆောင်ရေးပြဿနာများ ဖြစ်ပေါ်စေပြီး သွင်းကုန်တန်ဖိုး ဆက်လက် နိမ့်ကျနေရသည်ဟု သူကပြောသည်။

You may also like these stories:

နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်

စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ

မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်

MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

Loading