မြန်မာစစ်ကောင်စီသည် လက်ရွေးစဉ် စီးပွားရေးအပလီကေးရှင်းများအတွက် အင်တာနက်ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီး ခေတ်ဟောင်းတွင်ကဲ့သို့ ဆင်ဆာဘုတ်ဖြင့် မည်သူသည် မည်သည့် အပလီကေးရှင်းကို သုံးနိုင်သည်ကို ဆုံးဖြတ်လာသည်။
ဆက်သွယ်ရေး ကုမ္ပဏီအချို့သည် ဘဏ်လုပ်ငန်းနှင့် စီးပွားရေး မိုဘိုင်းအပလီကေးရှင်းများ အတွက် အင်တာနက်အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးလိုက်ပြီဖြစ်သည်။ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT နှင့် တယ်လီနော Telenor ကဲ့သို့ ဝန်ဆောင်မှုပေးသူများကို အသုံးပြုသူများသည် ယခုအခါတွင် Microsoft ၏ Office 365 အီးမေးနှင့် မက်ဆေ့ အပလီကေးရှင်း၊ ပြည်တွင်းဘဏ်လုပ်ငန်း အပလီကေးရှင်းများကို အသုံးပြုနိုင်ပြီဖြစ်သည်။
“ငွေရေးကြေးရေးဆိုင်ရာ အက်ပလီကေးရှင်းများဖြစ်တဲ့ WavePay ၊ KBZPay ၊ KBZmBanking ၊ CB Pay ၊ AYA mBanking နဲ့ MAB Mobile စတဲ့ App များ၊ ရုံးလုပ်ငန်းသုံး Microsoft Office 365 Services Apps (Outlook, Business Skype, Teams, OneDrive) များကို တယ်လီနောအင်တာနက်ဒေတာဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်”ဟု Telenor က အကြောင်းကြားစာပို့ပြီး MPT ကလည်း အလားတူ ပေးပို့ကြောင်း သုံးစွဲသူများက အတည်ပြုကြသည်။
ထို့အပြင် စစ်ကောင်စီသည် fiber-to-the-home အင်တာနက်ဝန်ဆောင်မှုပေးသူများအတွက် ညစဉ်ကန့်သတ်ချက်ကိုလည်း ရုတ်သိမ်းလိုက်ပြီဖြစ်သည်။
“အခုတွေ့နေရတာကတော့ အင်တာနက်အတွက် ဆင်ဆာဘုတ်အဖွဲ့ကို ပြန်လည်တည်ထောင်လိုက်တာပဲ” ဟု ဒစ်ဂျစ်တယ်အခွင့်အရေးအဖွဲ့တခုဖြစ်သော Free Expression Myanmar ၏ ဥပဒေအကြံပေး အိုလီဗာ စပန်ဆာက ဂျပန်သတင်းဌာန Nikkei Asia ကို ပြောဆိုသည်။
ဆင်ဆာဘုတ်အဖွဲ့ဆိုသည်မှာ မြန်မာနိုင်ငံတွင် ထုတ်ဝေသည် စာအုပ်စာစောင်များကို စစ်ဆေးဖြတ်တောက်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ အစိတ်အပိုင်းအဖြစ် သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
“ဒီစနစ်က စစ်ကောင်စီအနေနဲ့ အင်တာနက်ကို ထိန်းချုပ်ပြီး စစ်တပ်ရဲ့အမိန့်ကို နာခံတဲ့ စီးပွားရေးတွေ၊ မီဒီယာတွေနဲ့ လူမှုကွန်ရက်ပလက်ဖေါင်းတွေကို အင်တာနက်အသုံးပြုခွင့် ပေးစေနိုင်တယ်” ဟု သူရှင်းပြသည်။
“ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဒါက ကာလတို အကျိုးကျေးဇူးဖြစ်ပေမယ့် ရေရှည်အတွက် ကုန်ကျစရိတ်ထောင်းမယ်” ဟုလည်း သူက ပြောသည်။
ကုမ္ပဏီများနှင့်ဘဏ်များ၏ အင်တာနက်အသုံးပြုခွင့်ကို စစ်ကောင်စီက စိတ်တိုင်းကျ ပိတ်ပင်နိုင်သွားမည်ဖြစ်ကြောင်း စပန်ဆာ သတိပေးသည်။ စီးပွားရေးလုပ်ငန်းများသည် စစ်ကောင်စီကြောင့် အကျပ်အတည်းများဖြစ်ပေါ်နေပြီး လုပ်ငန်းရှင်ကြီးများ၊ ဘဏ်ဝန်ထမ်းများနှင့် ဆူပါမားကက်ဝန်ထမ်းများကို စစ်ကောင်စီလုံခြုံရေးတပ်များက ခြိမ်းခြောက်ဖမ်းဆီးမှုများ မကြာသေးမီက ပြုလုပ်လာသည်။
အမည်မဖေါ်လိုသော ဆက်သွယ်ရေးလုပ်ငန်း ကိုယ်စားလှယ်တဦးက Nikkei ကို ပြောရာတွင် ထိုသို့ဖြေလျှော့ခြင်းမှာ အာဏာပိုင်များက ညွှန်ကြားသောကြောင့်ဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်ကုန်က စတင်ကာ ပြန်လည်အသုံးပြုခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အင်တာနက်ကို ထိန်းချုပ်ရာတွင် စစ်ကောင်စီသည် နည်းလမ်းပြောင်းမည်ကို ထိုဆုံးဖြတ်ချက်က ပြသနေသည်။ စစ်အာဏာပိုင်များသည် သဘောမကျသည့် ဝက်ဘ်ဆိုက် တခုချင်းစီကို ရွေးချယ်ပိတ်ပင်ပြီး ယခုအခါတွင် ၎င်းတို့ ခွင့်ပြုသည့် ပလက်ဖေါင်းများကို စတင် အသုံးပြုခွင့်ပေးရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
စာရင်းဖြူ နည်းလမ်း “whitelist” ဟု ခေါ်သော ထိုနည်းလမ်းတွင် အချို့သော အိုင်ပီ လိပ်စာများအတွက်သာ အင်တာနက်အဆက်အသွယ်ကို ဖွင့်ပေးပြီး အဓိကအားဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေစေရန် လုပ်ဆောင်ပေးသည်။
ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီသည် အင်တာနက် လုံး၀ဖြတ်တောက်ခြင်းနှင့် ညစဉ်အင်တာနက် ပိတ်ပင်ခြင်း၊ မိုဘိုင်းနှင့် ဝါယာလက် အင်တာနက်ဖြတ်တောက်ခြင်း၊ လူမှုကွန်ရက်ပလက်ဖေါင်းနှင့် အင်တာနက်စာမျက်နှာများကို ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
ထိုသို့ အမှောင်ခေတ်သို့ ပြန်သွားခြင်းသည် စီးပွားရေး လုပ်ငန်းများကို ထိခ်ိုက်စေပြီး စီးပွားရေး ပြိုလဲမှုကိုဖြစ်စေကာ ဒစ်ဂျစ်တယ်ပလက်ဖေါင်းကို မှီခိုရသည့် ဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်သွားစေပြီး ပြည်တွင်းဘဏ်များသည် ဒစ်ဂျစ်တယ်ငွေပေးငွေယူ လုပ်ဆောင်ရန် ခက်ခဲကုန်သည်။
ရင်းနှီးမြှုပ်နှံသူများက အကြိမ်ကြိမ် ညည်းညူကြသည်။ မတ်လ ၁၉ ရက်နေ့တွင် ဗြိတိန်နှင့် သြစတြေးလျမှအပ အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသော ကုန်သည်ကြီးများအသင်းများက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပူးတွဲရှုတ်ချပြီး အကန့်အသတ်မဲ့ သတင်းအချက်အလက်ရရှိရေးနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်ရရေးကို ထပ်မံတောင်းဆိုကြသည်။ ထိုတောင်းဆိုမှုတွင် သြစတြေးလျနှင့် ဗြိတိန်တို့က မတ်လ ၃၀ ရက်နေ့တွင် ပါဝင်လာသည်။
ယခုအရွေ့သည် စစ်ကောင်စီက အနည်းဆုံး အင်တာနက်ပြတ်တောက်မှုကြောင့် ထိခိုက်သွားသည့် ပြည်တွင်းဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို သဘောပေါက်လက်ခံလာပုံကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။
ရာနှင့်ချီသော လူများ စီးပွားရေးမြို့တော်ရန်ကုန်သာမကတော့ဘဲ အခြားမြို့များရှိ ATM ငွေထုတ်စက်များ၏ရှေ့တွင် တန်းစီ စောင့်ဆိုင်းကြပြီး အပ်နှံငွေများကို ထုတ်ယူလာနေကြသည့်အခါ ဗဟိုဘဏ်ကိုယ်နှိုက်ကပင် ဒစ်ဂျစ်တယ်ငွေကြေးကို ပြောင်းသုံးရန် တိုက်တွန်းလာခဲ့သည်။
စီးပွားရေလုပ်ငန်း အပလီကေးရှင်းများကို ရွေးချယ်အသုံးပြုခွင့်ပေးခြင်းသည် ကူးသန်းရောင်းဝယ်ရေးအပေါ် ထိခိုက်မှု နည်းသွားစေပြီး တချိန်တည်းတွင် ဆက်သွယ်ရေးနှင့် သတင်းစီးဆင်မှုကို စစ်ကောင်စီက အခိုင်အမာ ချုပ်ထိန်းထားနိုင်သည်။ ထိုလုပ်ရပ်မှာ အင်တာနက်ဝန်ဆောင်မှုများ ပြန်လည်စတင်ရန် စစ်ကောင်စီအပေါ် ဖိအားပေးမှုလည်း သက်သာလာမည်ဖြစ်ပြီး ထိုနည်းသည် ဆိုက်ဘာနယ်ပယ်ကို တရုတ်နှင့် မြောက်ကိုရီးယားတို့ ထိန်းချုပ်သည့် နည်းလမ်းဖြစ်သည်။
ထိုသို့ အင်တာနက်သုံးစွဲသူကို အင်တာနက်ဝန်ဆောင်မှုပေးသည့် အော်ပရေတာက ရွေးချယ်ထိန်းချုပ်ပြီး ခွင့်ပြုထားသည့် ဝက်ဘ်ဆိုက်နှင့် အပ်ပလီကေးရှင်းများသာ ပေးသုံးသည့် စနစ်ကို ‘Walled Garden of the Internet ဟု ခေါ်သည်။
ထိုသို့စနစ်မျိုးကို လူ့အခွင့်အရေး စံနှုန်းများ တန်ဖိုးထားသည်ဟု ဆိုသော နော်ဝေကုမ္ပဏီ တယ်လီနောကပင် လက်ခံဆောင်ရွက်လာသည့်အပေါ် မြန်မာတာဝန်သိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာဌာန မှ ဒါရိုက်တာ ဗစ်ကီဘိုးမင်းက “ဆက်သွယ်ရေးလုပ်ငန်းတွေက သူတို့ရဲ့အသုံးပြုသူတွေ အပလီကေးရှင်းတွေကို အကန့်အသတ်နဲ့သုံးတာထက် အင်တာနက် အပြည့်အ၀ သုံးစေလိုကြောင်းက ထင်ရှားတယ်။ ဒီလို အသုံးပြုမရရင် မြန်မာပြည်သူတွေ အခွင့်အရေး ဆုံးရှုံးတယ်။ လူ့အခွင့်အရေးလေးစားဖို့ ကတိကဝတ်ပြုထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ကန့်သတ်ချက်အားလုံး ရုတ်သိမ်းဖို့ စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့ ကျမယုံကြည်တယ်” ဟု Nikkei ကို သဘောထားမှတ်ချက်ပေး ပြောဆိုခဲ့သည်။
You may also like these stories:
အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ
ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများ ဘဏ်ခွဲတချို့ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်
ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား