နိုင်ငံခြားငွေကြေးသုံးခွင့်ကို ထိန်းချုပ်ရန် အရေးယူပိတ်ဆို့မှုများနှင့် အခြားအစီအမံများသည် စစ်ကောင်စီအနေဖြင့် ဦးစားပေးအသုံးစရိတ်များ ပြောင်းလဲရခြင်းနှင့် စစ်လက်နက်ပစ္စည်းဝယ်ယူမှု အသုံးစရိတ်လျှော့ချခြင်းတို့ဖြစ်စေမည့် အဓိက ဘဏ္ဍာရေးဖိအားဖြစ်ကြောင်း မြန်မာ့အရေးလေ့လာနေသော ဘောဂဗေဒပညာရှင်များတင်သွင်းသည့် စစ်တပ်ဘဏ္ဍာရေးစာတမ်းတွင် ဖေါ်ပြထားကြောင်း ဂျပန်သတင်းဌာန Nikkei Asia အဆိုအရ သိရသည်။
မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေသည့် ဘောဂဗေဒပညာရှင်များပါဝင်သော အဖွဲ့ မြန်မာအတွက် လွတ်လပ်သော ဘောဂဗေဒပညာရှင်များ (Independent Economists for Myanmar-IEM) က ရေးသားပြီး အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုသော ထိုအစီရင်ခံစာသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီ၏ ဘဏ္ဍာရေးအခြေအနေကို သုံးသပ်တင်ပြထားကြောင်း သတင်းကဆိုသည်။ ထိုစာတမ်းတွင် သဘာဝဓါတ်ငွေ့နှင့်ကျောက်မျက်ကဏ္ဍကဲ့သို့သော ကဏ္ဍများမှ ဝင်ငွေကိုဖြတ်တောက်လျှင် ဖြစ်နိုင်သည့် စစ်ကောင်စီ၏ အားနည်းချက်များကို ဖေါ်ပြထားကြောင်း သိရသည်။
စစ်ကောင်စီ၏ ငွေမာရင်းမြစ်များကို နိုင်ငံတကာအရေးယူပိတ်ဆို့မှုများဖြင့် ပစ်မှတ်ထားလုပ်ကိုင်ပါက စစ်ကောင်စီ၏ ဝင်ငွေကို တနှစ်လျှင် ဒေါ်လာ ၂ ဘီလျံခန့် လျှော့ချနိုင်ကြောင်း ထိုစာတမ်းက ကောက်ချက်ချထားကြောင်းလည်း သိရသည်။
ထိုသို့သောလုပ်ရပ်များနှင့် စစ်ကောင်စီ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပမှ ထည့်ဝင်မှု တားမြစ်ခြင်းသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို ချိန်ညှိရန်နှင့် အသုံးစရိတ်များကို အများပြည်သူဝန်ဆောင်မှု လိုအပ်ချက်အတွက် ပြောင်းလဲပေးရန် ဖြစ်စေနိုင်ကြောင်း IEM အဖွဲ့က ၎င်းတို့၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။ ထိုသို့သော အရေးယူမှုများသည် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှ အပ်နှံမှုများကို ထိန်းချုပ်လိုက်ခြင်းဖြင့် သဘာဝဓါတ်ငွေ၊ သတ္တုနှင့် ကျောက်မျက်တူးဖေါ်ရေး၊ သစ်တော၊ သင်္ဘောလိုင်းများနှင့် လေကြောင်းလိုင်းများမှရရှိသော စစ်ကောင်စီ၏ ဝင်ငွေများကို ထိခိုက်စေနိုင်သည်ဟု ထိုစာတမ်းကဆိုကြောင်း သိရသည်။
အစိုးရအင်တာနက်စာမျက်နှာများတွင် ယခင်ကရယူနိုင်သည့် တရားဝင်အချက်အလက်များနှင့် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေတ် မှတ်တမ်းများအရ စစ်ကောင်စီသည် နိုင်ငံ၏ဘဏ္ဍာရေးကို ထိန်းချုပ်ပြီး အနည်းဆုံး ဒေါ်လာ ၄ ဘီလျံ နိုင်ငံခြားအရံငွေကြေးများ သို့မဟုတ် မြန်မာ့နိုင်ငံခြားငွေ ပိုင်ဆိုင်မှု သုံးပုံနှစ်ပုံကို ရယူထားကြောင်း ထိုစာတမ်းကို ရေးသားသူများက ခန့်မှန်းသည်။ စစ်ကောင်စီသည် အထည်အလိပ်နှင့် ခရီးသွားလုပ်ငန်းကဲ့သို့သော နိုင်ငံခြားငွေရသည့် ကဏ္ဍများပြိုကွဲမှုနောက်ပိုင်း လက်ကျန်လည်ပတ်ငွေများ၏ ထက်ဝက်ကိုလည်း ထိန်းချုပ်ထားကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
စစ်ကောင်စီသို့ နိုင်ငံခြားငွေအများဆုံးစီးဝင်မှုကို သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း၊ သတ္တုတွင်းထွက်များ၊ မြေငှားခ၊ ဆက်သွယ်ရေးနှင့် ဆိပ်ကမ်းခ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများပါဝင်သည့် ကုန်သွယ်ရေးနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများမှ ရရှိသည်။ ထိုဝင်ငွေစုစုပေါင်းသည် တနှစ်လျှင် ဒေါ်လာ ၂.၅ ဘီလျံခန့်ရှိသည်။ စစ်ကောင်စီသည် ၎င်းတို့ကို လိုလားသော မြီရှင်များထံမှလည်း ချေးယူနိုင်စွမ်း ရှိနိုင်ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
စစ်တပ်ဝင်ငွေ၏ အဓိကအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော ကျောက်စိမ်းနှင့်ကျောက်မျက်များသည် အဆင့်မြင့်စစ်အရာရှိများနှင့် ၎င်းတို့၏ မိသားစုများအတွက် ထိပ်တန်းငွေမာရနိုင်သော ရင်းမြစ်ဆက်လက်ဖြစ်နေသည်။ သို့သော် ၎င်းတို့သည် အခြားသော ပြည်တွင်းစီးပွားရေး ကဏ္ဍများမှလည်း အကျိုးအမြတ်များစွာ ရနေကြသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။ ကျောက်စိမ်းနှင့်ကျောက်မျက်ကဏ္ဍမှ စုစုပေါင်းအကျိုးအမြတ်သည် တနှစ်လျှင် ဒေါ်လာ ဘီလျံပေါင်းများစွာရှိသော်လည်း တရားဝင်ကုန်သွယ်မှုအချက်အလက်များအရ တနှစ်လျှင် ဒေါ်လာသန်း ၂၅၀ မှ ၁.၈ ဘီလျံခန့်သာရှိသည်။ သို့သော် ကျောက်စိမ်းနှင့်ကျောက်မျက်မှ ဝင်ငွေသည် ၂၀၁၄ ခုနှစ် တရားဝင် စာရင်းများတွင်မူ ထူးထူးခြားခြား ဒေါ်လာ ၁၂ ဘီလျံရှိလာသည်။
“သို့သော် သီးခြားလွတ်လပ်သော ခန့်မှန်းချက်များအရဆိုပါက ကျောက်စိမ်းရောင်းဝယ်မှုသည် ၂၀၁၄ ခုနှစ် မပါသည့် အခြားနှစ်များ၏ ပျမ်းမျှထက် သုံးဆမှ ၁၄ ဆ အထိ ပိုမိုများပြားကြောင်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ တန်ဖိုလျှော့ပေါ့ဖေါ်ပြခြင်းနှင့် တရုတ်နိုင်ငံသို့ မှောင်ခိုရောင်းချခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ အလားတူစွာပင် မြန်မာမှ ထုတ်လုပ်သော ကျောက်မျက်များ၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိသည် တရားဝင်ကုန်သွယ်ရေးနှင့် ပို့ကုန်စနစ်များကို ဖြတ်သန်းခြင်းမရှိကြောင်း ထိုအစီရင်ခံစာက ဆိုကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏသိမ်းချိန်နောက်ပိုင်း မြန်မာနိုင်ငံ၏ အရေးပါသော အထည်ချုပ်ပို့ကုန်နှင့် ခရီးသွားလုပ်ငန်းပြိုကွဲသောအခါ စစ်ကောင်စီလက်တွင် ကျောက်စိမ်းနှင့် သဘာဝဓါတ်ငွေ့အပါအဝင် နိုင်ငံခြားငွေရင်းမြစ် ထက်ဝက်ကျန်နေသည်။
သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပြည်ပရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်သူများထံမှ ကောက်ခံသည့် အခကြေးငွေနှင့် အခွန်ငွေများသည် နိုင်ငံခြားငွေ ပုံမှန်ရသော ရင်းမြစ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုင်းမှ PTT Exploration ၊ ပြင်သစ်မှ Total ၊ အမေရိကန်ပြည်ထောင်စုမှ Chevron ၊ တရုတ်မှ CNOOC နှင့် တောင်ကိုရီးယားမှ Posco Daewoo တို့နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖေါ်သည့် လိုင်စင်သဘောတူစာချုပ်များချုပ်ဆိုထားသည်။
ပိုက်လိုင်းဖြင့် ဓါတ်ငွေ့တင်ပို့ခြင်းအပါအဝင် မြန်မာနိုင်ငံသည် ယခင်နှစ်က ထိုကဏ္ဍမှ ဒေါ်လာ ၃.၃ ဘီလျံ သို့မဟုတ် ပို့ကုန်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ရရှိကြောင်း ကုလသမဂ္ဂစာရင်းများက ပြသနေပြီး ထိုငွေတွင် နိုင်ငံတော်နှင့် ကန်ထရိုက်တာများအတွက် အခကြေးငွေနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ ပါဝင်သည်။ ဦးသိန်းစိန် အစိုးရခေတ်က ချမှတ်ခဲ့သည့် ကမ္ဘာ့စံဖြစ်သည့် သယံဇာတထုတ်ယူရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု အစီအစဉ်၏ စာရင်းများကို အခြေခံသော IEM ၏ အဆိုအရ ၂၀၁၇-၁၈ ခုနှစ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့သည် နိုင်ငံအတွက် နိုင်ငံခြားငွေ ဒေါ်လာ တဘီလျံ ရရှိစေသည်။
ထိုရင်းမြစ်များက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရား လိုအပ်ချက်များကို ကာလလတ်အတွက် ဖြည့်ဆည်းပေးမည့် နိုင်ငံခြားငွေ အလုံအလောက်ရရှိစေသော်လည်း အများပြည်သူဝန်ဆောင်မှုများ သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
“အတင်းအကျပ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု မရှိလျှင်ပင် စစ်တပ်သည် ၎င်းတို့အတွက် ဦးစားပေးလိုအပ်ချက်များနှင့် လျှပ်စစ်ထုတ်ရန် လောင်စာနှင့် ကိရိယာများ၊ ပြည်သူလူထု ရှင်သန်ရန် လိုအပ်သော အစားအသောက်၊ မြေသြဇာနှင့် ဆေးဝါး တင်သွင်းခြင်းအတွက် ငွေစိုက်ထုတ်ခြင်းအကြား ရွေးချယ်နေရသည်” ဟုလည်း အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံ ပျှမ်းမျှအားဖြင့် တနှစ်လျှင် လောင်စာ ဒေါ်လာ ၃ ဘီလျံဖိုး၊ အသားနှင့် ဟင်းသီးဟင်းရွက် ဒေါ်လာ ၁.၂ ဘီလျံဖိုး၊ စားသုံးဆီ ဒေါ်လာ တဘီလျံဖိုးနှင့် ဆေးဝါးပစ္စည်း ဒေါ်လာ သန်း ၅၀၀ ဖိုးအပါအဝင် ကုန်စည်နှင့်ဝန်ဆောင်မှု ဒေါ်လာ ၂၈ ဘီလျံဖိုး တင်သွင်းရသည်။
၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ လော့ဒေါင်း စီးပွားရေး ထိခ်ိုက်မှုကြောင့် ထိုနှစ် အောက်တိုဘာနောက်ပိုင်းတွင် ပို့ကုန် ၂၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ၃၅ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း IEM က ဆိုသည်။ စစ်အာဏာမသိမ်းမီက အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်းသည် နိုင်ငံသို့ နိုင်ငံခြားစီးဝင်မှု၏ လေးပုံတပုံရှိသော်လည်း ထိုကဏ္ဍသည် ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် လုံးဝနီးပါး ပျောက်ကွယ်သွားသည်။ အဓိက သဘာဝဓါတ်ငွေ့ဖြစ်သော်လည်း သတ္တု၊ ကျောက်မျက်နှင့် သစ်တောထွက် ပစ္စည်းများလည်းပါဝင်သော သဘာ၀ သယံဇာတကဏ္ဍသည် နိုင်ငံသို့ နိုင်ငံခြားငွေစီးဝင်မှု၏ နောက်ထပ် ၄ ပုံတပုံရှိသည်။
ပြည်တွင်းဘဏ်လုပ်ငန်းသို့ ငွေရင်းစီးဝင်မှု (ယခုအခါ ဘဏ္ဍာရေးကဏ္ဍ ထိခိုက်လွယ်မှုများကြောင့် ပြောပလောက်အောင် မရှိတော့ပေ)၊ ပြည်ပမှချေးယူခြင်း (အာမခံကြေး ပိုမိုမြင့်မားလာသောကြောင့် ပိုမိုကုန်ကျလာသည်) နှင့် အလှူရှင်များက ငွေကြေးထောက်ပံ့ခြင်း (တစိတ်တပိုင်း ဆိုင်းငံ့ထားသည်) စသည်တို့သည် နိုင်ငံသို့ နိုင်ငံခြားငွေစီးဝင်မှု နောက်ထပ် ၄ ပုံတပုံကို ကိုယ်စားပြုကာ ကုန်သွယ်ရေး လိုငွေကို ဖြည့်ဆည်းပေးနေသည်ဟု အစီရင်ခံစာက ဆိုသည်။
“အချုပ်အားဖြင့်ဆိုရပါက နောက်ထပ်နိုင်ငံခြားငွေ စီးဝင်မှုမရှိဘဲ စစ်ကောင်စီသည် မကြာမီ နိုင်ငံခြားငွေကို ဝေပုံကျ သုံးစွဲရတော့မည် ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းအတွက် လောင်စာ၊ ဆေးဝါး၊ ကိရိယာများ၊ အစားအစာဝယ်ယူခြင်းနှင့် ကျန်ပြည်သူများအတွက် နိုင်ငံခြားငွေများ သုံးစွဲခြင်းတို့အကြား ရွေးချယ်ရတော့မည်ဖြစ်သည်။ အစိုးရ တရားဝင်မီဒီယာကလည်း ထိုအတိုင်းပင် ဖေါ်ပြနေပြီး မြန်မာနိုင်ငံသည် နိုင်ငံခြားငွေချွေတာရန် စားအုန်းဆီ၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းနှင့် ရေအားနှင့် ဆိုလာဓါတ်အား ပိုမိုထုတ်လုပ်ရမည်”ဟု ထိုအစီရင်ခံစာက ဖော်ပြကြောင်း Nikkei သတင်းက ဆိုသည်။
ကမ္ဘာ့ ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်သည့် လုပ်ငန်းတခု၏ လုပ်ငန်းခွဲဖြစ်သော Fitch Solutions ၏ သီးခြားအစီရင်ခံစာတစောင်တွင်လည်း စစ်ကောင်စီအတွက် နိုင်ငံခြားငွေသုံးစွဲနိုင်မှု ကျပ်တည်းခြင်းကို အဓိကဖေါ်ပြထားပြီး လာမည့်နှစ်များအတွင်း မြန်မာ အခြေခံအဆောက်အအုံကဏ္ဍ နှင့် ဆောက်လုပ်ရေးကဏ္ဍသည် အကြီးအကျယ် ကျဆင်းမည်ဖြစ်ကြောင်း သတိပေးထားသည်။ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ လော့ဒေါင်းပိတ်ဆို့မှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်းအပြင် သွင်းကုန်ကို အကြီးအကျယ်မှီခိုရသည့် ထိုကဏ္ဍသည် သွင်းကုန်စရိတ်များအတွက် ရုန်းကန်ရမည်ဖြစ်သည်။
ဆောက်လုပ်ရေးကဏ္ဍသည် ယခုနှစ်အတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်းပြီး နောင်လာမည့် နှစ်များတွင်လည်း အနည်းငယ်မျှသာ တိုးတက်မည်ဖြစ်ကြောင်း Fitch ကခန့်မှန်းသည်။
နိုင်ငံခြားငွေ စီးဝင်မှုအပေါ်နောက်ထပ်ဖိအားပေးခြင်းသည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ပြိုကွဲစေမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ်ရပ်ဆိုင်းမည်ဖြစ်ကြောင်း Fitch က သတိပေးသည်။
“ဆက်လက်ဖြစ်ပွားနေသော နိုင်ငံတဝန်း ဆန္ဒပြပွဲများနှင့် အလုပ်သမားသပိတ်များသည် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ဖြန့်ဖြူးရေး ပြတ်တောက်မှုများကို ဖြစ်စေပြီး တခါတရံ အလုပ်သမားမရှိသောကြောင့် လုပ်ငန်းရပ်ဆိုင်းခြင်းများကို ဖြစ်စေသည်”ဟုလည်း ဆိုသည်။ ထိုပြတ်တောက်မှုများသည် ဘဏ်စနစ်ကိုပါ ချည့်နဲ့သွားစေကြောင်းလည်း ဆိုပြီး “ဆောက်လုပ်ရေးလုပ်သား အများစုမှာ ငွေသားဖြင့် နေ့စဉ်လုပ်အားခပေးသည့်အပေါ် မှီခိုနေကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်း အများအပြားသည် ယခုအခါ ငွေသားပြတ်လပ်မှုနှင့် ရုန်းကန်နေရပြီး ငွေသားထုတ်ယူရနိုင်မှုကလည်း အကန့်အသတ်ရှိသည်”ဟု Fitch က ရေးသည်။
အဓိကကျသော သွင်းကုန်များ ဝယ်ယူရေး ငွေမာသုံးစွဲနိုင်စွမ်းအပေါ် ဖိအားကို ထောက်ပြရာတွင် Fitch ၏ အစီရင်ခံစာနှင့် IEM ၏ တွေ့ရှိချက်များသည် တူညီနေသည်။
“နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်လက်နက်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုသာ ဆက်လက် ဦးစားပေးနေပါက လာမည့်လများတွင် လူထုသည် အကြီးအကျယ် ဒုက္ခရောက်မည်” ဟု IEM စီးပွားရေး ပညာရှင်များက သတိပေးကြောင်း သိရသည်။
သို့သော် “စစ်တပ်သည် အများပြည်သူဝန်ဆောင်မှုနှင့် ပုဂ္ဂလိကကဏ္ဍအတွက် နိုင်ငံခြားငွေများ ကင်းမဲ့နေပြီးဖြစ်ကာ နိုင်ငံခြားသုံးငွေရရှိရေး အခက်အခဲကို ထပ်မံရင်ဆိုင်ရပါက အရပ်သားများထက် စစ်ဖက်ကိုသာ အကြီးအကျယ် ထိခိုက်နိုင်သည်” ဟု IEM က ဆိုကြောင်းလည်း သိရသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ထိုအစီရင်ခံစာသည် နိုင်ငံတော်၊ စစ်ကောင်စီနှင့် စစ်တပ်ကို ခွဲခြားသတ်မှတ်မှု မရှိခြင်းဖြစ်သည်။ သဘောတရားအရ စစ်ကောင်စီသည် နိုင်ငံတော်ဝင်ငွေများကို သိမ်းယူထားသော်လည်း ထိုသို့ဖြစ်ခြင်း မရှိသေးကြောင်း ရန်ကုန်ုအခြေစိုက်သုတေသီတဦးပြောသည်။ “နိုင်ငံတော်နဲ့စစ်တပ်ကို အတူတူလို့ သတ်မှတ်လိုက်ရင် စစ်တပ်က စီးပွားရေးကို ထိန်းချုပ်ထားတယ်ဆိုတဲ့ မှားယွင်းတဲ့အမြင်ကို ဖြစ်စေတယ်။ တကယ်တော့ အဖွဲ့အစည်းနဲ့ဌာနအများအပြားက စစ်တပ်နဲ့မပူးပေါင်းဘူး” ဟု ထိုသုတေသီက Nikkei Asia သို့ပြောသည်။
သို့သော် စီးပွားရေးပညာရှင်များအနေဖြင့် နိုင်ငံတော်နှင့် စစ်တပ်အကြား ခွဲခြားမရတော့ကြောင်း အမည်မဖေါ်လိုသော IEM စီးပွားရေးပညာရှင်များကပြောကြောင်း သိရသည်။
“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးပြီးခြင်းပဲ (စစ်ကောင်စီခန့်) အစိုးရအဖွဲ့က စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ပုံရတယ်။ ဒါကြောင့် စစ်တပ်နဲ့အစိုးရအကြား ခွဲခြားမြင်ဖို့ ကျိုးကြောင်းဆီလျှော်သလို ဖြစ်နေတယ်။ အဲဒီအချိန်ကစလို့ စစ်ကောင်စီက ဆုံးဖြတ်ချက်အားလုံးကို ချတယ်။ ဗဟိုဘဏ် ညွှန်ကြားချက်ကိုပါ ရေးတယ်။ ဥပမာဆိုရင် သီးခြားလွတ်လပ်တဲ့အစိုးရတခုဟာ ဒီအကျပ်အတည်းမှာ လောင်စာနဲ့ဆေးဝါးအတွက် နိုင်ငံခြားသုံးငွေကို သီးခြားထားမှာပဲ။ ဒါပေမယ့် စစ်ကောင်စီကကျတော့ ဒါကိုခွင့်မပြုဘူး” ဟု ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
“ဥပမာဆိုရင် ပြည်တွင်းအခွန်ဦးစီးဌာနက စစ်အာဏာပိုင်တွေအောက် ရောက်သွားပြီး နိုင်ငံတော်အခွန်ငွေကို စစ်အရာရှိတွေက ခွဲဝေနေပြီ။ ဒါကြောင့် စစ်တပ်နဲ့အစိုးရ တသားတည်း မဖြစ်ဘူးလို့ ပြောမရဘူး” ဟုလည်း ပြောကြောင်း သိရသည်။
ကိုးကား။ ။ Nikkei Asia ၏ Myanmar economists urge curbs on junta’s hard currency access
You may also like these stories:
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ
MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း