စစ်အာဏာသိမ်းမှု၏ ဆိုးရွားသော သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံမှ နော်ငွေ ခရိုနာ ၆.၅ ဘီလီယံ (ဒေါ်လာ ၇၈၂ သန်း) ရှိသော ၎င်းတို့၏ လုပ်ငန်းများကို ထည့်သွင်းတွက်ချက်မှု လုံးဝ မပြုခဲ့ကြောင်း နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ Telenor က ပြောသည်။
“စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဝန်းကျင် အခြေအနေတွေ ပိုမိုဆိုးရွားလာပြီး လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပျက်စီးယိုယွင်းလာခြင်းကြောင့် ရှေ့ဆက် တိုးတက်မှု အလားအလာက အကန့်အသတ် ရှိနေတာ ကျနော်တို့ တွေ့ရပါတယ်” ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Sigve Brekke က ၂၀၂၁ ခုနှစ် ပထမ ၃ လပတ် အတွက် (နိုင်ငံစုံဆိုင်ရာ) ဘဏ္ဍာရေးဆိုင်ရာ ရလဒ်များ ရှင်းလင်းရာတွင် ပြောကြားခဲ့သည်။
ကုမ္ပဏီ အနေဖြင့် အဆိုပါ ၃ လပတ် အတွင်း သုံးစွဲသူ ၁၈.၂ သန်းရှိသည့် မြန်မာနိုင်ငံတွင် ဆက်လက် လည်ပတ် လုပ်ကိုင်နေသည်။ သို့ သော်လည်း စစ်အစိုးရက ဆက်သွယ်ရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခြင်းက စီးပွားရေးလုပ်ငန်းကို အကောင်းဆုံး လုပ်ရန် ခက်ခဲစေသည်။ ထိုအားနည်းချက် ကြောင့် Telenor ကို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ အမျိုးမျိုးက မြန်မာနိုင်ငံမှ လုပ်ငန်းများအား ပြန်လည် အကဲဖြတ်ရန် ဖိအားပေးခဲ့သည်။
ထိုသို့ ထည့်သွင်း တွက်ချက်ခြင်း မပြုခဲ့ခြင်းက နော်ဝေအခြေစိုက် ဆက်သွယ်ရေးအုပ်စု၏ ပထမ ၃ လပတ် အတွက် ခရိုနာ ၃.၈၈ ဘီလီယံ အသားတင် အရှုံးတွင် ပါဝင်သွားခဲ့ပြီး ပြီးခဲ့သည့် နှစ်ကမူ ခရိုနာ ၆၉၈ သန်း အမြတ်ရရှိခဲ့သည်။
Telenor သည် မြန်မာနိုင်ငံတွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များထဲမှ တခု ဖြစ်သည်။ နိုင်ငံ၏ ထိပ်တန်း အခွန်ထမ်း စာရင်းတွင် Telenor က ကုန်သွယ်ခွန်ပေးဆောင်ရာ၌ ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများထဲ၌ ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။
ဘဏ္ဍာရေး အတိုင်ပင်ခံလုပ်ငန်းတခုဖြစ်သည့် Trust Venture Partners ၏ အမှုဆောင် အရာရှိချုပ် Shinsuke Goto က ထည့်မတွက်ဘဲ အဆုံးထားပြီး အရှုံးပြလိုက်သည့် ကုမ္ပဏီတခု၏ လုပ်ရပ်က ၎င်း၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းများအတွက် နမူနာ ဖြစ်လာနိုင်သည်ဟု ပြောသည်။
“မြန်မာနိုင်ငံ မှာ လုပ်ငန်းတွေကို ပုံမှန် တိုးချဲ့ လုပ်ဆောင်နေခဲ့တဲ့ Telenor က လုံးဝ အရှုံးထားလိုက်တာက တခြား ကုမ္ပဏီတွေက ဒီလမ်းကြောင်းကို လိုက်လာတာမျိုး ဖြစ်စေနိုင်ပါတယ်” ဟု Shinsuke Goto က က ခန့်မှန်းခဲ့သည်။
“အပြည့်အဝ အဆုံးခံ အရှုံးပြလိုက်တာက သူတို့ မြန်မာနိုင်ငံကို စွန့်လွှတ်လိုက်ပြီ လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကုမ္ပဏီက ဝန်ထုပ်ဝန်ပိုးကို ကိုယ်တိုင် လျှော့ချလိုက်တယ်။ ဒီမသေချာ မရေရာမှုအောက်မှာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ် လို့ အဓိပ္ပါယ်ရပါတယ်” ဟု လေ့လာသုံးသပ်သူက ပြောသည်။
နော်ဝေကုမ္ပဏီ Telenor သည် ၂၀၁၁ ခုနှစ်တွင် အရပ်သားအုပ်ချုပ်မှုသို့ ကူးပြောင်းခဲ့သော မြန်မာနိုင်ငံ၌ မိုဘိုင်း ဝန်ဆောင်မှုပေးရန်အတွက် ၂၀၁၃ ခုနှစ်တွင် လိုင်စင်ရရှိခဲ့ပြီး နောက်နှစ်တွင် လုပ်ငန်းစတင်ခဲ့သည်။ အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ပြီးလျှင် နိုင်ငံအတွင်း၌ ဒုတိယအကြီးဆုံး မိုဘိုင်းအော်ပရေတာ အဖြစ် သတ်မှတ်ခံထားရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆက်သွယ်ရေးကဏ္ဍကို တံခါးဖွင့်ပေးခြင်းက စီးပွားရေး တည်ဆောက်ရန် အစိုးရ၏ မောင်းနှင်မှု တစိတ်တပိုင်း ဖြစ်သည်။ Telenor ကဲ့သို့ လုပ်ငန်းမျိုးများ ရောက်ရှိလာခြင်းက မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး ကွန်ရက်ကို သိသိသာသာ တိုးတက်စေခဲ့သည်။
သို့သော် Telenor ၏ မေလ ၄ ရက်နေ့က ကြေငြာချက်သည် ၂၀၁၄ ခုနှစ်က ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် မြင်တွေ့ရသည့် အကောင်းမြင်မှုနှင့် များစွာ ဝေးကွာနေပြီး သန်းနှင့်ချီသော မြန်မာပြည်သူများသည် “ဒစ်ဂျစ်တယ် အနာဂတ်တခု တွင်းသို့ မယုံနိုင်လောက်စရာ ခုန်လွှားမှု တခု” ပြုလုပ်နေကြောင်း ၎င်းက ထိုစဉ်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလတွင် အာဏာကို ရယူပြီးသည်နှင့် ချက်ချင်းလိုလိုပင် စစ်အစိုးရက Facebook နှင့် Twitter အပါအဝင် ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို စတင် ကန့်သတ်ခဲ့သည်။ မတ်လ အလယ်ပိုင်းမှ စတင်၍ မိုဘိုင်း အင်တာနက် ဖြတ်တောက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ ကြိုးလိုင်းဖြင့် သွယ်တန်း သုံးစွဲရခြင်းက သာမန်အိမ်ထောင်စုများ ပြုလုပ်လေ့ မရှိသောကြောင့် မြန်မာနိုင်ငံသားအများစု အတွက် အင်တာနက် အသုံးပြုနိုင်မှု လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။
“မိုဘိုင်းအင်တာနက်ကို ကာလ ကြာရှည်စွာ ကန့်သတ်ထားခြင်းက မြန်မာပြည်သူတွေနဲ့ စီးပွားရေး အပေါ် ကြီးမားစွာ သက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကွန်ရက်ကို ဆက်ပြီးဖွင့်ထားဖို့ Telenor က အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်” ဟု Sigve Brekke ကပြောသည်။
Telenor ၏ ဘဏ္ဍာရေး အစီရင်ခံစာအရ ဒေတာကွန်ရက်ပိတ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် စာရင်းပေးသွင်းခြင်းနှင့် အသုံးပြုခြင်းမှ ရရှိသည့် ဝင်ငွေ ၁၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခြင်းသည် ဝန်ထမ်းများ၏လုံခြုံမှုမှ အစပြု၍ လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းခြင်း၊ ကွန်ရက် ကန့်သတ်ချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ်ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းခြင်းအထိ “ဒွိဟ အများအပြားနှင့်အတူ ဟန်ချက်ညီအောင် လုပ်ရသည့် အလုပ်တခု” ဟု Sigve Brekke က ပြောသည်။
“ပုံမှန်မဟုတ်ခြင်းများ၊ မသေချာ မရေရာမှုများနှင့် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ဖွယ်ရာ အခြေအနေ” ရှိသော်လည်း Telenor ကို မြန်မာနိုင်ငံတွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သူက ကတိပြုခဲ့သည်။
“ကျနော်တို့ရဲ့ လုပ်ငန်းတွေကို ကျနော်တို့ ဆက်လက် လည်ပတ်နေချိန်မှာ ကျနော်တို့က ကွဲပြားခြားနားမှု တခုကို လုပ်နေတယ်လို့ ကျနော်တို့ ယုံကြည်နေတုန်းပါပဲ။”
ကိုးကား ။ ။ Nikkei Asia
You may also like these stories:
မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ