ထိုင်းသို့ တင်ပို့နေသည့် “ပြောင်း”နှင့် ပတ်သက်၍ ပေးဆောင်ရသည့် ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်းကို ယခင်က ကိုဗစ်ကာလ ဖြစ်သဖြင့် လျော့ချပေးထားရမှာ ယခုမေလ ၁ရက်နေ့မှ စ၍ ယခင်နှုန်းထားအတိုင်း ပြန်လည်တိုးမြှင့် ကောက်ခံကြောင်း သိရသည်။
ကိုဗစ်ကာလအတွင်း လျော့ပေါ့ကောက်ခံမှု အရ ပြောင်းကုန်တင်ယာဉ်တစီးလျှင် ကျပ် ၈၅၀၀၀၀ ဝန်းကျင်မှ ယခုအခါ ကျပ် ၃သိန်းအထိ အခွန် တိုးမြှင့်သွားကြောင်း ပြောင်းကုန်သည်များက ဧရာဝတီကို ပြောသည်။
မြဝတီအခြေစိုက် ပြောင်းကုန်သည်တဦးက “အခုက အခွန်ကလည်း ပြန်လည်တိုးလိုက်တယ်။ လောင်စာဆီ (စက်သုံးဆီ) ဈေးနှုန်းကလည်း အရင်ကထက် နှစ်ဆလောက် တက်နေတော့ ကျနော်တို့ အမြတ်တွေထဲက ပြန်ပါကုန်တဲ့ အခြေအနေ ဖြစ်တာပေါ့” ဟု ဆိုသည်။
ပြည်တွင်းနိုင်ငံရေး အခြေအနေ မတည်ငြိမ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ယခုနှစ် ပြောင်းတင်ပို့မှု သည် ပြီးခဲ့သည့်နှစ်ကထက် ကျဆင်းသွားသည့် အခြေအနေရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။
ဆက်လက်၍ ၎င်းက “ ထိုင်းဘက်က ပေးတဲ့ ပြောင်းဈေးနှုန်းကလည်း ကောင်းတဲ့အခြေအနေမှာ ရှိပေမယ့် အခုက အခွန်ဆောင်လိုက်ရတဲ့အတွက် ကြိုတင်ခွန်အတွက်ကြောင့် ဈေးနှုန်းရဲ့ ၂ ရာခိုင်နှုန်း လျော့သွားတယ်” ဟု ဆိုသည်။
လတ်တလောတွင် ပြောင်း ၁ ကီလိုဂရမ်(1Kg)လျှင် ထိုင်းငွေ ၈ဘတ် (မြန်မာငွေကျပ် ၃၅၀ ကျော်) အထိ ဈေးရလျက် ရှိသော်လည်း ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် စစ်ပွဲများ ဖြစ်ပွားမည်ဆိုသည့် ကောလာဟာလများနှင့် နှစ်နိုင်ငံကြား ကိုဗစ်စည်းမျဉ်း စည်းကမ်းများကြာင့် ထိုင်းနိုင်ငံဘက်မှ ပြောင်း အဝယ်လျော့ကျလျက် ရှိကြောင်း သိရသည်။
“အခွန်ပြန်တိုးကောက်တဲ့ ကိစ္စကတော့ အခုမှ တိုးကောက်တာတော့ မဟုတ်ဘူး။ ၂ လပိုင်းကတည်းက တိုးကောက် မလို့ပေါ့။ စစ်တပ်က အာဏာသိမ်းတဲ့ ကိစ္စတွေဖြစ်တော့ ဒီလ(မေလ) မှာ ပြန်စပြီး ကောက်တာပေါ့။ ကုန်သည်တွေ ကတော့ ဆောင်ရမယ်မှန်း သိတယ်။ ဒါပေမယ့် ကြိုတင်ကြေညာတာမရှိဘဲ ဝုန်းကနဲ ချက်ချင်းကြီး ဆောင်လိုက်ရ တဲ့ သဘောတော့ ဖြစ်သွားတာပေါ့” ဟု ရန်ကုန် ဘုရင့်နောင်အခြေစိုက် ပြောင်းကုန်သည်တဦးက ဧရာဝတီကို ပြောသည်။
ယခင်နှစ်က တနေ့လျှင် ပြောင်းကားအစီးရေ ရာနှင့်ချီ အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ယင်းပမာဏ၏ ထက်ဝက်ခန့် ကားအစီးရေ ၅၀ မှ ၆၀ ဝန်းကျင်သာ အရောင်းအဝယ် လုပ်ဆောင်နိုင်လျက် ရှိသည်ဟုလည်း သိရသည်။
ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့် ပြု ထားသည်။
ယင်းသို့ ခွင့်ပြုပေးခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းတင်ပို့မှုသည် တန်ချိန် ၁ သန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည်။
You may also like these stories:
တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ