စစ်တပ်က အာဏာသိမ်းပြီး ရက် ၁၀၀ ပြည့်သည့် မေလ ၁၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် တဒေါ်လာကို ကျပ် ၁၇၀၀ ကျော်သွားသလို အခေါက်ရွှေ တကျပ်သားဈေးနှုန်းသည်လည်း ကျပ် ၁၆သိန်း ၄ သောင်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်လျက်ရှိသည်။
ယနေ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းနှင့် ပြည်တွင်းရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ၅ နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးရောက်ရှိလာသည့် ဈေးနှုန်းများဖြစ်ကြောင်း ဈေးကွက်အတွင်းရှိ အရောင်းအဝယ်သမားများက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး သီတင်းပတ်အကြာမှာပင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ထံမှ အပ်နှံထားသော အပ်ငွေများကို အလွယ်တကူထုတ်ယူ၍ မရလာခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျလာကာ အမေရိကန်ဒေါ်လာနှင့် ရွှေဝယ်စုသူ များပြားလာနေခြင်းက ဒေါ်လာနှင့် ရွှေဈေး ထိုးတက်နေရခြင်း၏ လတ်တလော အကြောင်းရင်းများ ဖြစ်သည်။
ယနေ့(မေလ ၁၁ ရက်နေ့) အမေရိကန်ဒေါ်လာ တဒေါ်လာလျှင် အဝယ်ဈေးနှုန်းသည် ကျပ် ၁၆၈၀ ဖြစ်ပြီး အရောင်းဈေးနှုန်းသည် ကျပ် ၁၇၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။
ဒေါ်လာငွေလဲနှုန်းသည် ယမန်နေ့က တဒေါ်လာ ၁၆၆၀ ကျပ်ဖြင့် ဈေးပေါက်နေရာက ထပ်မံ၍ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ယွမ်ငွေတန်ဖိုးကျဆင်းကာ တဒေါ်လာ ၁၆၅၀ ကျပ်ပေါက်ခဲ့သည့် နှုန်းကို ကျော်လာခဲ့ခြင်း ဖြစ်သည်။
“ ကျပ်ငွေအပေါ် လူတွေ မယုံကြည်တော့တာလည်း မပြောနဲ့လေ ဒီအတိုင်းရှိနေတဲ့ ကိုယ့်ပိုက်ဆံ တွေက တန်ဖိုးတဖြေးဖြေးကျနေတာ။ အခုအခြေအနေက ဒီနေ့ ငွေ ၁ သိန်းတန်ဖိုး နဲ့ နောက်နေ့ ၁ သိန်းက ဘယ်လိုမှ မတူနိုင်တော့ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာကျပ်ငွေတန်ဖိုးသည် အာဏာမသိမ်းမီက တန်ဖိုးထက် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။ စစ်တပ်က အာဏာမသိမ်းခင်ကာလ (ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ) တွင် အမေရိကန်ဒေါ်လာလဲ လှယ်နှုန်းသည် တဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်အထိ ရှိနေပြီး ယခု ၃ လကျော်အတွင်း၌ တဒေါ်လာကို ကျပ် ၃၈၀ မှ ၄၀၀ အထိ ဈေးမြင့်တက်လာနေသည်။
ပြည်တွင်းအခေါက်ရွှေဈေးကွက်၌လည်း နေ့စဉ်နှင့်အမျှ တနေ့ထုတ်လုပ်နိုင်သော အခေါက်ရွှေပမာဏ ၅ ပိဿာထက် ဝယ်လိုအားသည် နှစ်ဆခန့်အထိ မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အားလုံးကတော့ ဘဏ်က ထုတ်ပြီး လာတဲ့ ငွေတွေကြီးပဲ။ လူတွေက ကိုယ့်ငွေကို စိတ်ချချင်တဲ့ သဘောပေါ့။ ရွှေကိုင်ထားရင် စိတ်ချရတယ် ဆိုပြီးတော့ပေါ့။ ငွေနဲ့ လက်ငင်းလိုက်တာကို ဒီဘက်က ရောင်းဖို့ ရွှေမရှိတော့အောင် အထိပဲ” ဟု ဆိုသည်။
လက်ရှိပြည်တွင်းအခေါက်ရွှေဈေးနှုန်း တကျပ်သား ဈေးနှုန်းသည် ကျပ် ၁၆ သိန်း ၄ သောင်းကျော် အထိ ရှိပြီး ထိုဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးကွက်တွင် ဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်းကောင်းခဲ့သည့် ကိုဗစ်ကာလအတွင်းက ဈေးနှုန်းထက်ပင် ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရောင်းလိုအားပြတ်လပ်သည့်အထိ ရွှေဝယ်လိုအား မြင့်တက်လျက်ရှိ သလို အမေရိကန်ဒေါ်လာသည်လည်း ဈေးကွက်ဖွင့်ပြီး နာရီပိုင်းအတွင်းမှာပင် အရောင်းကိုသာ လက်ခံပြီး အဝယ်ပိတ်ရသည့်အထိ ရှိနေသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေပေးချေမှုအခက်အခဲများကြောင့် အကန့်အသတ်ဖြင့် ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီဈေးနှုန်းများသည်လည်း အာဏာသိမ်းပြီး ၃ လကျော် ကာလအတွင်း၌ ဈေးနှုန်း ၂၀ ရာခိုင်နှုန်း မြင့်တက်လျက် ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင် ဈေးနှုန်းများအရ သိရသည်။
ဖေဖော်ဝါရီလ အစပိုင်းတွင် စက်သုံးဆီဈေးနှုန်းများသည် အောက်တိန်း 92 တလီတာသည် ကျပ် ၆၅၅၊ အောက်တိန်း 95 တလီတာသည် ကျပ် ၇၆၅၊ ဒီဇယ် (၅၅၀) တလီတာသည် ကျပ် ၆၉၅ ရှိခဲ့ကာ ပရီမီယံဒီဇယ် တလီတာသည် ကျပ် ၇၀၅ သာ ရှိသည်။
ယခု မေလ ၁၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းများအရ အောက်တိန်း 92 တလီတာသည် ကျပ် ၉၇၅၊ အောက်တိန်း 95 တလီတာသည် ကျပ် ၁၀၆၀၊ ဒီဇယ်(၅၅၀) တလီတာသည် ကျပ် ၉၇၅ ရှိပြီး ပရီမီယံ ဒီဇယ် တလီတာသည် ကျပ် ၉၈၅ အထိ ယခင်ကထက်(အာဏာမသိမ်းမီ) စက်သုံးဆီ တလီတာသည် ကျပ် ၃၀၀ ကျော်အထိ ဈေးမြင့်တက်သွားလျက်ရှိသည်။
ထိုသို့ အမေရိကန်ဒေါ်လာဈေး နှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်း ဆန် ဈေးနှုန်း နှင့် မီးဖိုချောင်သုံး အခြေခံ စားသောက်ကုန်ပစ္စည်းများသည် ဝယ်လိုအားမရှိခြင်းကြောင့် ပုံမှန်ဈေးနှုန်းဝန်းကျင်သာ ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ထံမှ သိရသည်။
ပြည်တွင်းဆန်ဈေးကွက်တွင် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိခြင်းကြောင့် အကြွေးရောင်းဝယ် ခြင်းမရှိဘဲ ငွေသားလက်ငင်းပေးချေမှသာ အရောင်းအဝယ်ဖြစ်နေသည့်အတွက် ဆန်ဈေးနှုန်းများ ပုံမှန်အတိုင်းသာ ရှိနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ဧရာဝတီသို့ ပြောသည်။
“ အခုက ဆန်စက်ပိုင်ရှင်တွေကလည်း လက်ငင်းငွေပေးတဲ့ သူကိုပဲ ရောင်းနေတာ လက်ငင်းပေးဝယ်တဲ့ ကုန်သည်ကလည်း အကြွေးသမားတွေလောက် ဈေးကို ပိုမပေးဘူး။ တရုတ်နယ်စပ်ဘက်ကလည်း ဆန်အရမ်းလာမဆွဲတော့ ဈေးကွက်မှာ ပုံမှန်လိုအပ်သလောက်ပဲ အရောင်းအဝယ်ဖြစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။
အာဏာမသိမ်းခင်ကကာလက ဆန်တအိတ်ကို ကျပ် ၁၉၀၀၀ ဝန်းကျင်ရှိခဲ့သော ဆန်အမျိုးအစားသည် ယခု ကျပ် ၂ သောင်း ဝန်းကျင်သာရှိခဲ့ပြီး ကျပ် ၂ သောင်းဝန်းကျင်ရှိသော ဆန်အမျိုးအစားသည် ယခုတွင် ကျပ် ၂ သောင်း ၁ ထောင် မှ ၂သောင်း ၂ ထောင်ဝန်းကျင်အထိ ရှိကြောင်း သိရသည်။
အာလူး၊ ကြက်သွန်(ဖြူ၊ နီ) ၊ ငရုတ် အစရှိသည့် မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များသည်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့် တက်လာ သော်လည်း ဈေးကွက်တွင် ဝယ်လိုအားမရှိသည့်အတွက် ကုန်ဈေးနှုန်းများ ကျဆင်းပြီး တွက်ချေမကိုက်ဖြစ်နေ ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုချောင် သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ ဝယ်လိုအားက ကျတာကို မဟုတ်ဘူး။ လုံးဝကို မရှိတာ။ သယ်ယူပို့ဆောင်ရေး ကားခဈေးတွေသာ တက်ကုန်ဈေးတွေက ပိုတောင် ကျသွားသေးတယ် ” ဟု ဆိုသည်။
မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ကုန်ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး ၁ ပိဿာလျှင် ကျပ် ၁၀၀ မှ ကျပ် ၄၀၀ ဝန်းကျင်သာ ရှိခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ အရှုံးပေါ်သည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
ဦးခင်ဟန်က “ကျနော်တို့ ရန်ကုန်မှာ ၁၀၀ နဲ့ ရောင်းရရင် တောင်သူက အလကား ရတာတောင် ရှုံးတယ်။ အိတ်ခွံဖိုးတွေ၊ ပွဲခတွေရှိတယ်၊ ကားခတွေရှိတယ်၊ အလျော့တွက်တွေ ရှိတယ်လေ ” ဟု ပြောသည်။
ထိုသို့ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်မှု မရှိသော်လည်း ပြည်ပမှ သွင်းကုန် အများစုဖြစ်သည့် စားသုံးဆီမှာမူ ယခင်ကထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
You may also like these stories:
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို
အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ