အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးသည် ပြိုကွဲသည်အထိ ကြီးမားသည့် အန္တရာယ်အဖြစ် ၂၀၀၅ ခုနှစ်နောက်ပိုင်း မကြုံဘူးသည့် ဆင်းရဲနွမ်းပါးမှုအဆင့်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မကြာသေးမီက ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အစီရင်ခံစာက ဖေါ်ပြသည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုအတွင်း မြန်မာနိုင်ငံ ပျမ်းမျှ စီးပွားရေးတိုးတက်မှုသည် ၆ ရာခိုင်နှုန်းကျော်ရှိ သည်။ သို့သော် အာဏာသိမ်းမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် ဒဏ်ခံထားရပြီးဖြစ်သော မြန်မာ့စီးပွားရေးသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်းနှင့် ထိုပမာဏသည် အာရှတွင် အကြီးမားဆုံး စီးပွားကျုံ့သွားခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
တခါက အရှေ့တောင်အာရှတွင် တိုးတက်မှု အမြန်ဆုံးစီးပွားရေးဖြစ်သော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်မှုများ ခမ်းခြောက်ကုန်ပြီး နိုင်ငံတကာ စီမံကိန်းများ ရပ်တန့်ကာ လက်ရှိအကောင်အထည်ဖေါ်နေသော လုပ်ငန်းများကိုလည်း ရပ်ဆိုင်းလိုက်ရသည်။ ထို့ကြောင့် သန်းပေါင်းများစွာသော ပြည်သူများသည် အစားအသောက် မလုံလောက်မှုနှင့် ကြုံရပြီး ဆင်းရဲတွင်းသို့ ကျဆင်းရမည်ဖြစ်သည်။
အများပြည်သူ ယုံကြည်မှု ကျဆင်းသောကြောင့် မြန်မာကျပ်ငွေသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် ဆယ်စုနှစ်တခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားသည်။ အလုပ်ရှင်များကို ခြိမ်းခြောက်ခြင်းနှင့် စီးပွားရေးသည် ပုံမှန်အတိုင်းရှိကြောင်း ပြောဆိုခြင်းတို့အပါမဝင် စီးပွားရေးကို ပြန်လည်စတင်ရန် စစ်ကောင်စီကအားထုတ်မှုများစွာလုပ်ဆောင်သည်။ သို့သော် စစ်ကောင်စီ၏ လုပ်ရပ်များသည် ဆိုးကျိုးကိုသာဖြစ်စေပြီး ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုများကို ပိုမိုဆိုးရွားစေသည်။
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အကြာတွင် စစ်ဗိုလ်ချုပ်များသည် ဒေသတွင်းတိုးတက်မှုနှုန်း အမြန်ဆုံး စီးပွားရေးတခုကို ဆိုးရွားလှသည့် ဆင်းရဲတွင်းသို့ မည်သို့ပိုဆောင်ပြီး စီးပွားရေးပြိုကွဲလုနီးဖြစ်စေကာ ပြည်သူများကို မည်သို့ ဒုက္ခရောက်စေသည်ကို ဧရာဝတီသတင်းဌာနက လေ့လာတင်ပြလိုက်သည်။
အဓိက စီမံကိန်းကြီးများ ရပ်ဆိုင်းသွား
အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုကို စိုးရိမ်ပြီး အမေရိကန်ဒေါ်လာ ၆ ဘီလျံ (ကျပ် ၉.၄ ထရီလျှံ) ကျော်တန်သည့် စီမံကိန်းများကို ရပ်ဆိုင်းလိုက်ကြကာ စစ်ကောင်စီနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်မှုကို အခက်အခဲဖြစ်စေခဲ့သည်။
ထိုသို့ကြီးမားသော စီမံကိန်းကြီးများတွင် ထိုင်းနိုင်ငံမှ အကြီးမားဆုံး စက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းဖြစ်သော Amata Corporation က တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် စက်မှုဇုန်ကို အလားအလာရှိသော နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ရပ်ဆိုင်းလိုက်ရခြင်းပါဝင်သည်။
ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Toyota က မတည်ငြိမ်မှုများကြောင့် ရန်ကုန်မြို့စွန်မှ သီလဝါအထူးစီးပွားရေးဇုန်မှ ဒေါ်လာ ၅၂.၆ သန်းတန် မော်တော်ယာဉ်စက်ရုံ ဖွင့်လှစ်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ရသည်။
စင်္ကာပူမှ လုပ်ငန်းစုကြီးတခုဖြစ်သော Sembcorp ကလည်း ရန်ကုန်တိုင်းလှည်းကူးတွင် တည်ဆောက်မည့် စက်မှုဇုန်ကို ရပ်ဆိုင်းလိုက်ပြီး အခြေအနေတည်ငြိမ်သည်အထိ ဆက်လက် စောင့်ကြည့်ရန် ဆုံးဖြတ်ကာ ၎င်းတို့ဖေါက်သည်များ၏ တုံ့ပြန်မှုကို စောင့်ကြည့်ရန်လိုကြောင်း ပြောသည်။
စစ်ကောင်စီက ဆန္ဒပြသူများကို ဆက်လက်သတ်ဖြတ်နေသဖြင့် လူ့အခွင့်အရေး ချိုဖေါက်မှုများကို စိုးရိမ်ပြီး ပြင်သစ်နိုင်ငံ စွမ်းအင်လုပ်ငန်းကြီးဖြစ်သော EDF (Électricité de France)က ရှမ်းပြည်နယ်ရှိ ဒေါ်လာ ၁.၅ ဘီလျံကျော်တန် ရေအားလျှပ်စစ်စီမံကိန်းကို ဆိုင်းငံ့လိုက်သည်။
စီးပွားရေး ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ကျုံ့
ကိုဗစ်-၁၉ ကြောင့် လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုသည် ၁.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် ယခုနှစ်တွင် မြန်မာစီးပွားရေးသည် ၆ ရာခိုင်နှုန်းသို့ ပြန်တက်လာမည်ဟု ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်းခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်တွင်မူ မြန်မာ့စီးပွားရေးသည် ယခုဘဏ္ဍာရေးနှစ်တွင် ၁၀ ကျုံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
အမည်မခံသည့် စီးပွားရေးပညာရှင်များ၏ အစီရင်ခံစာတစောင်ကမူ မြန်မာ့စီးပွားရေးသည် ယခုဘဏ္ဍာရေးနှစ်အတွင့် ၂၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ဆိုသည်။
ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် ငွေသားပြတ်လပ်
အာဏာသိမ်းချိန်မှစတင်ပြီး ဘဏ်ခွဲများကို ပိတ်ထားသည်မှာ ၃ လကျော်လာသောကြောင့် မြန်မာ့ ဘဏ်လုပ်ငန်းသည် အလုပ်မလုပ်နိုင်တော့ဘဲ ငွေသားပြတ်လပ်မှုများဖြစ်ကာ ခက်ခဲသော မိသားစုများအတွက် လူမှုဘဝစိုပြေရေးငွေနှင့် နိုင်ငံတကာလွှဲငွေများကို အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်တော့သည်။
ကုန်စည်များ တင်သွင်းရန်နှင့် တင်ပို့ရန် လိုအပ်သော စာရွက်စာတမ်းများကို ဘဏ်များက ထုတ်မပေးနိုင်တော့သောကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးရပ်စဲသွားသည်။ ဘဏ်များမှ ငွေထုတ်မရသောကြောင့် ကုမ္ပဏီများသည် ဝန်ထမ်းများကို လစာပေးရန် ရုန်းကန်နေရသည်။
ဖေဖေါ်ဝါရီလလယ်မှစတင်ပြီး စီးပွားရေးလုပ်ငန်းများသည် ငွေသားပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ အာဏာသိမ်းပြီးနောက် ဘဏ်များပြိုလဲတော့မည်ဆိုသည့် ကောလာဟလများကြောင့် လူအများအပြားသည် အေတီအမ် ငွေထုတ်စက်များမှတဆင့် ၎င်းတို့၏ ငွေများကို အလုအယက် ထုတ်ယူကြသည်။
ဘဏ်မှငွေများကို စုပြုံထုတ်ယူမည်ကို စိုးရိမ်သောကြောင့် တသီးပုဂ္ဂလများနှင့် ကုမ္ပဏီများ ငွေထုတ်ယူခြင်းကို အစိုးရက ကန့်သတ်သည့် အမိန့်ထုတ်လိုက်သည်။ သို့သော် ထိုအမိန့်ကြောင့် ဘဏ်များတွင်ငွေမရှိဘဲ ပြိုတော့မည်ဆိုသည့် ပူပန်မှုများ ပိုဖြစ်စေခဲ့သည်။ နေ့စဉ်ထုတ်ယူနိုင်သည့် ကန့်သတ်ငွေ ၂ သိန်း သို့မဟုတ် ၃ သိန်းရရန် ပြည်သူများသည် အေတီအမ် ငွေထုတ်စက်များတွင် နေ့စဉ် တန်းစီကြရသည်။
အေတီအမ်စက်များတွင်လည်း ငွေကုန်သွားသောကြောင့် လက်ချည်းဗလာ ပြန်ရသူလည်း အများအပြား ရှိသည်။ အေတီအမ် စက်တလုံးသည် တနေ့လျှင် လူ ၃၀ မှ ၄၀ အထိကိုသာ ငွေထုတ်ပေးနိုင်သည်။ နိုင်ငံတဝှမ်း ပုဂ္ဂလိက ကဏ္ဍမှ ဝန်ထမ်းများသည် ဧပြီလအတွက် လစာငွေများကို မထုတ်ယူနိုင်သေးဘဲ ရှိနေသည်။
စစ်ကောင်စီက ဒဏ်ငွေဖြင့် အကြိမ်ကြိမ်ခြိမ်းခြောက်ပြီး အလုပ်မဆင်းသော ဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းရန် အမိန့်ပေးသောကြောင့် ပုဂ္ဂလိက ဘဏ်အများစုသည် ဧပြီလ နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်သည်။ သို့သော် ဘဏ်သို့လာသူများက ငွေထုတ်ရန်သာ လာသောကြောင့် ငွေလည်ပတ်မှု ပြဿနာက ပိုမိုဆိုးရွားလာသည်။
ယခုနှုန်းအတိုင်း ငွေများကို ထုတ်ယူနေပါက ဘဏ်လုပ်ငန်းစနစ်သည် လာမည့်နှစ်လအတွင်း ပြိုကွဲသွားနိုင်ကြောင်း ဘဏ္ဍာရေးလေ့လာသူများ ခန့်မှန်းသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်သည် ဘဏ်များအတွက် လိုအပ်သော ငွေကို ထုတ်မပေးနိုင်တော့ကြောင်း ၎င်းတို့က ပြောသည်။
“ဒါက ယုံကြည်မှုအကျပ်အတည်းဖြစ်နေတာ။ စစ်ကောင်စီအုပ်ချုပ်ရေးကို ပြည်သူတွေက မယုံကြည်ဘူး။ ဘဏ်စနစ်ကို သူတို့မယုံတာလည်း အံ့သြစရာမဟုတ်ဘူး။ ဒီမိုကရေစီအစိုးရ ပြန်လာမှပဲ ဒီအကျပ်အတည်းက သက်သာမယ်” ဟု အမည်မဖေါ်လိုသော ရန်ကုန်အခြေစိုက် သုတေသီတဦးပြောသည်။
ကျပ်ငွေ တန်ဖိုးကျဆင်း
ယုံကြည်မှုနှင့် ကုန်သွယ်မှုကျဆင်းနေသောကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး အာဏာသိမ်းပြီးနောက် ၂၀ ရာခိုင်နှုန်းတန်ဖိုးကျသွားကာ မေလ ၁၁ ရက်နေ့တွင် ဒေါ်လာနှင့်ယှဉ်လျှင် ဆယ်စုနှစ်တခုအတွင်း အနိမ့်ဆုံးသို့ ရောက်နေသည်။
ဇန်နဝါရီလက တဒေါ်လာလျှင် ၁၃၄၅ ကျပ်ရှိရာမှ အာဏာသိမ်းပြီးနောက် တဒေါ်လာလျှင် ၁၄၆၅ ကျပ်သို့ တက်သွားသညါ။ မတ်လတွင် ၁၅၅၀ ကျပ်ရှိပြီး အင်္ဂါနေ့က ၁၆၈၀ အထိတက်သည်။
ပို့ကုန် ၄၅ ရာခိုင်နှုန်းခန့် ကျဆင်းပြီး သွင်းကုန် ၆၅ ရာခိုင်နှုန်း ကျဆင်းသည်။ ကျပ်ငွေတန်ဖိုး ပြိုကျသောကြောင့် ဈေးနှုန်းများက ဆင်းရဲသားများကို ထိခိုက်စေပြီး ဆေးနှင့် လောင်စာ အပါအဝင် အဓိက ကုန်စည်များ မလုံလောက်မှုဖြစ်လာသည်။
အလုပ်အကိုင်သန်းပေါင်းများစွာ ဆုံးရှုံး
အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား ၆ သိန်းအလုပ်အကိုင်ဆုံးရှုံးကြောင်း အလုပ်သမား သမဂ္ဂ များခန့်မှန်းသည်။
အဓိက နိုင်ငံခြားကုန်အမှတ်တံဆိပ်များက အမှာစာများ ရပ်ဆိုင်းလိုက်သောကြောင့်နှင့် စက်မှုဇုန်များတွင် ဆန္ဒပြပွဲများကို ဖြိုခွဲမှုများသည် စက်ရုံများပိတ်ရသည်အထိ ဖြစ်စေပြီး အလုပ်သမားများ ဇာတိမြို့ရွာများသို့ ပြန်သွားရသောကြောင့် အထည်ချုပ်လုပ်ငန်း ရပ်တန့်သွားသည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်က အထည်အလိပ်တင်ပို့သောကြောင့် ဒေါ်လာ ၄ ဘီလျံမှ ၆ ဘီလျံအကြားဝင်ငွေရပြီး ထိုလုပ်ငန်းသည် အာဏာမသိမ်းမီက လူ ၅ သိန်းကို အလုပ်ပေးထားသော လုပ်ငန်းဖြစ်သည်။ ထိုကဏ္ဍမှ လုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းကျော်သည် ဖေဖေါ်ဝါရီလ လယ်မှစတင်ပြီး လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။
အထည်ချုပ် အလုပ်သမား ၃ သိန်း အလုပ်အကိုင် ဆုံးရှုံးကြောင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်များ ပြောကြားပြီး အီတလီမှ Benetton နှင့် ဆွီဒင်မှ လက်လီအရောင်းလုပ်ငန်း H&M က အမှာစာများကို ရပ်ဆိုင်းလိုက်သည်။
ရန်ကုန်ရှိ အဓိကကျသည့် အခြေခံအဆောက်အအုံလုပ်ငန်းများ ရပ်ဆိုင်းလိုက်သောကြောင့် ဆောက်လုပ်ရေးအလုပ်အကိုင် ၃ သိန်းမှ ၄ သိန်းအထိ ဆုံးရှုံးသွားကြောင်း ဆောက်လုပ်ရေး လုပ်သားများ သမဂ္ဂပြောသည်။
အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များလည်း ဆုံးရှုံးသည်။ အဓိကမြို့ကြီးများရှိ န်ိုင်ငံခြား ကုမ္ပဏီများမှ ဝန်ထမ်းရာပေါင်းများစွာတို့သည် အလုပ်အကိုင်များ ဆုံးရှုံးကုန်ကြသည်။
လူသန်းပေါင်းများစွာ ငတ်မွတ်နိုင်
အစားအသောက်ဈေးများတက်ပြီး ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုအလုပ်အကိုင်များ ဆုံးရှုံးသောကြောင့် နိုင်ငံသား ၃.၄ သန်းအထိ ယခုနှစ်အတွင်း အငတ်ဘေးကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သတိပေးထားသည်။
အစားအသောက်ဈေးနှုန်းများတက်ပြီး အလုပ်အကိုင်မရှိသောကြောင့် မြန်မာနိုင်ငံ၏ ရိက္ခာမဖူလှုံမှု သည် ရုတ်တရက် အကြီးအကျယ် မြင့်တက်သွားမည်ဟု WFP ကခန့်မှန်းသည်။ ကိုဗစ်-၁၉ ပူပန်မှုများသည် စီးပွားရေးပျက်စီးမှုနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုအရှိန်မြှင့်တင်ပေးသည်ဟုလည်းဆိုသည်။
ဒုက္ခများကို လျှော့ချရန်နှင့် အစားအသောက်ဖူလှုံမှု အလျှင်အမြန် ယိုယွင်းနေခြင်းကို တားဆီးရန်အတွက် တက်ညီလက်ညီ ချက်ခြင်းအရေးယူဆောင်ရွက်ရန် WFP က တောင်းဆိုသည်။ WFP ၏ အစားအသောက်စောင့်ကြည်မှု အညွှန်းကိန်းများအရ စားအုန်းဆီဈေးနှုန်းသည် ရန်ကုန် တဝိုက်တွင် ဖေဖေါ်ဝါရီလမှစတင်ပြီး ၂၀ ရာခိုင်နှုန်းဈေးတက်ပြီး ရန်ကုန်နှင့် မန္တလေးတွင် ဆန်ဈေး ၄ ရာခိုင်နှုန်းတက်သွားသည်။
ဘဏ်လုပ်ငန်း ချို့ယွင်းသွားခြင်း၊ ငွေလွှဲမှု နှေးကွေးသွားခြင်း၊ ငွေသားရနိုင်မှု အကန့်အသတ်များကြောင့် ဈေးနှုန်းများ ထပ်မံတက်မည်ဟု မျှော်လင့်ရကြောင်း WFP က ဆိုသည်။
လာမည့်နှစ် လူဦးရေထက်ဝက် ဆင်းရဲနွမ်းပါးမည်
စစ်အုပ်ချုပ်ရေးနှင့် ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ၂၀၂၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ကဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအပြီး တနှစ်အကြာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် လူမှုစီးပွားသက်ရောက်မှုများကို ပိုမိုဆိုးရွားစေကြောင်း UNDP က ဆိုသည်။ “မြေပြင်အခြေအနေသည် ယခုအတိုင်း ဆက်လက်ဆိုးရွားနေပါက ၂၀၂၂ ခုနှစ်အစတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် နှစ်ဆတိုးမည် ” ဟု UNDP ၏ ဖေဖေါ်ဝါရီလ အစီရင်ခံစာက ဆိုသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၄.၅ သန်းရှိသောကြောင့် ၂၀၂၂ ခုနှစ်တွင် လူ ၂၇ သန်း ငတ်မွတ်သွားန်ိုင်သည့် သဘောသက်ရောက်နေသည်။
အထက်ပါ အကျပ်အတည်းနှစ်ခုသည် လုပ်အားခနှင့် ဝင်ငွေ အကြီးအကျယ် ဆုံးရှုံးမှုစေပြီး အထူးသဖြင့်အသေးစားစီးပွားရေးလုပ်ငန်းများကို ထိခိုက်ကာ ပိုမိုကျယ်ပြန့်သော ပြည်သူများအတွက် အစားအစာ၊ အခြေခံဝန်ဆောင်မှုများနှင့် လူမှုရေး အစောင့်အရှောက် ရရှိနိုင်မှုတို့က အကန့်အသတ်ဖြစ်သွားမည်ဟုလည်း ဆိုသည်။
ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ခုနှစ်ကုန်က မြန်မာနိုင်ငံမှ မိသားစုများ၏ ၈၃ ရာခိုင်နှုန်းက ၎င်းတို့၏ဝင်ငွေသည် ပျှမ်းမျှအားဖြင့် ထက်ဝက်ကျဆင်းသွားကြောင်း ပြောသည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင်နေထိုင်ရသူ အရေအတွက် ၁၁ ရာခိုင်နှုန်းတိုးသွားသည်ဟု UNDP က ဆိုသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်သောအခါ အခြေအနေသည် ပိုမိုဆိုးရွားသွားပြီး နောက်ထပ် ၁၂ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း UNDP က ခန့်မှန်းသည်။
ကိုဗစ်-၁၉ နှင့် စစ်အုပ်ချုပ်ရေးကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ အထူးသဖြင့် ဝင်ငွေနည်း မိသားစုများ နေထိုင်ရာ မြို့ပြဒေသများ အမျိုးသမီးများနှင့် ကလေးများကို အထိခိုက်စေဆုံးဖြစ်မည်ဟု UNDP ကဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ 100 Days Since Myanmar’s Coup: Looming Economic Collapse, Poverty and Hunger ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ စကားများက ပြည်သူ့နားမှာ မချိုသာ
စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်
စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို